စစ်ကောင်စီကို တပ်မတော်သားမိသားစုတွေ ဆန့်ကျင်မှုရှိလာ

2021.12.03
စစ်ကောင်စီကို တပ်မတော်သားမိသားစုတွေ ဆန့်ကျင်မှုရှိလာ ရန်ကုန်မြို့ ဗဟိုဘဏ်အဆောက်အအုံရှေ့မှာရပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ၂၀၂၁ ဖေဖော်ဝါရီ ၁၅ ရက်နေ့က တွေ့ရစဥ်
AFP Photo

အစကတည်းက စစ်အာဏာသိမ်းတာကို မနှစ်သက်မှု၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မကွေး၊ စစ်ကိုင်း စတဲ့ နေရာတွေမှာ ကာလကြာရှည်တာဝန်ထမ်းရပြီး ထိခိုက်သေဆုံးများလာမှု၊ အပြစ်မဲ့အရပ်သားတွေအပေါ် ဖိနှိပ်သတ်ဖြတ်မှုတွေကြောင့် အခု စစ်အာဏာသိမ်း ၁၀ လအကြာမှာ တပ်မိသားစုဝင်တွေကိုယ်တိုင် စစ်ကောင်စီကို ဆန့်ကျင်ပြောဆိုလာကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တပ်မိသားစုဝင်တွေက ပြောပါတယ်။

နိုဝင်ဘာလ ၂၇ ရက်နေ့က အွန်လိုင်းပေါ်မှာ ပြည်သူ့ဘက်တော်သား တပ်မတော်ချစ်မြတ်နိုးသူများကွန်ရက် ဆိုတဲ့ လှုပ်ရှားမှုတစ်ခုပေါ်လာပြီး  မျက်နှာတွေကို ဖုံးကွယ်ထားတဲ့ တပ်မိသားစုဝင်တွေက “အာဏာရှင်ရဲ့ လက်ကိုင်တုတ်ဖြစ်ဖို့ ကျမယောကျာ်း စစ်ထဲဝင်ခဲ့တာ မဟုတ်ဘူး၊ တိုင်းပြည်ကိုကာကွယ်ဖို့ တပ်မတော် လိုအပ်တယ်။ ဒါပေမဲ့ အာဏာရှင်မပါဘူး၊ ဖေဖေ စစ်သားကြီးကို ပြည်သူတွေ မမုန်းစေချင်ဘူး” စတဲ့ ကတ်ထူဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး သူတို့ရဲ့ဆန္ဒတွေကို ထုတ်ဖော်ပြသခဲ့ကြပါတယ်။

စစ်ခေါင်းဆောင်တွေ အာဏာတည်မြဲရေးအတွက် အောက်ခြေစစ်သားတွေက ပြည်သူကိုသတ်နေရသလို ဖြစ်တာကြောင့် ဒီလိုလှုပ်ရှားမှုတွေပေါ်လာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်ထဲကနေ (CDM) လုပ်လာတဲ့ တပ်ကြပ်ကြီးတစ်ယောက်ရဲ့ဇနီးဖြစ်သူက ပြောပါတယ်။

ကျမတို့ကလေ ပြောမယ်ဆိုရင် မကျေနပ်တာတွေကို နှစ်ပေါင်းများစွာ ရင်ထဲမှာ သိမ်းထားရတာတွေက များနေပြီ။ ပြီးတော့လည်း စစ်ခေါင်းဆောင်တွေရဲ့လုပ်ရပ်က ကိုယ့်ရဲ့မိသားစုကို အချိန်မရွေး ပြိုကွဲပျက်စီး သွားနိုင်တယ်။ ပြီးတော့ ကျမတို့ကလေးတွေရဲ့စိတ်မှာလည်း သူတို့အဖေက ပြည်သူတွေက သတ်ချင်လာ အောင် မုန်းနေတဲ့စိတ်ဖြစ်ပြီးတော့မှ ကလေးတွေရဲ့စိတ်မှာ ဒဏ်ရာရရတယ်။ ပြီးတော့ ဒီဖြစ်စဉ်တွေက ပြည်သူကို ကာကွယ်နေတာမဟုတ်ဘဲနဲ့ ပြည်သူကိုသတ်နေတာ ဖြစ်တယ်လေ။ အဲဒါကြောင့် ဒီထက်ပိုပြီး တော့တောင်မှ အများကြီးဆန့်ကျင်သင့်သေးတယ်

လက်ရှိတပ်ထဲမှာ စစ်သည်မိသားစုတွေဟာ အထက်အရာရှိအဆင့်ဆင့်ရဲ့ ပုံစံမျိုးစုံနဲ့ ခြိမ်းခြောက်တာကို ခံနေရပြီး ရဲမေတွေအားလုံးနီးပါးဟာ တပ်ထဲကနေ ရုန်းမထွက်နိုင်တဲ့ ကိုယ့်ခင်ပွန်းမျက်နှာကြောင့် သည်းခံနေ ကြရတာလို့လည်း  သူက ဆိုပါတယ်။

စစ်တပ်အရာရှိတွေကိုယ်တိုင် သူတို့နဲ့ထိုက်တန်တဲ့နေရာမှာ မနေရဘဲ မြေပြင်လုံခြုံရေးဆင်းနေရတာကြောင့် စောဒကတက်မှုတွေရှိနေတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တပ်မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

အစကတည်းက စစ်အာဏာသိမ်းမှုကို မနှစ်သက်တဲ့ တပ်တွင်းမိသားစုတွေက အခုချိန်မှာ တပ်ဆန့်ကျင်ရေး အွန်လိုင်းလှုပ်ရှားမှုမျိုးကို စတင်လာတာလို့ (CDM) မှာ အစောဆုံးပါဝင်ခဲ့တဲ့ စစ်တက္ကသိုလ်အပတ်စဉ် ၅၄ ဆင်း ဗိုလ်ကြီး လင်းထက်အောင် က သုံးသပ်ပါတယ်။

ဘာကြောင့် လက်မခံတာလဲဆိုရင်တော့ အာဏာရှင် စစ်ခေါင်းဆောင်တွေရဲ့ ပြည်သူအပေါ်  ပြုမူတာ တွေ၊ နောက်ပြီးတော့ တစ်နိုင်ငံလုံးအပေါ်မှာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်တာတွေ၊ တရားမမျှတတဲ့ လုပ်ရပ်တွေ ဒါတွေကြောင့် လက်မခံတော့သလို သူတို့ ဒီအာဏာရှင်တွေရဲ့ တပ်တွင်းအုပ်ချုပ်မှုစနစ်တွေ အမိန့်ပေးမှုစနစ်တွေက ဘယ်လိုမှ တရားမျှတမှုတွေ မရှိတော့ဘူး။ ဒီလိုအရာတွေက တပ်တွင်းကသူတွေ ကို အရင်ကထက်ပိုပြီးတော့ ဖိနှိပ်ချုပ်ချယ်လာတယ်။ မတရားမမျှတတဲ့ အမိန့်တွေပေးတယ်။ အတင်း အကျပ်စေခိုင်းတာတွေက အာဏာသိမ်းမှုတစ်ခုကို လက်မခံကြတဲ့ အကြောင်းရင်းတွေဖြစ်မယ်လို့ မြင်ပါတယ်ဗျ

အခုဆိုရင် စစ်တပ်ရဲ့လုပ်ရပ်တွေကို မကြိုက်လို့ CDM လုပ်လာတဲ့ ရဲတပ်ဖွဲ့ဝင် ခြောက်ထောင်နဲ့ စစ်သား နှစ်ထောင်  စုစုပေါင်း ရှစ်ထောင်ခန့် ရှိလာပြီလို့လည်း ဗိုလ်ကြီး လင်းထက်အောင်က ဆိုပါတယ်။

တပ်ထဲကနေ CDM လုပ်လာတဲ့ ဗိုလ်ကြီး ညီသုတ ကလည်း လက်ရှိစစ်တပ်ထဲမှာ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းတာဟာ မတရားဘူးဆိုတာကို လက်ခံထားတဲ့ တပ်မတော်သားအရေအတွက် ၈၅ ရာခိုင်နှုန်းအထက်မှာရှိတယ်လို့ RFA ကို ပြောပါတယ်။

ဒီလိုပြောခြင်းကတော့ အကုန်လုံးက စစ်တပ်ကို ဆန့်ကျင်မယ်ဆိုတဲ့ သဘောတော့ မဟုတ်ဘူး။ သူတို့ကိုယ်တိုင်သိတယ်။ ဒါပေမဲ့ သူတို့ဟာ ရုန်းထွက်ဖို့အတွက် သူတို့ကိုယ်တိုင်မှာ အင်အားမရှိဘူး။ တချို့ကလည်းကြောက်တယ်။ ဘဝပျက်သွားမှာကြောက်တယ်။ အဲဒီတော့ ပိုနေမြဲကျားနေမြဲ ဆက် ပြီးတော့ နေကြတယ်ပေါ့ဗျာ။ ဒါဟာမဖြစ်သင့်ဘူး။ ကိုယ့်ရဲ့ အသိစိတ်ထဲမှာ ဒါဟာမှားနေတယ်လို့သိရင် မှန်တဲ့လမ်းကို လျှောက်ဖို့အတွက် ကျနော်တို့ ရဲရဲဝံ့ဝံ့နဲ့ သတ္တိရှိရှိနဲ့ ရွေးချယ်ဆုံးဖြတ်သင့်တယ်လို့ ကျနော်ကတော့ တိုက်တွန်းလိုပါတယ်

သူကိုယ်တိုင်လည်း ပြည်သူတွေကို စောင့်ရှောက်မယ်ဆိုတဲ့စိတ်မျိုးနဲ့ တပ်ထဲဝင်ခဲ့ပေမဲ့ လက်တွေ့ဖြစ် မလာတဲ့အခါ အတော်စိတ်ပျက်ခဲ့ရတယ်လို့လည်း ဗိုလ်ကြီး ညီသုတ က ဆိုပါတယ်။

"စစ်ခေါင်းဆောင်တွေရဲ့လုပ်ရပ်က ကိုယ့်ရဲ့မိသားစုကို အချိန်မရွေး ပြိုကွဲပျက်စီးသွားနိုင်တယ်"

စစ်ပြေပြင်မှာ PDF တွေရဲ့ မိုင်းထောင်ဖောက်ခွဲမှုနဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေကြောင့် သေဆုံးထိခိုက် များလာတာကလည်း တပ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပေါ်လာရတဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်တယ်လို့ တပ်မိသားစုဝင်တွေက ပြောကြပါတယ်။

အခုချိန် ရှေ့တန်းစစ်မြေပြင်မှာ အသက်ပေးကြရတာဟာ တိုင်းပြည်အတွက်မဟုတ်ဘဲ လူတစ်စုတစ်ဖွဲ့ အာဏာတည်မြဲရေးအတွက်ဖြစ်နေတာကြောင့် မထိုက်တန်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိတစ်ဦးရဲ့ အစ်မဖြစ်သူက RFA ကို ပြောပါတယ်။

"ဘယ်အတွက်ကို တိုက်နေတာလဲ။ ဘယ်သူ့အတွက် တိုက်နေတာလဲ။ သေသွားရတယ်ဆိုလည်း ပြည်သူ က ပြည်သူကိုသတ်လို့ သေသွားရတာ၊ ဒါဘယ်လိုထိုက်တန်မှာလဲ။ အခုတိုက်ပွဲကလည်း ကိုယ့်နိုင်ငံကိုယ့် မြေကို ကျူးကျော်လာလို့ သွားတိုက်ရတယ်ဆိုရင်တော့တစ်မျိုးပေါ့။ အဲလိုမဟုတ်ဘဲနဲ့ ထိုက်တန်တဲ့ သေခြင်း မဟုတ်ဘူး"

အခုဆိုရင် စစ်တပ်ရဲ့  ၅၀ ရာခိုင်နှုန်းနီးပါးခန့် စစ်တပ်နဲ့ စစ်ကောင်စီအကြီးအကဲရဲ့ လုပ်ဆောင်ချက်တွေကို မကြိုက်ကြတော့ဘူးလို့လည်း သူက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန့်ကျင်တိုက်ခိုက်မှုတွေအကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ထောင်ကျော် အသက်ဆုံးခဲ့ရကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာတချို့မှာ ဝန်ခံ ပြောဆိုထားပါတယ်။

အခုလက်ရှိ တပ်တွင်းမှာ တဖြည်းဖြည်းနဲ့ စစ်တပ်ကိုပုန်ကန်ပြီး CDM လုပ်သူများလာတာကြောင့် တပ် ခြံစည်းရိုး အသစ်ကာတာ၊ စစ်တပ်ဝင်းအတွင်းကနေ မိသားစုဝင်တွေကို အပြင်ထွက်ဖို့ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

တပ်တွင်းစည်းရုံးရေးအတွက် တစ်လတစ်ကြိမ် တွေ့ဆုံပွဲတွေလုပ်နေရပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD မကောင်းကြောင်း စစ်တပ်အရာရှိတွေက ဟောပြောစည်းရုံးနေတယ်လို့လည်း သူတို့က ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ တပ်မတော်သား မိသားစု ဝင်တွေကိုယ်တိုင် စစ်တပ်ကို လက်မခံတော့ဘူးဆိုတာဟာ ဝါဒဖြန့်သက်သက်သာ ဖြစ်တယ်လို့ ငြင်းဆို ပါတယ်။

အရင်တုန်းကတော့ ကျနော်တို့နဲ့ ဝါဒရေးရာရော ပြိုင်ဘက်ဖြစ်တဲ့ ဗကပအနေနဲ့လည်း ဒီလိုနည်းလမ်း တွေနဲ့ ကျင့်သုံးလာတာပါပဲ။ သူတို့ အသံလွှင့်ဌာနကနေပြီးမှ တပ်တွင်းမှာ ဘယ်လိုပြိုကွဲနေပြီတို့ ဘယ်သူ ကတော့ ကွန်မြူနစ်လမ်းစဉ်ကို ရောက်ရှိပြီးတော့ကျ ကွန်မြူနစ်လမ်းစဉ်အတိုင်း ဒီလိုမျိုးဟောပြောချက် တွေလည်း အမြဲတမ်းလုပ်နေတာပါပဲ။ ကျနော် ပြောချင်တာကတော့ တပ်မတော်အတွင်းမှာတော့ ကျနော်တို့အနေနဲ့ တပ်တွင်း မိသားစုတွေ တပ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်များအနေနဲ့ စည်းလုံးညီညွတ်စွာရှိတယ်လို့ပဲ ကျနော်ပြောချင်ပါတယ်

လူပြောများနေတဲ့ တပ်တွင်းအွန်လိုင်းလှုပ်ရှားမှုဆိုတာလည်း တပ်ပြေးတချို့ရဲ့ လုပ်ဆောင်ချက်သာဖြစ်ပြီး အခု နိုင်ငံရေးအခြေအနေအရ လူကြားကောင်းအောင် CDM ခေါင်းစဉ် တပ်ကြတာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောပါတယ်။

(ရန်ကုန်မှာ ၂၀၂၁ ဖေဖော်ဝါရီ ၆ ရက်နေ့က အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြသူတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပန်းပေးခဲ့စဥ်) AFP Photo
(ရန်ကုန်မှာ ၂၀၂၁ ဖေဖော်ဝါရီ ၆ ရက်နေ့က အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြသူတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပန်းပေးခဲ့စဥ်) AFP Photo

စစ်တပ်ဆိုတာက သီးသန့်ကွဲနေတာမဟုတ်ဘဲ လူ့အသိုင်းအဝိုင်းထဲမှာပဲ ပြည်သူနဲ့အတူရှိနေတဲ့အတွက် စစ်တပ်ရဲ့ ပြည်သူ့အပေါ် လက်ရှိလုပ်ရပ်တွေက တပ်တွင်းမိသားစုတွေကိုပါ ပြန်ကူးစက်၊ ပြန်ရိုက်ခတ်မှုတွေ ရှိလာစေတယ်လို့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့က ဒါရိုက်တာ ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

စစ်တပ်ဆိုတာက သပ်သပ်ပေါ့ဗျာ သီးသန့်ကွဲနေတာ မဟုတ်ဘူး။ ဒီလူမှုအသိုင်းအဝိုင်းထဲမှာပဲ အတူတူ နေတဲ့အခါကျတော့ ကျနော်တို့ Social Pressure ပေါ့၊ လူမှုဖိအားတွေရှိတယ်။ အရှက်ရတာတွေရှိတယ်။ နောက်တစ်ခါကျတော့ ဘယ်သူမှ ကိုယ့်ရဲ့ပြည်သူကို ပြန်ပြီးတော့ မပစ်သတ်ချင်ကြဘူး။ ဆိုတော့ အဲလို အနေအထားမှာတော့ တချို့မိသားစုတွေက ခံစားချက်တွေ ဖြစ်ကြတယ်ပေါ့ဗျာ။ အဲဒီတော့ CDM လုပ် တယ်။ အတိုက်အခံဘက်နဲ့ ပူးပေါင်းတယ်။ ဒါမျိုးလည်း ရှိနိုင်တာပေါ့

အတိတ်သမိုင်းကြောင်းအရ မြန်မာစစ်တပ်မှာ အကောင်းအဆိုး သမိုင်းနှစ်မျိုးလုံး ရှိခဲ့တာကြောင့် လက်ရှိ စစ်တပ်ကို အင်စတီကျုရှင်းတစ်ခုအဖြစ် လက်ခံလို့ရပေမဲ့ အစိုးရတက်လုပ်တာမျိုးကိုတော့ လက်ခံလို့ မရဘူးလို့လည်း ဦးအောင်သူငြိမ်းက မှတ်ချက်ပေး ပြောဆိုသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။