စစ်မှုထမ်းသင်တန်းက အသက်စွန့် ထွက်ပြေးသူတချို့ရှိနေ
2024.10.24
ပြည်သူ့စစ်မှုထမ်းဥပဒေအတည်ပြုပြီး စစ်ကောင်စီက စုဆောင်းထားတဲ့သူတွေထဲမှာ သက်စွန့်ဆံဖျား ထွက်ပြေးကြတဲ့ လူငယ်တွေ ရှိနေပါတယ်။ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်က ခြောက်ဦး၊ နတ်မောက်မြို့နယ်က နှစ်ဦး၊ ဆိပ်ဖြူက တစ်ဦး၊ မြို့သစ်က တစ်ဦးနဲ့ စလေမြို့က တစ်ဦး၊ စုစုပေါင်း ၁၁ ဦး မကြာခင်က လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
ရေနံချောင်းမြို့နယ်က လူငယ်တစ်ဦးက သူ့ကို ဇူလိုင်လ ၉ ရက်နေ့ မနက် ၁၀ နာရီလောက် အပြင်သွားဖို့ အိမ်ကအထွက်မှာ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ထောက်ပြီးဖမ်းတဲ့အကြောင်းနဲ့ နှစ်လလောက်အကြာ သြဂုတ်လထဲမှာ တောင်တွင်းကြီးမြို့ အမှတ် ၇ လေ့ကျင့်ရေးကျောင်းကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ အကြောင်း ပြောပြပါတယ်။
"မိုးတွေ တအားအုံ့နေတဲ့အချိန် အခွင့်အရေးပဲ ဆိုပြီးတော့ ထွက်ပေါက်တစ်ပေါက် ရတာနဲ့ ထွက်ပြေးလာတာဗျ။ အဲဒီနေ့ညနေ ကျွန်တော်တို့ ပြေးတယ်ဗျ။ ထမင်းကလည်း မစားခဲ့ရဘူးဗျ။ လမ်းမှာလည်း တော်တော် ဒုက္ခတွေရောက်ခဲ့ပါတယ်။ တစ်သက်နဲ့ တစ်ကိုယ်လည်း မကြုံခဲ့ရပါဘူး"
သူ့ကိုဖမ်းတဲ့နေ့က ရေနံချောင်းမြို့နယ်ထဲမှာ သူအပါအဝင် အယောက် သုံးဆယ်လောက်ပါခဲ့တယ်လို့ ပြောပါတယ်။ အစောပိုင်းမှာ သူတို့ အားလုံးကို ချောက် ခလရ ၁၃ မှာ ပို့ထားပြီး၊ တစ်လလောက်မှာတော့ တောင်တွင်းကြီး အမှတ် ၇ လေ့ကျင့်ရေးကျောင်းကို ပို့လိုက်တာပါ။
"သူတို့ ကောင်းလား၊ မကောင်းလား ဘယ်သူက ကောင်းတယ်၊ မကောင်းဘူးကအစ ကျွန်တော်တို့ ဦးနှောက်နဲ့ တွေးတောဆုံးဖြတ်တတ်တယ်"
စလေမြို့က လူငယ်ကတော့ ဆိုင်ကယ်မှောက်တဲ့ဒဏ်ရာကြောင့် အိမ်မှာနားနေရတဲ့ ဇူလိုင်လ ၈ ရက်နေ့ မှာ စလေရဲစခန်းက သူ့ကိုလာဖမ်းပြီး စစ်မှုထမ်းမဲ့သူတွေထဲ ထည့်လိုက်တာလို့ ပြောပြပါတယ်။
"မင်းအသက် ဘယ်လောက်ရှိလဲ ဘာလဲ လျှောက်မေး။ မေးတော့ ကျွန်တော်က ၂၇ နှစ်ထဲမှာ ပြောတော့ အဲဒါဆို မင်း စစ်မှုထမ်းလို့ရတယ်တဲ့။ အခုလည်း ထမ်းရမှာပဲ နောင်လည်း ထမ်းရမှာတဲ့။ အဲဒီလို ကျွန်တော့်ကို ပြောတယ်။ ပြောတော့ မလုပ်ပါနဲ့ ဆရာ ကျွန်တော်က ကလေးကလည်း ငယ်သေးတယ်။ ကလေး တစ်နှစ်ခွဲ၊ နှစ် နှစ်လောက်ဆို လိုက်ရတာဆိုလည်း အကြောင်း မဟုတ်ဘူးပေါ့။ ကလေး တော်တော်ငယ်သေးလို့ ပြောတော့ မရဘူးတဲ့။ ခေါ်သွားပြီးကျမှ ဘာအကြောင်း ပြချက်မှလည်း မရှိဘူး။ ဘာအမှုမှလည်း ကျွန်တော်မလုပ်ဘူး။ ကျွန်တော့်ဘာသာ အေးအေးဆေးဆေးပဲ နေတတ်တာ။ အဲဒါကို သူတို့က ခဏဆိုပြီး ခေါ်သွားပြီးတော့မှ ဒီအတိုင်းပဲ စစ်မှုထမ်းထဲထည့်ပစ်လိုက်တာ"
အဲဒီအချိန်က သူအပါအဝင် လူ ခုနစ်ဆယ်လောက်ကို စစ်ကားငါးစီးနဲ့ မကွေးမြို့ကို ပို့လိုက်ပါတယ်။ အဲဒီကနေတစ်ဆင့် တောင်တွင်းကြီး အမှတ် ၇ လေ့ကျင့်ရေးကျောင်းကို ပို့လိုက်တာပါ။ သူတို့အားလုံးဟာ စစ်မှုထမ်း အမှတ်စဉ် ၄ အတွက် စစ်သားစုဆောင်းခံရသူတွေ ဖြစ်ပြီး သူတို့အသုတ်မှာ လူပေါင်း ၂၃၀ ရှိတယ်လို့ ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
စစ်မှုထမ်းဖို့အတွက် ရေနံချောင်းဒေသခံ လေးဆယ်ကျော် လူသစ်စုဆောင်းခံရ
ရနောင်းထောင်က ပြန်ပို့တဲ့ မြန်မာတစ်ရာကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရ
နိုင်ငံတစ်ဝန်း ပြည်သူ့လုံခြုံရေးစနစ်နဲ့ ထိန်းချုပ်ဖို့ စစ်ကောင်စီကြိုးပမ်းနေ
PDF တွေကို တရုတ်တွေက ထောက်ပံ့နေတယ်လို့ စစ်တပ်အရာရှိတွေက သင်တန်းမှာပို့ချတဲ့အကြောင်း လွတ်မြောက်လာတဲ့သူတစ်ဦးက ပြောပြပါတယ်။
"သူတို့ကတော့ စစ်သားတိုင်းဆိုတာတော့ မသေဘူး အဲလိုပြောတယ်။ ပြီးတော့ PDF ဆိုတာ တရုတ်နဲ့ လုပ်နေတာ။ တရုတ်ကနေ PDF ကို ပိုက်ဆံပေးတယ်။ တရုတ်နဲ့ဒီလူနဲ့ မကျေနပ်ဘူး PDF ကို ပိုက်ဆံ လာဘ်ထိုးပြီးတော့ သတ်ပေး။ အဲဆို PDF က သတ်ပေးတယ်။ အဲလိုမျိုး မင်းမဲ့စရိုက်ပုံစံမျိုး သူတို့ လုပ်နေတာ။ အဲလို ပြောရမယ်ဆို သူတို့ အဓမ္မခေါ်ယူထားတဲ့ လူငယ်တွေကို သူတို့ဘက် စိတ်ရောက်အောင် PDF ကို မုန်းတီးအောင်လို့ ပြောတယ်"
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းပေါ်မှာတွေ့တဲ့ အမျိုးသားဆိုရင် စိတ်ကျန်းမာရေးချို့တဲ့သူပါမချန် အကုန်ဖမ်းပြီး စစ်မှုထမ်းမဲ့အထဲထည့်တာလို့ ဆိုပါတယ်။ သင်တန်းမှာလည်း အသားငါးနဲ့ အာဟာရဖြစ်အောင် ကောင်းကောင်းမွန်မွန် ကျွေးတာမဟုတ်ဘူးလို့ ပြောပြပါတယ်။
အဲဒီအပြင် စစ်သားတွေရဲ့ ဆဲဆို၊ ရိုက်နှက်တာခံရသလို၊ သင်တန်းဆင်းတာနဲ့ ရှေ့တန်းကို တစ်ခါတည်း ပို့ဆောင်မဲ့အကြောင်းပြောတယ်လို့ ဆိုပါတယ်။
စစ်သားစုဆောင်းခံရတဲ့အထဲမှာ လူအစားထိုးပြီး ငွေကြေးနဲ့လိုက်လာသူတွေရှိသလို ထိုင်း၊ မလေးရှားကနေ အလုပ်လုပ်ပြီး ပြန်လာတဲ့ လူငယ်တွေကို အကြောင်းမျိုးစုံပြ ဖမ်းဆီးပြီး ပါလာသူတွေလည်း ရှိတယ်လို့ ပြောပါတယ်။
မကွေးတိုင်းထဲက လွတ်မြောက်လာသူတွေရဲ့ ပြောဆိုချက်နဲ့ပတ်သတ်လို့ စစ်ကောင်စီရဲ့ တိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
သင်တန်းမှာ စစ်ပညာကို ထိထိရောက်ရောက် သင်ကြားပေးတာမရှိဘူးလို့ ရှမ်းပြည်နယ်မှာ အမှတ်စဉ် ၂ သင်တန်းတက်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်လာတဲ့ ပဲခူးတိုင်း ပေါင်းတည်မြို့နယ်ကလူငယ်က ပြောပါတယ်။
"ဒီနေ့ အမ်အေ ဝမ်း သေနတ်ကို ဒီနေ့ ဖြုတ်တတ်ဆိုရင် ပြီးပြီ။ ဒီတစ်နေ့ပဲ။ နောက်တစ်နေ့ဆို ဖိုတိုရှော့နဲ့ လိုင်းပေါ် ဖြန့်လိုက်တယ် ဒါလောက်ပါပဲ။ အပစ်အခတ်ဆိုတော့လည်း ဒီသေနတ် တစ်လက် ငါးချက် ပစ်ပြီး ပြီးပြီ ဒါပဲ။ ဒါဆိုရင် သင်ခန်းစာ တစ်ပုဒ် ပြီးသွားပြီ။ အဲလို ပုံစံမျိုးလောက်ပဲ အရမ်းကြီး ထိထိမိမိတော့ မသင်ဘူး။ အခု ကျန်ခဲ့တဲ့ တချို့ ဆိုလို့ရှိရင် မဖြုတ်တတ် မတပ်တတ် လူတွေတောင် အများကြီး ရှိတယ်"
သူတို့ အမှတ်စဉ်မှာ ပဲခူးတိုင်းက လူငယ်ခြောက်ရာဝန်းကျင်ရှိတယ်လို့ ပြောပါတယ်။
စစ်သင်တန်းတွေမှာ လူငယ်တွေ ပျော်ပျော်ရွှင်ရွှင်တက်ရောက်နေသလို ထွက်ပြေးတာတွေမရှိဘူးလို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးတင်ဦးက RFA ကို ပြောပါတယ်။
"အခုကတော့ အမျိုးမျိုးပေါ့ဗျာ။ အဓမ္မ စုဆောင်းတယ်တို့၊ ချွေးတပ်ဆွဲတယ်တို့၊ ပေါ်တာဆွဲတယ်တို့ တစ်ယောက်ကို ကျေးရွာလူကြီးကို ငွေဘယ်လောက်ပေးရတယ်တို့၊ တစ်ယောက်ကို သိန်းငါးဆယ်တို့၊ သိန်းတစ်ရာတို့ ဒါတွေကတော့ စစ်မှုထမ်းနဲ့ ပတ်သက်ပြီးလို့ ဒါတွေကို ပြည်သူလူထုကြားထဲမှာပေါ့ဗျာ တပ်မတော်နဲ့ပြည်သူလူထုကြား၊ အစိုးရနဲ့ ပြည်သူလူထုကြားထဲမှာ အမျိုးမျိုးပေါ့ သွေးထိုးနေတဲ့ အနေအထားပေါ့။ နောက်တစ်ခါ သင်တန်းတက်တဲ့အခါမှာလည်း သင်တန်းမှာလည်း ထွက်ပြေးတာတို့၊ ဘာတို့ ဒါတွေ မရှိပါဘူး။ ဟိုမှာလည်း ကျွန်တော်တို့က တကယ့်ကို လွတ်လွတ်လပ်လပ်နဲ့ပေါ့ဗျာ ဆောင်ရွက်ထားတဲ့ အနေအထားတွေပေါ့ သူတို့လည်း ပျော်ပျော်ရွှင်ရွှင်နဲ့"
စစ်ကောင်စီရဲ့ မီဒီယာတွေမှာလည်း စစ်မှုထမ်းသင်တန်းသားတွေရဲ့ စစ်ပညာသင်ကြားနေတဲ့ ဓာတ်ပုံ၊ ဗီဒီယိုရုပ်သံမှတ်တမ်းတွေကို မကြာခဏ ဖော်ပြထားတာ တွေ့ရပါတယ်။
ဒီလို ဖော်ပြမှုတွေ ရှိနေပေမဲ့ ထွက်ပြေးလာတဲ့ လူငယ်တစ်ဦးကတော့ စစ်ကောင်စီလက်အောက်မှာ မနေနိုင်လို့ ထွက်ပြေးခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။
"အဓိက ထွက်ပြေးရတဲ့ အကြောင်းရင်းကတော့ သူတို့ လက်အောက်မှာလည်း ကျွန်တော်တို့က မနေချင်ဘူး။ သူတို့ ကောင်းလား၊ မကောင်းလား ဘယ်သူက ကောင်းတယ်၊ မကောင်းဘူးကအစ ကျွန်တော်တို့ ဦးနှောက်နဲ့ တွေးတောဆုံးဖြတ်တတ်တယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့က သူတို့ လက်အောက်မှာလည်း မနေနိုင်ဘူး။ သူတို့ လက်အောက်မှာလည်း သွားမသေနိုင်ဘူး။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ ထွက်ပြေးဖို့ ဆုံးဖြတ်ချက် ချလိုက်တာ"
စစ်ပညာကို စနစ်တကျ မသင်ရတာ၊ စစ်ရေးအတွေ့အကြုံ မရှိတာ၊ စစ်မတိုက်ချင်တာနဲ့ ရှေ့တန်းစစ် မြေပြင်ကို တစ်ခါတည်း ပို့တာတွေကြောင့် သင်တန်းဆင်းခါစ စစ်မှုထမ်းလူငယ်တွေ ထိခိုက်သေဆုံးတာတွေလည်းရှိတယ်လို့ ပြောပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်း ၂၃ ကျောင်းမှာ စစ်မှုထမ်းအမှတ်စဉ် (၁) ကနေ (၅) အထိ စစ်သားစုဆောင်းခံထားရတဲ့သူ အနည်းဆုံး နှစ်သောင်းကျော် (၂၁,၀၀၀) ရှိနေတယ်လို့ အောက်တို ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
သင်တန်းဆင်းခါစ လူငယ်တွေကိုလည်း တိုက်ပွဲပြင်းထန်တဲ့ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်လို နေရာတွေကို စေလွှတ်ခဲ့သလို၊ လားရှိုးမှာ သေဆုံးတဲ့ သင်တန်းဆင်းတွေနဲ့ပတ်သက်လို့ BACS က အထောက်အထားတွေနဲ့ ထုတ်ပြန်ထားပါတယ်။