စစ်ကောင်စီရဲ့ မတရားအမိန့်မှန်သမျှ ဆန့်ကျင်ကြဖို့တိုက်တွန်း
2024.03.21
စစ်ကောင်စီဟာ စစ်မှုမထမ်းမနေရဥပဒေကို စတင်ထုတ်ပြန်လိုက်ပြီး တစ်လအကြာမှာတော့ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေအလိုက် စစ်မှုထမ်းဖို့အကျုံးဝင်တဲ့ အသက်အပိုင်းအခြားအလိုက် လူငယ်တွေကို စာရင်းသွင်းကောက်ခံနေပြီ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း PDF တပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက တော်လှန်တိုက်ခိုက်နေလို့ တပ်ရင်းအလိုက်လက်နက်ချတာတွေ၊ စစ်သည်အင်အားတွေ လျော့နည်းလာတာတွေအတွက် လူငယ်တွေစစ်မှုထမ်းခိုင်းပြီး သူတို့စစ်အုပ်ချုပ်ရေး ဆက်ပြီးတည်တံ့နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီရဲ့မတရားတဲ့အမိန့်တွေကို ဆန့်ကျင်ကြဖို့လိုတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ဆိုပါတယ်။
"အခုအချိန်က စစ်အုပ်စုကြောင့် ပြည်တွင်းစစ်ဖြစ်နေရတဲ့အခြေအနေလဲ ဖြစ်ပါတယ်။ စစ်အုပ်စုက သူတို့ကို လက်နက်စွဲကိုင်တော်လှန်နေတဲ့ လူငယ်နဲ့လူလတ်ပိုင်းမျိုးဆက်ကို ဖိနှိပ်ချင်လို့ လုပ်တာဖြစ် သလိုပဲ စစ်တပ်မှာ စစ်သားအရင်းအမြစ် လိုအပ်နေတာကို အတိအလင်း ဝန်ခံလိုက်ရတာလဲ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေ၊ ပြည်သူတွေအနေနဲ့က ပြည်သူကိုဖိနှိပ်တဲ့၊ မတရားတဲ့ အမိန့်အာဏာ ဟူသမျှကို နည်းသဏ္ဌာန်ပေါင်းစုံနဲ့ ဝိုင်းဝန်းပြီးတော့ ဆန့်ကျင်တိုက်ဖျက်ကြရမှာ ဖြစ်တယ်လို့ပြောချင်ပါတယ်။’’
ကိုယ်တိုင်လည်းစစ်မှုမထမ်းချင်ကြသလို မိဘအုပ်ထိန်းသူတွေကလည်း စစ်ခေါင်းဆောင်တွေကိုယ်စား ကိုယ့်သားသမီးတွေကို စစ်မြေပြင်မှာအသေခံခိုင်းနေတာ လက်ခံနိုင်မှာမဟုတ်လို့ မတရားတဲ့ဒီဥပဒေကို ရရာနည်းလမ်းနဲ့ဆန့်ကျင်ကြဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကျောင်းသားတွေကလည်း တိုက်တွန်းထားပါတယ်။
စစ်အာဏာရှင်ယန္တရား အမြစ်ပြတ်ပြုတ်ကျရေးကသာ ထွက်ပေါက်ဖြစ်လို့ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်ကြဖို့ အမည်မဖော်လိုတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
"လူငယ်ထုတစ်ရပ်လုံးအနေနဲ့ မိဘပြည်သူတစ်ရပ်လုံးအနေနဲ့ ဒီဥပဒေကို အစွမ်းကုန်ဆန့်ကျင်ကြဖို့ တော်လှန်ရေးမှာပါဝင်လာကြဖို့လိုပါတယ်၊ ဒီလိုအခြေအနေဆိုးကြီးထဲကနေ အမှန်တကယ်လွတ်မြောက်ဖို့ဆိုတာက စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရားဆိုတဲ့ စစ်သုံးစစ်နဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ စစ်အာဏာရှင်အမြစ်ပြတ်ပြုတ်ကျရေးကပဲ ထွက်ပေါက်အနေနဲ့ရှိပါတယ်၊ ဒီလိုမျိုး ဒီလိုအခြေအနေကို မကြိုက်နေတဲ့ ဒေါသတွေ၊ အိမ်ထဲကနေ ပြင်းပြင်းထန်ထန်ဆန့်ကျင်နေတဲ့အသံတွေဟာ ပိုပြီးတော့ တစ်စုတစ်စည်းတည်းနဲ့ ကျယ်ကျယ်လောင်လောင်ထွက်လာဖို့လိုပါတယ်၊ ဒါကြောင့်မို့ ဒီစစ်မှုထမ်း ဥပဒေအပါအဝင် စစ်အာဏာရှင်စနစ်တစ်ရပ်လုံးကို ရရာနည်းနဲ့ ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြဖို့ ကျွန်မတို့က တိုက်တွန်းလိုက်ရပါတယ်။’’
စစ်မှုထမ်းဥပဒေမှာ သတ်မှတ်ထားတဲ့ အရွယ်ရောက်ပြီးသားလူငယ်တွေကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးရုံးတွေကစလို့ စစ်မှုထမ်းဖို့အတွက် အဆင့်ဆင့်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒီဥပဒေမှာ ဖော်ပြထားချက်အရဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၃၅ အတွင်း အမျိုးသားတိုင်းနဲ့ အသက် ၁၈ နှစ်ကနေ အသက်၂၇ နှစ်အတွင်း အမျိုးသမီးတိုင်း စစ်မှုထမ်းရမယ်လို့ ပါဝင်ပါတယ်။
စစ်မှုထမ်းဖို့စာရင်းထဲပါသွားပြီဆိုရင် ကိုယ့်သားသမီး လူကောင်းအတိုင်းပြန်တွေ့ဖို့ မမျှော်လင့်နိုင်သလို ကိုယ်လက်အင်္ဂါချို့ယွင်းပြီး ဒုက္ခိတဘဝနဲ့ဖြတ်သန်းရဖို့ဆိုတဲ့အသိစိတ်နဲ့ ဒီဥပဒေစနစ်ဆိုးကို ဘယ်လိုမှ လက်မခံနိုင်ဘူးလို့လည်း ဆိုကြပါတယ်။
ဒီဥပဒေကိုရင်ဆိုင်ဖို့ မိဘအုပ်ထိန်းသူတွေအနေနဲ့ ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာကို ရဲ - CDM ကိုငြိမ်းချမ်းဦးက အခုလို တိုက်တွန်းထားပါတယ်။
"အဓိကတော့ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့လူငယ်တွေရဲ့ မိဘတွေအနေနဲ့ မိဘတွေချင်းလဲ ချိတ်ဆက်ပြီးတော့ တိုင်ပင်ကြမယ်၊ ဆွေးနွေးကြမယ် နောက်တစ်ခုက တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ဘယ်လိုလုပ်ကြမယ်ပေါ့နော် ဒီလိုမျိုးနဲ့သွားသင့်တယ်လို့ထင်ပါတယ်ဗျ။’’
စစ်မှုမထမ်းချင်လို့ ရှောင်တိမ်းနေသူတွေကိုဆိုရင်လည်း မိသားစုဝင်တွေကို ဖမ်းဆီးအရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်တာတွေလည်း ရှိနေပါတယ်။
စစ်မှုမထမ်းမနေရဥပဒေဟာ လူသားတွေရဲ့လုံခြုံမှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာလို့ ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တွေကလည်း ဒီရက်ပိုင်းအတွင်းကပဲ ထုတ်ပြန်ထားပါတယ်။
စစ်မှုထမ်းကြဖို့ပြည်သူတွေကို စည်းရုံးလှုံ့ဆော်ခဲ့ကြတဲ့ မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တို့က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဆိုရင် ဒီရက်ပိုင်းလေးမှာတင်ပဲ လုပ်ကြံခံလိုက်ကြရပါတယ်။
စစ်မှုထမ်းဖို့ မဲပေါက်တဲ့သူတွေ နေရပ်စွန့်ခွာရှောင်တိမ်းကြရတာ၊ အိမ်နီးချင်းနိုင်ငံတွေထဲ ခိုးဝင်လာကြရ တာ၊ ကိုယ့်ကိုကိုသတ်သေဖို့ကြံစည်ကြတဲ့အထိဖြစ်ရတာ စတဲ့နောက်ဆက်တွဲအကျိုးဆက်တွေကို လက် ရှိစစ်ကောင်စီက တာဝန်ယူရမယ်လို့ တော်လှန်ရေးအင်အားစုတွေ နိုင်ငံရေးအင်အားစုတွေက ဆိုကြပါတယ်။