ရုရှားကို အလုပ်သမားစေလွှတ်ဖို့ စစ်ကောင်စီ ပြင်ဆင်နေ
2024.12.05
ရုရှားနိုင်ငံကို မြန်မာပြည်က အလုပ်သမားတွေစေလွှတ်ဖို့ စစ်ကောင်စီ ပြင်ဆင်နေပါတယ်။
ဒါကြောင့် RFA က လေ့လာစုံစမ်းကြည့်တဲ့အခါ လာမဲ့ ၂၀၂၅ မှာ ပထမဆုံး အသုတ်အနေနဲ့ လွှတ်နိုင်လိမ့်မယ်လို့ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးချားလ်မျိုးသန့်က ပြောပါတယ်။
“ရုရှားကတော့ ဟုတ်တယ်၊ မှန်တယ်။ ဒါပေမဲ့ အခုချိန်အထိ ဘယ်သူမှတော့ မထွက်သေးဘူး။ ဟိုဘက် ဒီဘက်ကိုတော့ ရုရှား-မြန်မာ အစိုးရချင်း နှစ်နိုင်ငံ သဘောတူစာချုပ် (MOU) ထိုးဖို့ လုပ်ထားတယ်။ ဒါပေမဲ့ MOU ထိုးဖို့အတွက် ပြင်တာဆင်တာတွေက မပြီးသေးဘူး။ ရုရှားဘက်ကနေ အလုပ်ကမ်းလှမ်းစာ (Demand Letter) နဲ့ ခေါ်တာပါ။ သွားရမယ်ဆို ပထမဆုံးအသုတ်ဖြစ်မယ်။ ၂၀၂၅ လောက်မှ ဖြစ်ပါလိမ့်မယ်”
မြန်မာပြည်က သွားမဲ့သူတွေက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေးနဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ရမှာဖြစ်တဲ့အတွက် ရုရှား ဘာသာစကား တတ်ဖို့လည်း လိုအပ်နေပါတယ်။ ဒါကြောင့် သင်တန်းတက်ထားတဲ့ အလုပ်သမားတွေကိုလွှတ်ပေးဖို့ ရုရှားဘက်က ကမ်းလှမ်းထားတယ်လို့ သူက ပြောပါတယ်။
“တရုတ်နိုင်ငံကို သွားတဲ့သူတွေထက် ရုရှားသွားမဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေး ပိုချိုးဖောက်ခံရနိုင်ပါတယ်”
မြန်မာနိုင်ငံမှာ ပြည်ပ အလုပ်အကိုင်အေဂျင်စီ ၅၉၁ ဖွဲ့ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနရဲ့ အောက်တိုဘာလ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီအထဲမှာ ရုရှားနိုင်ငံကို အလုပ်သမားစေလွှတ်ဖို့ ခွင့်ပြုချက်ရတဲ့ အေဂျင်စီနှစ်ဖွဲ့လောက်ပဲ ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ အလုပ်သမားဒုဝန်ကြီး ဦးကျော်နီက အဲဒီနှစ်ဖွဲ့အကြောင်း RFA ကို အခုလို ပြောပါတယ်။
“စကစရဲ့ ဒုဝန်ကြီးတစ်ယောက်ရဲ့သား ကုမ္ပဏီပေါ့နော်။ အဲဒါရယ်၊ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) ထဲက အမှုဆောင်တစ်ယောက်ရဲ့ ကုမ္ပဏီနဲ့ပေါင်းပြီးတော့ ရုရှားကို အလုပ်သမားတွေစေလွှတ်ဖို့ ပြင်ဆင်နေတယ်လို့ ကြားပါတယ်”
ဒီနှစ်ထဲမှာ တရုတ်နိုင်ငံကို နှစ်နိုင်ငံ သဘောတူချက်နဲ့ လွှတ်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အလုပ်သမားတွေ အခွင့်အရေး ချိုးဖောက်ခံရလို့ စက်ရုံတွေမှာ ဆန္ဒပြတောင်းဆိုတာတွေ ရှိတဲ့အတွက် ပြန်ပို့ခံရတဲ့သူတွေလည်း ရှိခဲ့ပါတယ်။
ဒါကြောင့် တရုတ်နိုင်ငံကို သွားတဲ့သူတွေထက် ရုရှားသွားမဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေး ပိုချိုးဖောက်ခံရနိုင်တယ်လို့ မြန်မာနိုင်ငံ အလင်းသစ် အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ရဲ့ တွဲဖက်ဥက္ကဋ္ဌ ဒေါ်တင်တင်ဝေက ပြောပါတယ်။
“တရုတ်ဘက် ရောက်သွားရင် သူတို့လုပ်ချင်သလို လုပ်တယ်။ သူတို့ရဲ့ ချိုးဖောက်တာတွေကို ခံနေရတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု လုံးဝမရှိဘူး။ စစ်ဖြစ်နေတဲ့ ရုရှားလိုနိုင်ငံမှာဆိုရင် တရုတ်ထက် ပိုပြီးဆိုးဝါးသွားနိုင်တယ်။ မြန်မာပြည်က အလုပ်သမားတွေအတွက်ဆိုရင် လုံခြုံမှု အာမခံချက်နဲ့ အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေးတွေကို တာဝန်ယူမှု မရှိတဲ့နိုင်ငံတွေကို ရောက်သွားမှာ ဖြစ်တယ်။ ရုရှားနဲ့ တရုတ်ကလည်း စစ်ကောင်စီနဲ့ အလားတူပဲ၊ ပုလင်းတူဘူးဆို့ ဖြစ်တယ်”
ရုရှားနိုင်ငံကို အလုပ်သမားတွေ စေလွှတ်ဖို့ ပြင်ဆင်နေတဲ့ ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်း မရှိပါဘူး။
မြန်မာ အလုပ်သမားအများစုဟာ ထိုင်း၊ မလေးရှား၊ လာအို၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန် စတဲ့နိုင်ငံတွေကိုသွားပြီး အလုပ်လုပ်ကြတာများပြီး ရုရှားနိုင်ငံကိုတော့ သွားရမှာက ပထမဆုံးအကြိမ်လို့ ပြောရမှာပါ။
“၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကစပြီး ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့ရုရှားဟာ အလုပ်သမား ရှားပါးတာရော၊ စစ်သားလိုအပ်ချက်ပါ ရှိနေပါတယ်”
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကစပြီး ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့ရုရှားဟာ အလုပ်သမား ရှားပါးတာရော၊ စစ်သားလိုအပ်ချက်ပါ ရှိနေတယ်လို့ လတ်တလော ကမ္ဘာ့သတင်းတွေမှာ ဖော်ပြကြပါတယ်။
အခုနောက်ပိုင်းမှာ နိုင်ငံရဲ့လုပ်သားအင်အား ၄ ဒသမ ၈ သန်းခန့်အထိ လျော့သွားတယ်လို့ Russian Academy of Sciences’ Institute of Economics အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကိုကိုးကားပြီး အမေရိကန် သုတေသနအဖွဲ့ဖြစ်တဲ့ ကာနေဂျီ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ရဲ့ သြဂုတ် ၁ ရက် ထုတ် ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
ယူကရိန်းကို ကျူးကျော်စစ် မဖြစ်ခင်ကဆိုရင် တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်တို့လို အာရှအလယ်ပိုင်းနိုင်ငံတွေက အလုပ်သမားတွေဟာ ရုရှားကို ရွှေ့ပြောင်းလုပ်သားအနေနဲ့ သွားပြီး အလုပ်လုပ်ကြပါတယ်။
ယူကရိန်းနဲ့ စစ်ပွဲစကတည်းက စစ်သားစုဆောင်းတာ၊ အနောက်နိုင်ငံတွေရဲ့ စီးပွားပိတ်ဆို့ခံရတာကြောင့် ၂၀၂၁ ခုနှစ် စစ်မဖြစ်ခင်က ရွှေ့ပြောင်းလုပ်သား ငါးသိန်းရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ်မှာ ခြောက်သောင်း နှစ်ထောင်ခန့်ပဲ ရှိတော့တယ်လို့ ဆိုပါတယ်။
ဆက်နွှယ်သောသတင်းများ
အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီနဲ့ ရုရှား ဆွေးနွေး
ရုရှားနဲ့ စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မယ်လို့ စစ်ကောင်စီပြော
ရွေးကောက်ပွဲကို ရုရှား ကူညီမယ်လို့ စစ်ကောင်စီ ပြော
အဲဒီအပြင် အလုပ်သမားတွေ ဥပဒေချိုးဖောက်တယ်လို့ ဆုံးဖြတ်တဲ့အခါ နှိပ်စက်ညှင်းပန်းခံရတာရှိ သလို၊ စစ်ထဲလိုက်မလား၊ ပြန်ပို့ခံမလားဆိုတဲ့လမ်းကို ရွေးချယ်ခိုင်းတယ်လို့ ကာနေးဂျီ ဆောင်းပါးက ဆိုပါတယ်။ ဒီအခြေအနေကြောင့် အာရှအလယ်ပိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေဟာ ရုရှားကိုမသွားတော့ဘဲ ဥရောပနိုင်ငံတွေကိုသွားတာ ပိုများလာနေပြီလို့လည်း ဆိုပါတယ်။
ဒါကြောင့် ရုရှားကို အလုပ်လုပ်ဖို့ မသွားသင့်ဘူးလို့ NUG အလုပ်သမားဒုဝန်ကြီး ဦးကျော်နီက တိုက်တွန်းပါတယ်။
“စကစ ကနေပြီးတော့ လူကုန်ကူးတာ၊ လူကျွန်ပြုတာတွေ လုပ်နေတယ်လို့ မြင်ပါတယ်။ သူတို့အတွက်က အလုပ်သမားတွေဆီက ငွေဖြတ်တောက်ဖို့ ဒါကိုပဲ သူတို့လိုချင်တယ်။ နိုင်ငံခြားငွေ ရရင်ပြီးရော ဆိုတဲ့ဟာပေါ့။ လူတွေရဲ့အသက်တွေ၊ လူတွေရဲ့ဘဝတွေကို စဉ်းစားမှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ တိုက်တွန်းချင်တာက လုံးဝမသွားဖို့”
ဒီအတောအတွင်းမှာ စစ်ကောင်စီဟာ ပြည်ပရောက် အလုပ်သမားတွေဆီက ဝင်ငွေခွန် ၂ ရာခိုင်နှုန်းရဖို့ အထူးကြပ်မတ်ဆောင်ရွက်နေသလို၊ ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်း မြန်မာပြည်ကို ပြန်လွှဲထားတဲ့ အထောက်အထားမပြနိုင်ရင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးဘူးလို့ ညွှန်ကြားထားပါတယ်။ အဲဒီအပြင် အေဂျင်စီတွေကို အရေးယူတာတွေလည်း ရှိပါတယ်။