နိုင်ငံဆင်းရဲပေမယ့် စစ်စရိတ်သုံးနိုင်

စမ်းစမ်းတင် (ဝါရှင်တန် ဒီစီ)
2022.05.08
နိုင်ငံဆင်းရဲပေမယ့် စစ်စရိတ်သုံးနိုင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ရန်ကုန်မြို့တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ကမ္ဘာ့စစ်ရေးအသုံးစရိတ်က ပထမဆုံးအကြိမ်အဖြစ် ၂၀၂၁ မှာ အမေရိကန်ဒေါ်လာ ၂ ထရီယံကျော်သွားပြီး မြန်မာ့စစ်ရေးအသုံးစရိတ်က ၂၀၂၁ နှစ်ကုန်ပိုင်းမှာ အမေရိကန် ဒေါ်လာ သန်း ၃၁၀၀ ရှိမယ်လို့ ခန့်မှန်းရပါတယ်။

ကမ္ဘာ့ စစ်ရေး အသုံးစရိတ်ကို Stockholm International Peace Research Institute (SIPRI) စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနအဖွဲ့က ဧပြီ ၂၅ ရက်က ပြောကြားလိုက်တာဖြစ်ပြီး မြန်မာ့စစ်ရေးအသုံးစရိတ်ကို ၁၉၆ နိုင်ငံက အချက်အလက် တွေကို သုတေသနလုပ်နေတဲ့ Trading Economics နဲ့ တခြားအကဲခတ်တွေက ခန့်မှန်း ပါတယ်။

“အရင်တုန်းက စစ်သားတစ်ယောက်ကို စုဆောင်းရင် သိန်း ၅၀ လောက်ကျတယ်"

၂၀၂၁ မှာ အမေရိကန်ပြည်ထောင်စုဟာ စစ်စရိတ် ၈၀၁ ဘီလီယံသုံးပါတယ်။ အများစုက စစ်ရေးသုတေသနနဲ့ တီထွင်ရေးပိုင်းမှာသုံးပြီး ရုရှားက ယူကရိန်းနယ်စပ်မှာ တပ်အင်အား ဖြည့်ဖို့ ၆၅ .၉ ဘီလီယံ သုံးပါတယ်။

မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံက ကမ္ဘာမှာ ဒုတိယမြောက် စစ်စရိတ်အများဆုံးနဲ့ မနှစ်က ဒေါ်လာ ၂၉၃ ဘီဘီယံသုံးပြီး အိန္ဒိယက တတိယမြောက်အဖြစ် ၇၆.၆ ဘီလီယံသုံးပါတယ်။

၂၀၂၀ မှာ မြန်မာစစ်တပ် အသုံးစရိတ်က အမေရိကန်ဒေါ်လာ ၂၄၄၆ သန်းရှိတယ်လို့ ကမ္ဘာ့ အချက်အလက်တွေစုဆောင်းတဲ့ World Data Atlas က ဖော်ပြထားပြီး စစ်အာဏာ သိမ်းပြီးတဲ့နောက် စစ်မျက်နှာတွေပိုများလာတာနဲ့အမျှ စစ်အသုံးစရိတ်လည်း ပိုများပါတယ်။

အထူးသဖြင့် မြေပြင်ထိုးစစ်သာမက လေကြောင်းကပါတိုက်ခိုက်တဲ့အတွက် စရိတ်စက ပိုများပါတယ်။ ဒီလိုလေကြောင်းက တိုက်ခိုက်တာနဲ့ ပတ်သက်လို့ နိုင်ငံရေး လေ့လာ သုံးသပ်သူ စိုင်းထွန်းအောင်လွင်က

“တဘက်မှာ စစ်တပ်က ကြည်းတို့ဘာတို့ အားနည်းတယ်ဆိုပေမယ့် သူ့မှာ firepower က လျော့သွားတာ မဟုတ်ဘူး၊ အရင်တုန်းက ဥပမာ မ-ဆ-လ လက်ထက်တို့ ဘာတို့ ရှစ်လေးလုံးရှေ့ပိုင်းတုန်းကတော့ တိုင်းရင်းသား လက်နက်ကိုင်နယ်တို့၊ သူတို့ ထိန်းချုပ် နယ်တို့၊ လွှမ်းမိုးနယ်တို့၊ လုပ်စားနယ်တို့က ကျယ်ပေမယ့် စစ်တပ်ရဲ့လေကြောင်း တိုက်ခိုက်နိုင်စွမ်းတို့၊ အမြောက်တပ်တွေ ပစ်နိုင်စွမ်းက ဒီလောက်မမြင့်ဘူးပေါ့ဗျာ၊ ခု တပ်တစ်တပ် အတိုက်ခံရပြီဆိုရင် ၂ နာရီလောက်အတွင်း တခြားဟယ်ရီကော့ပတာတွေ ဘာတွေလာနိုင်တဲ့စနစ် တည်ဆောက်ထားနိုင်တာတွေ၊ လေကြောင်းရန်ကာကွယ် စနစ်တွေ ထားလာနိုင်တယ်”

ဒီလို လေကြောင်းကတိုက်ခိုက်တာတွေနဲ့ တပ်ပြောင်းတပ်ရွှေ့တွေအတွက် စရိတ်စက အကုန်အကျရှိတာကိုလည်း ဂျာမနီနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာ့အရေးလေ့လာသူ ကို Nickey Diamond က ထောက်ပြပါတယ်။

“တပ် အရွှေ့အပြောင်းတွေအတွက် လောင်စာတွေ သုံးရမယ်။ ရဟတ်ယာဉ်တွေ လေယာဉ်တွေ၊ နောက်တစ်ခုက စစ်တိုက်ပြီဆိုရင် ထောက်ပို့က အရေးကြီးတယ်။ ရိက္ခာဝယ်တာတွေ၊ အဲဒါတွေအတွက် သုံးရတဲ့ ငွေရေးကြေးရေးတွေ“

မြန်မာစစ်တပ်မှာ လူအင်အား ၄ သိန်းခွဲကျော်ရှိတယ်လို့ နိုင်ငံတကာက စစ်တပ်အင်အားကို သုတေသနလုပ်နေတဲ့ Global Firepower က ဖော်ပြပါတယ်။ မြန်မာလူငယ်တွေဟာ အရင်ကလို စစ်ထဲမဝင်တော့ဘဲ ထိုင်းလို မလေးရှားလို နိုင်ငံတွေမှာ သွားရောက်လုပ်ကိုင် ကြတဲ့အတွက် လေ့လာသူတွေကတော့ အဲဒီလောက်မရှိနိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ ဒိအတွက် မြန်မာစစ်တပ်ဟာ စစ်သားသစ်စုဆောင်းဖို့ စရိတ်ထောင်းနေတာကို ကို Nickey Diamond ကပဲ

“အရင်တုန်းက စစ်သားတစ်ယောက်ကို စုဆောင်းရင် သိန်း ၅၀ လောက်ကျတယ်။ စုဆောင်းတဲ့ပုံစံ သုံးမျိုးကို လေ့လာတွေ့ရှိတယ်။ တစ်မျိုးက ဆွေမျိုးသားချင်းထဲက ခေါ်တာရှိတယ်။ ကိုယ့်သားသမီးထဲက ခေါ်တာရှိတယ်။ နောက်.. ကိုယ့် Network ထဲက ခေါ်တာ။ ဆွေမျိုးသားချင်းထဲက မဟုတ်ဘဲ သိတဲ့လူကိုခေါ်တာ၊ အဲဒီလို စုဆောင်းပေး တဲ့အခါ စုဆောင်းပေးတဲ့ လူကို သိန်း ၅၀ ချီးမြှင့်တယ်။ အရင်တုန်းကပေါ့။ ခုမဟုတ်ဘူး။ ခုအနည်းဆုံး သိန်းတစ်ရာလောက် ပေးတယ်လို့ကြားတယ်။ confirm တော့မဖြစ် ပေမယ့် ဖြစ်နိုင်ခြေရှိတယ်။ ဘာကြောင့်ဆို တစ်နှစ်ကို တစ်သောင်းခွဲလောက် စုဆောင်းတယ်။ အရာရှိ မဟုတ်ဘူး၊ အောက်ခြေ စစ်သား။ ကျွန်တော် သိသလောက် ခုအာဏာသိမ်းပြီးတဲ့နောက် စစ်သားသစ်စုဆောင်းဖို့ ခက်ခဲလာလို့ ဈေးပိုပေးတယ်“

myitkyina-army.jpg
စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား မြစ်ကြီးနားမြို့တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

စစ်သားသစ်မစုဆောင်းနိုင်ပေမယ့် ခေတ်မီစစ်တပ်ဖြစ်အောင် ငွေတွေပုံအောသုံးနိုင်တဲ့ အတွက် လက်နက်အင်အား တောင့်နေပါတယ်။ ပစ်ခတ်နိုင်စွမ်းရည်၊ ပိုင်ဆိုင်တဲ့လက် နက်စွမ်းရည်နဲ့ လူ့စွမ်းရည်ကို အခြေခံပြီး firepower ကိုတွက်ချက်တဲ့အထဲ လူအင်အား မပြည့်ဘဲ လက်နက်စွမ်းရည်နဲ့ တိုက်ခိုက်တယ်လို့ စိုင်းထွန်းအောင်လွင်က သုံးသပ်ပါတယ်။

“အတိုက်ခံရပြီဆိုရင်။ အဲဒီတပ်စခန်းက အဲဒီတပ်ရင်းက လူအင်အားအရ ဖွဲ့စည်းပုံအရ ပြည့်ချင်မှ ပြည့်မယ်။ ဒါပေမဲ့ အမြောက်တပ်နဲ့ ထိန်းထားတာတို့၊ သူ့မှာ firepower ခေါ်တာပေါ့နော်၊ လက်နက်ခဲယမ်းတွေ အတန်အသင့်ရှိနေတာတို့နဲ့ ခံပစ်လိုက်ရင် ၂ နာရီ ၃ နာရီအတွင်း အနီးဆုံးလေတပ်စခန်းကနေ ဟယ်ရီကော့ပတာတို့၊ လေယာဉ်တို့ လာတဲ့ စနစ်ကတော့ အတော်များများတည်ဆောက်လို့ ပြီးသွားတာပေါ့”

Global Firepower ဇယားမှာ ကမ္ဘာ့အဆင်းရဲနိုင်ငံစာရင်းဝင် မြန်မာနိုင်ငံရဲ့ စစ်အသုံးစရိတ် က ၁၄၂ နိုင်ငံအနက် ၆၂ နိုင်ငံမြောက်မှာရှိပါတယ်။

နိုင်ငံကသာ ဆင်းရဲပြီး ကိုယ့်လူမျိုး ကိုယ့်တိုင်းရင်းသားအချင်းချင်း သွေးစွန်းရ၊ သေကြေရ၊ ပျက်စီးရ၊ မုန်းတီးရတဲ့ စစ်အတွက် သယံဇာတတွေထုတ်ရောင်းပြီး စစ်အသုံးစရိတ်လုပ်နေ တယ်လို့လည်း အကဲခတ်တွေက သုံးသပ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။