ထိုင်းရောက် မြန်မာလူငယ်တွေကို စစ်ကောင်စီ ထပ်တိုးကန့်သတ်
2024.09.20
ထိုင်းနိုင်ငံမှာ Non-Immigrant ED Visa လို့ခေါ်တဲ့ ပညာရေးဗီဇာနဲ့ ကာလတိုသင်တန်းတွေ တက်ရောက်နေတဲ့ မြန်မာကျောင်းသားတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို စက်တင်ဘာ ၁၆ ရက်နေ့ကစလို့ သက်တမ်း တိုးမပေးတော့ဘူးလို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးက ထုတ်ပြန်ကြေညာထားပါတယ်။
ထိုင်းနိုင်ငံမှာ ကာလတိုအတွက် ပညာရေးသင်တန်းတွေ တက်ရောက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ အလွန် များပြားလာတာကြောင့် အခုလို ကန့်သတ်လိုက်တာလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီကန့်သတ်ချက်ကြောင့် ထိုင်းနိုင်ငံမှာ ပညာရေးဆိုင်ရာ ဗီဇာနဲ့ နေထိုင်တဲ့လူငယ်တွေဟာ ပညာရေးဆိုင်ရာ နိုင်ငံကူးလက်မှတ်တွေကို ယခင်ကလို ဘန်ကောက် မြန်မာသံရုံးနဲ့ ချင်းမိုင် မြန်မာကောင်စစ်ဝန်ရုံးတွေမှာ သက်တမ်းတိုးနိုင်တော့မှာမဟုတ်ဘဲ မြန်မာပြည်ကို ပြန်ပြီးသက်တမ်းတိုးရတော့မှာပါ။
“နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်မရရင် တရားမဝင် ဆက်လက်နေထိုင်တာတွေ ရှိလာနိုင်ပါတယ်”
ဒီကြေညာချက်ဟာ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ လူငယ်တွေ နိုင်ငံပြင်ပကို ထွက်ပြေးနေကြတာတွေကို တားမြစ်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေတာလို့ ထိုင်းနိုင်ငံမှာ ပညာရေးဗီဇာနဲ့ ကျောင်းတက်နေတဲ့ လူငယ်တစ်ဦးက RFA ကို ပြောပါတယ်။
“စစ်မှုထမ်းကိုရှောင်ဖို့ ထွက်သွားတဲ့လူငယ်တွေကို မဖြစ်မနေ မင်းတို့အချိန်တန်ရင်တော့ အိမ်ပြန်လာရမှာပဲဆိုတဲ့ ပုံစံမျိုးလို့ မြင်တယ်။ ပတ်စ်ပို့သက်တမ်းမရှိရင် မဖြစ်မနေကြီးကို ပြန်ပြီး သက်တမ်းတိုးရမဲ့အခြေအနေ ဖြစ်သွားတာပေါ့နော်။ အဲဒီလိုမဟုတ်ရင် ကျွန်တော်တို့တွေက တခြား ED မဟုတ်တဲ့ ဗီဇာတစ်ခုခုကို လက်ကိုင်ထားမှ ရတော့မှာပေါ့နော်။ မဟုတ်ရင် တချို့လူငယ်တွေဆိုရင်တော့ ဖြစ်ချင်ရာဖြစ်၊ မထူးပါဘူးကွာဆိုပြီး တရားမဝင် ဖြစ်သွားတဲ့အထိ ဖြစ်နိုင်တာပေါ့နော်။ အခုက နိုင်ငံထဲပြန်ပြီး သက်တမ်း တိုးဖို့ဆိုရင် ကျွန်တော်တို့ ပြန်ထွက်ရတအားခက်သွားတာကိုး”
ထိုင်းနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေ ဘွဲ့ကြို၊ ဘွဲ့လွန်အပါအဝင် ကာလရှည် ကျောင်းတက်ရောက်နေသူတွေကိုတော့ Passport for Education (PE) လို့ခေါ်တဲ့ ပညာရေးဆိုင်ရာ နိုင်ငံကူးလက်မှတ် လဲလှယ်တာတွေကို ပုံမှန်အတိုင်း ဆောင်ရွက်သွားမယ်လို့ ဘန်ကောက် မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လူငယ်တွေက မြန်မာပြည်ကိုပြန်လာရင် စစ်မှုထမ်းရနိုင်တာကြောင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်မရရင် တရားမဝင် ဆက်လက် နေထိုင်တာတွေ ရှိလာနိုင်တယ်လို့ ထိုင်းနိုင်ငံမှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသူတစ်ဦးက RFA ကို ပြောပါတယ်။
“ကာလရှည် တက်ဖို့ဆိုတာကလည်း ငွေကြေးတစ်ခု ရှိအုံးမှပေါ့နော်။ အကုန်လုံး တော်တော်များများက ဒီကာလတို တက်နေရတာ။ ကာလရှည်အတွက် လုပ်ပေးမယ် ဆိုတာကလည်း ပြီးရင် သူတို့ပြောင်းချင်လည်း ပြောင်းအုံးမှာပါပဲ။ လုပ်ပေးမယ်သာပြောတာ နောက်ပိုင်း လူငယ်တွေက ကာလရှည်ဘက်ကို ပြောင်းတာ များလာပြီဆိုရင် သူတို့ဒီလိုပဲ ပေါ်လစီအသစ်တွေထုတ်ပြီး ထပ်ပြီးတော့မပေးတော့ဘူးလို့ ထင်တယ်။ ပတ်စ်ပို့သက်တမ်း မတိုးပေးတော့ဘူးဆိုရင်တော့ ပတ်စ်ပို့ကို အသေခံပြီး တရားမဝင်နေဖို့ပဲ ရာခိုင်နှုန်း များသွားမယ်ထင်တယ်”
စစ်မှုထမ်းဥပဒေ ထွက်လာပြီးနောက် ဒီဥပဒေနဲ့ အကျုံးဝင်တဲ့လူငယ်တွေဟာ ပြည်ပနိုင်ငံတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ထွက်ခွာဖို့ ကြိုးစားနေကြတာပါ။ ဒါကိုသိနေတဲ့ စစ်ကောင်စီဘက်ကလည်း လူငယ်တွေ ပြည်ပ ထွက်ခွာတကို နည်းပေါင်းစုံနဲ့ တားဆီးနေသလို ပြည်ပကို ရောက်နေတဲ့ လူငယ်တွေကိုလည်း မြန်မာပြည်ကို ပြန်လာအောင် နည်းမျိုးစုံနဲ့ အကျပ်ကိုင်နေတာလို့ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာလူငယ်တွေက ပြောပါတယ်။
ဆက်နွှယ်သော သတင်းများ
စစ်ကောင်စီ ကန့်သတ်လိုက်တဲ့ ကျောင်းသားဗီဇာ
မြန်မာလူငယ်တွေကို ပညာရေးဗီဇာမပိတ်ဘူးလို့ ထိုင်းသံရုံးပြောပေမဲ့ အခက်အခဲများရှိနေ
ထိုင်းကို အသက်နဲ့ရင်းပြီးသွားနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ပိုများလာ
စစ်ကောင်စီရဲ့လုပ်ရပ်ဟာ စစ်မှုထမ်းဥပဒေကို ရှောင်လွှဲဖို့ လူငယ်တွေကို ပြည်ပမှာ တရားဝင် နေထိုင်နေရာကနေ တရားမဝင်ဖြစ်အောင် တွန်းပို့လိုက်ရာ ရောက်နေတယ်လို့ ထိုင်းနိုင်ငံမှာ အလုပ်သမားအရေး ကူညီပေးနေတဲ့ ဦးအောင်ကျော်က RFA ကို ပြောပါတယ်။
“တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့လူငယ်တွေရဲ့ အသိပညာ အတတ်ပညာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတာကို ပိတ်ပင်လိုက်တဲ့အတွက် လူငယ်တွေအတွက် အများကြီး ဆိုးကျိုးဖြစ်သွားပါတယ်။ သက်တမ်းမတိုးပေးဘူးဆိုရင် ဒီနိုင်ငံရဲ့ ဥပဒေကြောင်းအရကလည်း နေလို့မရတော့ဘူး။ နေလို့မရတော့ အတွင်းထဲသွားပြီး တိုးဖို့ဆိုတာလည်း အဆင်မပြေဘူး။ အဆင်မပြေတဲ့အခါ အန္တရာယ်ကို ရှောင်ရှားတဲ့အနေနဲ့ တရားဝင်စနစ်ကနေ တရားမဝင် လောကကို တွန်းပို့လိုက်တာ ဖြစ်ကောင်းဖြစ်သွားမှာ သေချာပေါက် ဖြစ်ပါတယ်”
ဒီပြောဆိုမှုတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးကို RFA က စက်တင်ဘာ ၁၈ ရက်နေ့က အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းထားပေမဲ့ ဒီနေ့အထိ အကြောင်းမပြန်သေးပါဘူး။ အလားတူ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ရာမှာလည်း ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
“လက်ရှိထိုင်းနိုင်ငံမှာ ပညာသင်ယူနေတဲ့ မြန်မာကျောင်းသားဟာ ၃၇၀၀ ထက်မနည်း ရှိနေပါတယ်”
အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ စစ်ကောင်စီဟာ သူတို့အာဏာတည်မြဲရေးအတွက် လူငယ်တွေရဲ့ အသက်သွေးချွေးကို အသုံးချဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
“စစ်ကလည်း အရှုံးကြီး ရှုံးနေတယ်။ လက်ရှိ အင်အားနဲ့လည်း ဘယ်လိုမှ မလုံလောက်တဲ့အခါမှာ လူငယ်တွေရဲ့ အသက်သွေးချွေးတွေကို သူတို့အာဏာ တည်မြဲရေးအတွက် အသုံးချချင်လို့ နည်းလမ်းပေါင်းစုံနဲ့ လူငယ်တွေကို အဓမ္မ စစ်သား စုဆောင်းနေတာ။ အခြေခံလူတန်းစားထက်ပိုတဲ့ လူလတ်တန်းစားကို ဦးတည်လာတဲ့သဘောလို့ သုံးသပ်ပါတယ်။ အဲဒါကြောင့် နိုင်ငံခြား ထွက်တာတွေကို ပိတ်ပင်တယ်။ နိုင်ငံခြားထွက်ပြီး ပညာသင်ကြားနေတဲ့သူတွေ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်နေတဲ့သူတွေကို နည်းလမ်းပေါင်းစုံနဲ့ နိုင်ငံခြားမှာ နေလို့မရအောင် ပြန်လာပြီး သူတို့အာဏာအတွက် အသက်စွန့်ကြဖို့ကို နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားလာတဲ့သဘောလို့ မြင်တယ်”
ထိုင်းနိုင်ငံ အဆင့်မြင့်ပညာရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအရ လက်ရှိထိုင်းနိုင်ငံမှာ ပညာသင်ယူနေတဲ့ မြန်မာကျောင်းသားဟာ ၃၇၀၀ ထက်မနည်း ရှိနေပါတယ်။
စစ်ကောင်စီရဲ့ ကန့်သတ်မှုတွေကို ထပ်မံရှောင်လွှဲနိုင်မဲ့နည်းလမ်းကတော့ နိုင်ငံကူး လက်မှတ်သက်တမ်း မကုန်ဆုံးခင် ထိုင်းနိုင်ငံက ထုတ်ပေးတဲ့ တခြားအထောက်အထားတွေ လုပ်ထားကြဖို့ပဲဖြစ်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေး အကူအညီပေးနေသူတွေက အကြံပြုကြပါတယ်။