ဧရာဝတီတိုင်းက မြို့နယ်တချို့မှာ စစ်မှုထမ်းဖို့ စာရင်းကောက်ယူနေ

ဧရာဝတီတိုင်း အင်္ဂပူ၊ ကျုံပျော်၊ ရေကြည်မြို့နယ်နဲ့ အသုတ်မြို့တွေမှာ မြို့နယ်အာဏာပိုင်တွေက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖေဖော်ဝါရီ တတိယပတ်ထဲမှာ ဆင့်ခေါ်ပြီး လူစာရင်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျုံပျော်မြို့နယ်၊ အင်းမရွာ ဆယ်အိမ်မှူးတွေက ရွာမှာရှိတဲ့ ရပ်ကွက် ဆယ်ခုစလုံးကနေ အိမ်ထောင်စု စာရင်းတိုင်းကို တွက်ချက်ပြီး စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အမျိုးသမီး၊ အမျိုးသား ၃၅ ဦး စာရင်းကောက်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်းမရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ဆီမှာ ရပ်ကွက်က ဆယ်ရပ်ကွက်ရှိတာကို သူ့ရပ်ကွက်တစ်ရပ်ကွက်ကို သူ့ဆယ်အိမ်မှူးက တာဝန်ယူပြီးတော့ စာရင်းလုပ်ပြီးတော့ အုပ်ချုပ်ရေးမှူးကို သွားပေးတယ်ပေါ့။ အဲဒီလိုပေါ့။ တစ်အိမ်ဆင်း၊ တစ်အိမ်တက်တော့ လိုက်မကောက်ပါဘူး။ လူအင်အားက အိမ်ထောင်စုစာရင်း ရှိပြီးသားဆိုတော့ဗျာ အဲဒီလိုပေါ့။ ကျန်းမာရေးကောင်းတဲ့သူ၊ မကောင်းတဲ့သူ ခွဲခြားပြီး ပြန်တင်ပေးလိုက်ရုံပေါ့။ အဲဒီလိုတော့ ကောက်တယ်"

အင်္ဂပူမြို့နယ်မှာလည်း ကျေးရွာအုပ်စုတစ်စုကို လူတစ်ဦးနှုန်း ပေးရမယ်ဆိုပြီး မြို့နယ်စစ်ကောင်စီအဖွဲ့က သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကနေ တောင်းခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ အင်္ဂပူမြို့နယ် သက်ကယ်တန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ချင်းကုန်းကျေးရွာက လူငယ်တစ်ဦးကို စာရင်းပေးလိုက်တယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ ရင်းနှီးပြီး အမည်မဖော်လိုတဲ့ သက်ကယ်တန်းကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

"လောလောဆယ် အစ်ကိုတို့ ကျေးရွာအုပ်စုက တစ်ယောက်ပေါ့။ တစ်ယောက် စာရင်းတောင်းတဲ့အခါကျတော့ ရွာမှာ သူကလည်း လိုက်ချင်တဲ့ ဆန္ဒရှိတဲ့အခါကျတော့ အဲဒီကောင်လေးကို စာရင်းပေးလိုက်တာပေါ့။ ကျန်တဲ့ ဥစ္စာတော့ ဘာမှ ထပ်ပြီးတော့ နောက်ဆက်တွဲ မလာသေးဘူးပေါ့။ ဒီရွာရဲ့ ဟိုဘက် တစ်အုပ်စုကျတော့ သူက မလိုက်ရင် တစ်အိမ်ကို တစ်သောင်းပေါ့။ လိုက်ချင်တဲ့သူ လိုက်ပေါ့"

ဘိုကလေးမြို့နယ်မှာတော့ ဖေဖော်ဝါရီလလယ်လောက်က ဘိုကလေးမြို့တော်ခန်းမရှေ့မှာ ဆရာ၊ ဆရာမတွေကို မြို့နယ်အာဏာပိုင်တွေ ဦးစီးပြီး စစ်သင်တန်းပေးခဲ့တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကစပြီး ဘိုကလေးမြို့က စျေးတွေမှာ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေနေတယ်လို့လည်း သူက ဆိုပါတယ်။

မြို့နယ် အာဏာပိုင်တွေက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ပြီး စစ်သားစုဆောင်းဖို့အတွက် မိဘမရှိ၊ ဆွေမျိုးသားချင်းနည်းတဲ့ လူငယ်တွေကို ဦးစားပေးခေါ်ဖို့ ပြောဆိုခဲ့ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူနဲ့ ရင်းနှီးတဲ့ အမည်မဖော်လိုသူ ဘိုကလေးမြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"တစ်အိမ်တစ်ယောက် မဖြစ်မနေပုံစံမျိုးတော့ မဟုတ်ပါဘူးတဲ့။ ဥပမာ မိမရှိ၊ ဖမရှိ လိုလိုလားလား လုပ်တဲ့လူ အစည်းအဝေးမှာ အဲဒီလိုပြောတယ်တဲ့။ တချို့ကျတော့ကွာ မိသားစုလည်းမရှိဘူး။ အဲဒီလိုလူမျိုး လိုလိုလားလား ဝင်ချင်သူပေါ့။ အဲဒီလို လူမျိုးတွေကိုခေါ်ဖို့ အဲလိုပြောတယ်ပေါ့။ လစာ ဘာညာပေးမယ်ပေါ့"

မြန်အောင်မြို့နယ်က မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာလည်း တစ်ရပ်ကွက်ကို လူတစ်ဦးနှုန်းနဲ့ ဖေဖော်ဝါရီလ ၁၅ ရက်ဝန်းကျင်က စတင်ခေါ်ယူခဲ့တာလို့ မြန်အောင်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

မြန်အောင်မြို့က ခလရ (၅၁) တပ်ရင်းမှာ ဒေသခံ သုံးဆယ်ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကစပြီး စစ်သင်တန်းပေးဖို့ စီစဥ်နေတာလို့ အဲဒီဒေသခံက ဆိုပါတယ်။ စစ်သင်တန်းတက်သူတွေအတွက် နေ့စား လစာပုံစံမျိုး ထောက်ပံ့ဖို့နဲ့ စစ်ဝတ်စုံနှစ်စုံစာ ကုန်ကျမယ့်ငွေကိုလည်း အဲဒီရပ်ကွက်မှာနေသူတွေက ထောက်ပံ့ရမှာဖြစ်တယ်လို့ မြန်အောင်မြို့ဒေသခံက ပြောပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ငပုတောမြို့နယ်နှင့် အင်္ဂပူမြို့နယ်တို့ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းတို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ဆုံစဉ်။ (Photo: Myanmar Military)
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ငပုတောမြို့နယ်နှင့် အင်္ဂပူမြို့နယ်တို့ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းတို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ဆုံစဉ်။ (Photo: Myanmar Military)

ဧရာဝတီတိုင်းဟာ စစ်ကောင်စီ စိုးမိုးနိုင်တဲ့နေရာ ဖြစ်လို့ စစ်သားလိုအပ်ချက်ကို အဓိကရှာဖွေတာ ဖြစ်တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဧရာဝတီတိုင်းလွှတ်ေတာ်ကိုယ်စားလှယ်တစ်ဦးက RFAကို ပြောပါတယ်။

"ကျွန်တော်တို့ ဧရာဝတီက သူတို့စိုးမိုးနိုင်တဲ့၊ သူတို့အုပ်ချုပ်နိုင်တဲ့နေရာဖြစ်တဲ့အခါ အဲဒီနေရာမှာပဲ သူတို့အဓိက စစ်သားလိုအပ်ချက်အတွက် စစ်သားရှာဖွေတာပေါ့လေ။ စစ်သားကတော့ သူတို့ဧရာဝတီတိုင်းမှာ အဓိကစုမှာပါပဲ။ သို့သော်ငြားလည်း သူတို့လိုသလောက်တော့ ရမယ်လို့ ကျွန်တော် မမျှော်လင့်ပါဘူး"

စစ်မှုထမ်းဥပဒေကို အတည်ပြုပြီး ပြည်သူတွေကို အဓမ္မ စစ်သားစုဆောင်းတာလို့ ဧရာဝတီတိုင်းက နောက်ထပ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဝေဖန်ပါတယ်။

"စစ်တပ်ထဲကို ထပ်ပြီးတော့ဝင်တဲ့သူ လုံးဝမရှိတော့တဲ့ အခြေအနေမျိုးမှာ ဒါ ပြည်သူကို ဖိအားပေးပြီးမှ အတင်းအဓမ္မ စစ်သားစုဆောင်းမယ့် သဘောပါပဲ။ ဒီဟာက သူတို့စကားလုံးအရ လှအောင်ပြောပေမယ့် ဒါက ပေါ်တာဆွဲမယ်၊ လူသားတံတိုင်း လုပ်မယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အပြည့်အဝလုပ်ဖို့ ကြိုးစားတယ်လို့ပဲ မြင်ပါတယ်ဗျ"

ဧရာဝတီတိုင်းအတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေအရ စာရင်းကောက်ယူနေတယ်ဆိုတဲ့ ပြောဆိုချက်တွေအပေါ် အသေးစိတ်သိရဖို့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဖေဖော်ဝါရီလ ၂၆ ရက်က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

"စစ်တပ်ထဲကို ထပ်ပြီးတော့ဝင်တဲ့သူ လုံးဝမရှိတော့တဲ့ အခြေအနေမျိုးမှာ ဒါ ပြည်သူကို ဖိအားပေးပြီးမှ အတင်းအဓမ္မ စစ်သားစုဆောင်းမယ့် သဘောပါပဲ"

စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လူမှုကွန်ရက်မှာတော့ ဧရာဝတီတိုင်းက မြို့နယ်တွေနဲ့ ရပ်ကွက်တွေမှာ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်ကြား အမျိုးသားတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ စုဆောင်းနေတယ်ဆိုတဲ့ သတင်းမှားတွေ ထွက်ပေါ်နေတယ်လို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရေးသားထားပါတယ်။

ဒါ့အပြင် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက စစ်မှုထမ်းဖို့အတွက် လူတစ်ဦးချင်းစီကို အတင်းအဓမ္မ ဖမ်းဆီးနေတယ်ဆိုတာလည်း မမှန်ဘူးလို့ သတင်းဌာနတချို့ရဲ့ ရေးသားချက်တွေကို တုံ့ပြန်ဖော်ပြထားပါတယ်။

စစ်မှုမထမ်းမနေရ သတ်မှတ်ထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ တစ်နှစ်ကို အင်အား ငါးသောင်းနှုန်းခေါ်ယူသွားမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ သတင်းစာတွေမှာ ပြောဆိုထားပါတယ်။

ဒါ့အပြင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ တစ်နိုင်ငံလုံးမှာ စစ်မှုထမ်းဥပဒေနဲ့အကျုံးဝင်သူ ၁၃ သန်းရှိတယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။