ရှမ်း-ကယားနယ်စပ်ကို ထိန်းချုပ်ဖို့ စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်

2023.03.12
ရှမ်း-ကယားနယ်စပ်ကို ထိန်းချုပ်ဖို့ စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်မှာ ၂၀၂၀ ခုနှစ်၊ မတ်လ ၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်ဒေသတွေကို စစ်ကောင်စီက အလုံးစုံ ထိန်းချုပ်နိုင်ဖို့အတွက် စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ၁၂ ခုခွဲပြီး အပြင်းအထန် ထိုးစစ်ဆင်နေပါတယ်။ ဒါကြောင့် ကယား ပြည်နယ် ဒီးမော့မြို့နယ်၊ ရှားတောမြို့နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်းက ပင်လောင်းမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။

ဒီဒေသတွေကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လက်နက်ကိုင်တပ်ဖြစ်တဲ့ ကရင်နီတပ်မတော် (KA) နဲ့ ကရင်အမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထိန်းချုပ်ထားတာပါ။

ရှားတောမြို့နယ် သံလွင်မြစ်အရှေ့ခြမ်းက ကရင်နီတပ်မတော် (KA) ရဲ့ ထိုင်းနယ်စပ် စခန်းတစ်ခုကို မတ်လ ၁၁ ရက်မှာ စစ်ကောင်စီတပ်က တပ်ရင်းသုံးရင်းနဲ့ စခန်း သိမ်းယူနိုင်ဖို့ ကြိုးစားခဲ့တယ်လို့ KA က မတ်လ ၁၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို မတ်လ ၉ ရက်ကစလို့ စစ်ကောင်စီတပ်က အင်အား ၃၀၀ နီးပါးနဲ့ ထိုးစစ်ဆင်နေပါတယ်။

တိုက်ပွဲတွေဟာ အတော်လေး ပြင်းထန်နေတယ်လို့ KA နဲ့အတူ ပူးပေါင်းတိုက်ခိုက်နေတဲ့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက RFA ကို ပြောပါတယ်။

"ဒီးမော့ဆို အရှေ့ခြမ်းကတော့ ဒီရက်အပါအဝင်ဆို သုံးရက်လောက် ရှိနေပြီပေါ့နော်။ ဒါပေမဲ့ စကစတွေ စစ်ကြောင်း စထိုးတာက ၉ ရက်နေ့ကပေါ့လေ။ ဒါပေမဲ့ ထိတွေ့ တိုက်ပွဲကတော့ မနေ့ညနဲ့ ဒီရက်မှာ ပြင်းပြင်းထန်ထန်ပိုဖြစ်တယ်။ (လေကြောင်း တိုက်ခိုက်မှု) လုပ်နေပြီ။ မနေ့ညက တစ်ခေါက်လုပ်တယ်။ ဒီနေ့လည်း တိုက်ပွဲ ပြင်းထန်မယ်ဆိုရင်တော့ ညနေပိုင်းလုပ်ဖို့ အစီအစဉ်ရှိမယ်လို့ ယူဆတယ်ဗျ"

ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းက ဒေါသဲရွာ၊ ဒေါတမြေးရွာ၊ ဒေါညေးခူရွာ တို့အနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ဒေါတမကြီးကျေးရွာအုပ်စုက ကျေးရွာခုနစ်ရွာက ဒေသခံ ငါးထောင်လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်နီပြည်နယ် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာဆိုရင်တော့ အစကတည်းက စစ်ဘေးရှောင်တချို့ပါမယ်၊ တချို့က ရွာခံတွေပါမယ်ပေါ့။ အဲဒီဟာကို စစ်ဘေးရှောင် ငါးထောင်ဝန်းကျင်လောက် တော့ ရှောင်ပြေးနေရတယ်ပေါ့နော်။ ငါးထောင်လောက် ထပ်တိုးတဲ့ သဘောရှိတယ်ပေါ့။ ဒါပေမဲ့လည်း အခုလည်း တိုက်ပွဲက ရှိနေသေးတယ်ပေါ့။ အခုလည်း တချို့က ပိတ်မိ နေသေးတယ်၊ ဆိုတော့ ဒီအချိန်မှာ ဘာဖြစ်သွားမလဲ၊ စစ်ဘေးရှောင်က ဘယ်အထိ ရှောင်သွားရမလဲဆိုတာ ကျနော်တို့လည်း မသိသေးဘူးပေါ့"

စစ်ဘေးဒုက္ခသည်တချို့ကတော့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေအတွင်း ပိတ်မိနေတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ထဲမှာလည်း ဖေဖော်ဝါရီလကုန်ပိုင်းကစလို့ တိုက်ပွဲတွေ နေ့တိုင်း ဖြစ်နေပါတယ်။

မတ်လ ၁၁ ရက်က ပင်လောင်းမြို့နယ်၊ နမ်းနှိမ်ကျေးရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေ နေထိုင်ရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

အဲဒီ ပင်လောင်းမြို့နယ် နမ်းနှိမ်ကျေးရွာအနီးမှာ စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် ရှိတယ်လို့ ပင်လောင်းမြို့နယ်အခြေစိုက် ကြယ်တံခွန်လူမှုကူညီရေး ပရဟိတအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"အရေအတွက်ကတော့ ကျနော်လည်း မခန့်မှန်းနိုင်ဘူးဗျ။ အဲဒါကတော့ များတော့ များပါတယ်။ အရေအတွက် အသေးစိတ်လည်း ကျနော်မသိနိုင်ဘူးဗျ။ အရေအတွက် ရာဂဏန်း၊ ထောင်ဂဏန်းလောက်အထိ ရှိမှာပေါ့။ ဟုတ်တယ် ဟုတ်တယ် အဲဒီနား (နမ်းနှိမ်ကျေးရွာ) အနီးတစ်ဝိုက်တွေပေါ့နော်။ သုံးလေးရွာလောက်တော့ ရှိမှာပေါ့"

"လူ့အသတ်ကို သေဆုံးစေနိုင်တဲ့အထိ ရည်ရွယ်ချက်ရှိရှိဖြစ်စေ၊ အနာတရဖြစ်နိုင်ခြေ ရှိတဲ့ အခြေအနေအောက်တစ်ခုကို တွန်းပို့ရာရောက်တယ်ပေါ့နော်"

စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် စစ်ဘေးဒုက္ခသည်တွေ ထိခိုက်ဒဏ်ရာရမှု ရှိ၊ မရှိ မသိရသေးပါဘူး။ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ ညွှန်ကြားရေးမှူး ကိုဗညားကတော့ စစ်ဘေးဒုက္ခသည်တွေရှိတဲ့နေရာတွေကို စစ်ကြောင်းထိုးတာက လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ ဝေဖန်ပါတယ်။

"လူ့အသတ်ကို သေဆုံးစေနိုင်တဲ့အထိ ရည်ရွယ်ချက်ရှိရှိဖြစ်စေ၊ အနာတရဖြစ်နိုင်ခြေ ရှိတဲ့ အခြေအနေအောက်တစ်ခုကို တွန်းပို့ရာရောက်တယ်ပေါ့နော်။ ဒါက Humanitarian law နဲ့ ငြိစွန်းတယ်ပေါ့နော်။ ရိုးရိုးလူ့အခွင့်အရေး ရှုထောင့်ကထက် စာရင်ပေါ့။ နောက်အခြားတစ်ဘက်ကကြည့်မယ်ဆိုရင် ဒီဟာက Crime against humanity လို့ခေါ်တဲ့ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတစ်ခု ဖြစ်တာပေါ့နော်။ ဒါက စစ်ဘက်ဆိုင်ရာ ချို့ယွင်းမှုတွေ ဖြစ်ပေါ်စေတယ်။ အရပ်ဘက် ဆိုင်ရာ ထိခိုက်နာကျင်စေမှုတွေ ဖြစ်ပေါ်စေတယ်"

စစ်ကောင်စီကတော့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းကို သူတို့ရဲ့စစ်ဆင်ရေး ဆောင်ရွက်မှုနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။

ကယားပြည်နယ်တစ်ခုလုံးမှာ အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ရသူပေါင်းဟာ နှစ်သိန်း နီးပါးရှိနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ စာရင်းအရ ကယားပြည်နယ်တစ်ခုလုံးမှာ လူဦးရေ သုံးသိန်းကိုးသောင်း ကျော် (၃၉၀,၂၁၀) နေထိုင်တာဖြစ်တဲ့အတွက် အဲဒီလူဦးရေရဲ့ ထက်ဝက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။

စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာပြတ်လပ်မှု၊ ဆေးဝါးမလုံလောက်မှုတွေကို ရင်ဆိုင်ရင်း ကယားပြည်နယ် အနှံ့အပြား အပါအဝင် ထိုင်း-မြန်မာနယ်စပ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ဒေသတွေမှာ ခိုလှုံနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။