မုန်တိုင်ပင်က အိမ် ၁၇လုံး မီးရှို့ဖျက်ဆီးခံရ
2023.05.30
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုန်တိုင်ပင်ရွာက နေအိမ် ၁၇ လုံးကို ရေဦးမြို့အခြေစိုက် စစ်ကောင်စီ ခမရ ၇၀၈ တပ်သားတွေက မေလ ၂၉ ရက်နေ့မှာ ဝင်ရောက်မီးရှို့ဖျက်ဆီးသွားပါတယ်။
ခမရ ၇ဝ၈ ဟာ အဲဒီ မုန်တိုင်ပင်ရွာမှာပဲ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် မေလ ၁၁ ရက်နေ့က သူတို့ဖမ်းဆီးထားခဲ့တဲ့ ရွာသား ၂၉ ဦးကို ရက်စက်စွာသတ်ဖြတ်ခဲ့ပြီး လူနေအဆောက်အအုံ ၇ဝ ကျော်ကို မီးရှို့သွားခဲ့တဲ့စစ်တပ်ဖြစ်တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်NLDလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေး ကပြောပါတယ်။
"အားလုံး ၁၇ အိမ်ပေါ့နော်၊ ဒီနေ့တော့ ဓာတ်ပုံတွေအကုန်ယူခိုင်းထားတယ်၊ ပြီးရင် မြို့နယ် ပအဖ လူသားချင်းစာနာမှုအစီအစဉ်နဲ့ပဲ တစ်အိမ်ထောင် ငါးသောင်းနှုန်း စတင်ထောက်ပံ့နိုင်ခဲ့တယ်"
အဲဒီစစ်ကောင်စီတပ်ဖွဲ့တွေကို ဒေသခံ ဒလန်တစ်ချို့က ဦးဆောင်ခေါ်ယူလာခဲ့ပြီး ဒီမိုကရေစီအရေးလှုပ်ရှားတက်ကြွသူတွေလို့ စွပ်စွဲခံရသူတွေရဲ့နေအိမ်တွေကို ဒလန်တွေရဲ့ညွှန်ပြတဲ့အတိုင်း အခုလိုလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
သူတို့ အခုနေစရာမရှိကြတော့ဘူးလို့ နေအိမ်မီးရှို့ခံရတဲ့ရွာသားတစ်ဦးက သူ့လုံခြုံရေးအတွက်အမည်မဖော်ဘဲ RFA ကိုပြောပါတယ်။
"ကျွန်တော်တို့ လောင်သွားတဲ့အိမ်ရဲ့မိသားစုတွေကတော့ ကျွန်တော်တို့ ရွာထဲမှာကျန်ရှိနေတဲ့ အိမ်ကလေးတွေမှာ လိုက်ပြီးကပ်နေကြရတာပေါ့ဗျာ၊ ကျွန်တော်တို့မှာ နေစရာထိုင်စရာက မရှိတော့တဲ့အခါကျတော့ ကပ်နေရတာပေါ့၊ ကျွန်တော့်အိမ်လည်းပါတယ်၊ ကျွန်တော့်သမီးလည်းပါတယ်၊ ကျွန်တော့်ရဲ့ယောက်ဖလည်းပါတယ်၊ အခုပြောရမယ်ဆိုရင်တော့ တော်လှန်ရေးလုပ်ကြတာကိုတော့ CDM လုပ်တဲ့ ကျောင်းဆရာ၊ ဆရာမတွေရဲ့ အိမ်တွေပါ ရှို့သွားတာ "
ဦးမြင့်ထွေးက ဒါဟာ ဒီမိုကရေစီတိုက်ပွဲဝင်တော်လှန်ရေးသမားတွေကို ခြိမ်းခြောက်တာဖြစ်တယ်လို့ ပြောပါတယ်။
"ညီညွတ်လို့ ကျေးရွာရဲ့ ဂုဏ်သိက္ခာ ကြီးမားလို့၊ အားကောင်းတယ်ထင်လို့ ဦးချိုးချင်လို့ လုပ်သွားတဲ့သဘော၊ ဘာဖြစ်လို့လဲဆိုရင် သူတို့ဝင်သွားတဲ့ကျေးရွာတိုင်းမှာ သူတို့ဘာမှလုပ်မသွားဘဲနဲ့ ဒီမုန်တိုင်ပင်မှာပဲ အငြှိုးတကြီးနဲ့ ထပ်မံပြီးလုပ်သွားတဲ့သဘောလို့ ယူဆရပါတယ်"
အခုလို မုန်တိုင်ပင်ရွာသားတွေရဲ့နေအိမ်တွေ မီးရှို့ခံရတဲ့ သတင်းနဲ့ပတ်သက်ပြီး နောက်ဆက်တွဲရရှိတဲ့အချက်အလက်တွေကို RFA က ထပ်မံတင်ပြမှာဖြစ်ပါတယ်။