အာဏာသိမ်းစစ်ကောင်စီ ဘက်စုံကျဆင်းနေဟု လေ့လာသူတွေသုံးသပ်

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.03.29

ပြီးခဲ့တဲ့ တော်လှန်ရေးနေ့ အခမ်းအနားကို ရုရှား ဒုတိယကာကွယ်ရေးဦးစီးချုပ်အပါအဝင် နိုင်ငံ ၈ နိုင်ငံက စစ်ဘက်အရာရှိတွေတက်ရောက်ခဲ့ပါတယ်။ တနေ့တည်းမှာပဲ အဲဒီ အခမ်းအနားကို တက်ရောက်ခြင်းမရှိတဲ့ အမေရိကန်အပါအဝင် နိုင်ငံ ၁၂ ခုရဲ့ ကာကွယ်ရေးဦးစီးချုပ်တွေက ကြေညာချက်ထုတ်ပြန်ပြီး မြန်မာ့တပ်မတော်ကို ရှုတ်ချခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ပထမဆုံးကျင်းပတဲ့ တော်လှန်ရေးနေ့အခမ်းအနားကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့ပေမယ့် ထင်သလောက် မဖြစ်ခဲ့ဘူးလို့ ဝေဖန်သူတွေကပြောပါတယ်။ အခမ်းအနားတက်ရောက်တဲ့ ရုရှား ဒုကာချုပ်ကို တလေးတစားပွဲထုတ်ခဲ့တဲ့ လက်ရှိစစ်ခေါင်းဆောင်တွေဟာ တရုတ်နဲ့ အမေရိကန်နိုင်ငံတွေကို ရင်ဆိုင်ဖို့အတွက် ရုရှားအစိုးရကို အလွန်အမင်းမှီခိုနေတာ မြင်ရတယ်လို့ မြန်မာ့အရေးလေ့လာသူ ဦးမောင်မောင်မြင့် က ရှုမြင်ပါတယ်။

“ရုရှားကို သူတို့ဘယ်လောက်အားထားနေပြီဆိုတာကိုပြတယ်။ တချိန်တည်းမှာပဲ ရုရှားနိုင်ငံသတင်းဌာန ကလည်း အာဏာသိမ်းစစ်ကောင်စီနဲ့ နီးစပ်တဲ့ ဆက်ဆံရေးကို ထားမယ်လို့ ပြောသွားတယ်။ ဒါတွေကိုကြည့်ရင် ရုရှားနဲ့ စစ်ကောင်စီဟာ တော်တော်လေးနီးစပ်သွားပြီ။ ဘာကြောင့်လဲလို့ ပြန်ကြည့်ရင် ၁၉၈၈ နောက်ပိုင်း စစ်တပ်ကိုထောက်ခံလာခဲ့တဲ့တရုတ်ဟာ အခုကိစ္စမှာတော့ အရင်ကလောက် လှိုက်လှိုက်လှဲလှဲ မထောက်ခံတော့ပဲ ပထမဆုံးထုတ်တဲ့ လုံခြုံရေးကောင်စီကြေညာချက်ထဲမှာကို စစ်တပ်က အာဏာသိမ်းတာကို မလိုလားတဲ့သဘော သူတို့ပြောခဲ့တယ်။ ဖမ်းဆီးခံခေါင်းဆောင်တွေကို ပြန်လွှွတ်ပေးဖို့ သူတို့ပြောခဲ့တယ်။ အခုနောက်ပိုင်းမှာလည်း စေ့စပ်ညှိနိုင်းဖို့နဲ့ NLD နဲ့ရော စစ်တပ်နဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်လို့ ပြောခဲ့တယ်။ ခြုံကြည့်ရင် တရုတ်ကို သူတို့ သိပ်အားမရဘူး။ ဒါကြောင့် ရုရှားနဲ့ ချိန်ခွင်လျှာပြန်ညှိတဲ့ သဘောမျိုးလို့ ယူဆနိုင်တယ်။ နောက်တဖက်က ကြည့်မယ်ဆိုရင်လည်း အမေရိကန် နဲ့ အနောက်အုပ်စုဝင်နိုင်ငံတွေကို တန်ပြန်တဲ့သဘောနဲ့ ရုရှားကို နီးကပ်ပြတာလား။ ဒါလည်းတွေးစရာပါပဲ။”

တော်လှန်ရေးနေ့အခမ်းအနားကို နိုင်ငံ ၈ ခုက စစ်တပ်ကိုယ်စားလှယ်တွေတက်ရောက်ချိန်မှာပဲ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံ ၁၂ ခုရဲ့ ကာကွယ်ရေးဦးစီးချုပ်တွေက လူထုကို ကာကွယ်ရန် တာဝန်ရှိတဲ့ မြန်မာစစ်တပ်ဟာ အကြမ်းဖက် သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ ကြေညာချက်ထုတ်ပြီး ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ဦးမောင်မောင်မြင့်ရဲ့ သုံးသပ်ချက်က-

“မြန်မာနိုင်ငံမှာ ၈၈ ကရော အခုအာဏာသိမ်းပြီးချိန်မှာရော နိုင်ငံတကာကြေညာချက်တွေထုတ်ပါတယ်။ ဒါပေမယ့် အဲဒီကြေညာချက်တွေက ကုလ နဲ့ အစိုးရတွေ တခြားအဖွဲ့အစည်းတွေက ထုတ်တာဖြစ်ပေမယ့် နိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေစုပေါင်းထုတ်တာမျိုးကတော့ ကျနော် ဒီတခါပဲ ကြားဖူးပါတယ်။ နောက်တခု သတိထားမိတာကတော့ ဒီကြေညာချက်ကို အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က ဦးဆောင်ပြီး ထုတ်ပြန်လိုက်တဲ့ အချက်ပါပဲ။ ဒီလိုပြောတဲ့အတွက် ဒီနိုင်ငံတွေက မြန်မာနိုင်ငံကို စစ်ရေးအရ အရေးယူတော့မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် စာထဲမှာ မြန်မာစစ်တပ်ဟာ နိုင်ငံတကာစံနှုန်းမီတဲ့ စစ်တပ်မဟုတ်တော့ဘူး။ တိုင်းပြည်ကို မကာကွယ်ဘဲ လူထုကို အကြမ်းဖက်တဲ့စစ်တပ်ဖြစ်နေပြီဆိုတဲ့ သဘောမျိုးပါတယ်။ ဒါကြောင့် ရှေ့ဆက် ဘာဖြစ်လာမလဲ ကျနော်မသိဘူး။ ဒါပေမယ့် မြန်မာနိုင်ငံကို နိုင်ငံတကာက စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုတွေ ရှိလာမယ်ဆိုရင်တော့ သူတို့မှာ အကြမ်းဖက်စစ်တပ်ဖြစ်လို့ မြန်မာပြည်သူတွေကို ဝင်ရောက်စွက်ဖက်ရပါတယ်ဆိုတဲ့ အကြောင်းပြချက် ကောင်းတခုကိုတော့ ရရှိနေပြီဆိုတဲ့ သဘောတော့ရှိတယ်။”

ဒီအတောအတွင်းမှာပဲ မြန်မာပြည်ရဲ့ စီးပွားရေးကဏ္ဍက လုံးဝနီးပါးရပ်ဆိုင်းနေပြီဖြစ်ပြီး တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းကျဆင်းနေပြီလို့ မြန်မာ့အရေးလေ့လာသူ ရှေ့နေကြီး ဦးကြီးမြင့်ကလည်း ဝေဖန်ပါတယ်။

“ဈေးတွေက အဆမတန်တက်နေပြီ။ ချဉ်ပေါင်ရွက်တစည်း ၅ဝ တန်ကို ၂ဝဝ ပေးဝယ်ရတယ်။ လဘက်ရည်တခွက် ဒီနေ့ ၇ဝဝ ပေးသောက်ခဲ့ရတယ်။ ဘဏ်တွေကလည်း ပိတ်ထားတယ်။ အသက်ကြီးလာရင် သုံးဖို့စွဲဖို့ စုထားတဲ့ငွေလေးကလည်း ဘယ်ဘဏ်မှာမှ ထုတ်မရဘူး။ အရင်းအနှီးထုတ်ပြီးလုပ်ချင်တဲ့သူတွေကလည်း ဘဏ်ကထုတ်မရတော့ မလုပ်နိုင်ကြဘူး။ ဆိုင်တွေလည်း ပြုတ်ကုန်ပြီ၊ ပစ္စည်းတွေလည်း မဝင်တော့ဘူး။ အဲဒီတော့ တိုင်းပြည်ရဲ့ စီးပွားရေးကတော့ လုံးဝနီးပါးကို ချွတ်ခြုံကျသွားပြီ။”

တပြိုင်နက်မှာပဲ အာဏာသိမ်းတာ ၂ လရှိခဲ့ပြီဖြစ်ပေမယ့် စစ်ကောင်စီဟာ နိုင်ငံတကာရဲ့ လက်ခံ အသိအမှတ်ပြုမှုကို ခိုင်ခိုင်မာမာ မရရှိပဲ သြဇာခံတပ်ဖွဲ့တွေရဲ့ လူမဆန်သတ်ဖြတ်မှုတွေကြောင့် လူထုရဲ့ မုန်းတီးမှုနဲ့ ကုလအပါအဝင် နိုင်ငံတကာရဲ့ ဖိအားတွေကို တနေ့တခြား ပိုမိုရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-03-30 03:55

The people hate terrorist army as extremely.