သုံးနှစ်အတွင်း အညာဒေသမှာ တိုက်ပွဲ နှစ်သောင်းကျော် ဖြစ်ပွား
2024.07.04
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်အတွင်း အညာဒေသ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ စစ်ရေးပဋိပက္ခဖြစ်ပွားတဲ့ အကြိမ်ရေ နှစ်သောင်းကျော် (၂၂,၃၃၂ ကြိမ်) နဲ့ အများဆုံးဖြစ်တယ်လို့ မြန်မာ့မူဝါဒရေးရာ အင်စတီကျု (MPI) အဖွဲ့တည်ထောင်သူ ဦးဇော်တူးဆိုင်းက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလကနေ ၂၀၂၄ ခုနှစ် မတ်လအတွင်း စစ်ကိုင်းတိုင်းမှာ စစ်ရေးပဋိပက္ခဖြစ်ပွားမှု အကြိမ်ရေ ၁၆,၈၃၇ ကြိမ်နဲ့ မကွေးတိုင်းမှာ အကြိမ်ရေ (၅,၄၉၅) ကြိမ် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
"အရင်တုန်းက ကျွန်တော်တို့က တူမီးနဲ့ ရရာလက်နက်နဲ့ မိုင်းနဲ့ပဲ တော်လှန်ခဲ့ကြတာ"
ဒီ ပဋိပက္ခတွေထဲမှာ နှစ်ဖက်တိုက်ပွဲကြီးငယ်ဖြစ်ပွားတာ၊ တော်လှန်ရေး အင်အားစုတွေက စစ်ကောင်စီ စစ်ကြောင်းတွေကို မိုင်းဆွဲတိုက်ခိုက်တာနဲ့ စစ်ကောင်စီဌာနဆိုင်ရာ ရုံးတွေကို တိုက်ခိုက်တာတွေကအစ ပါဝင်ပါတယ်။
စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ စစ်ရေးပဋိပက္ခဖြစ်တဲ့ အကြိမ်ရေများပေမယ့် တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ထိရောက်မှုတော့ အားနည်းနေသေးတယ်လို့ အဖွဲ့တည်ထောင်သူ ဦးဇော်တူးဆိုင်းက ပြောပါတယ်။
“ထိရောက်မှုပေါ့။ ထိရောက်မှုအားကတော့ အရမ်းအားနည်းတယ်လို့ ပြောရမှာပေါ့နော်။ နံပါတ်အရများပေမဲ့၊ ထိတွေ့မှုတွေများပေမဲ့ ပဋိပက္ခ အကြိမ်အရေအတွက် များပေမယ့် ဒီအညာမှာက။ ဒါပေမဲ့ ရှမ်းမြောက်တို့လို၊ ကရင်၊ ကရင်နီတို့လို အခုဆို ရခိုင် ကျန်တဲ့ တိုင်းရင်းသား နယ်တွေထက်စာရင်တော့ ထိရောက်မှု ပြောမလား အဲဒါတော့ အရမ်းအားနည်းတာပေါ့”
ဒီစာရင်းကိုတော့ စစ်မြေပြင်ဆိုင်ရာ သတင်းအချက်အလက်တွေ ထုတ်ပြန်တဲ့ ACLED သုတေသနအဖွဲ့နဲ့ ပြည်တွင်း မီဒီယာတွေက ဖော်ပြတဲ့ အချက်အလက်တွေကို အခြေခံပြီး MPI က စုစည်းထားတာလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကတော့ စစ်ကိုင်းတိုင်းမှာ စစ်ရေးအရ စစ်ကောင်စီတပ်တွေက အရေးနိမ့်လာတယ်လို့ RFA ကို ပြောပါတယ်။
“ကျွန်တော်တို့က လက်နက်တပ်ဆင်တာမှ တစ်နှစ်ကျော်ကျော်ပဲ ရှိသေးတယ်။ အရင်တုန်းက ကျွန်တော်တို့က တူမီးနဲ့ ရရာလက်နက်နဲ့ မိုင်းနဲ့ပဲ တော်လှန်ခဲ့ကြတာ။ အခုဟာက လက်နက်တပ်ဆင်ပြီး တစ်နှစ်ကျော်ကျော်ပဲ ရှိသေးတယ်။ သူတို့ (စစ်ကောင်စီတပ်တွေ) က အထိုင်စခန်းတွေထဲပဲ ထိုင်ပြီးတော့ စခန်းသိမ်းအနေအထားတွေမှာ သူတို့ ခံနေရတယ်။ စစ်ကြောင်းဆို လုံး၀မထိုးနိုင်တော့ဘူး”
၂ဝ၂၃ ခုနှစ် အောက်တိုဘာလက စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကိုင်းတိုင်း အထက်ပိုင်း မော်လူး၊ ကောလင်း၊ ခါမ်းပါတ်၊ ရွှေပြည်အေးမြို့တို့ကို ကာကွယ်ရေးတပ်ဖွဲ့က သိမ်းယူခဲ့ပါတယ်။
ဒါပေမဲ့ ကောလင်းမြို့ကိုတော့ သိမ်းယူပြီး သုံးလအကြာမှာ စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် လက်လွှတ်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ မတ်လကလည်း စစ်ကိုင်းတိုင်းက ကနီမြို့သိမ်းတိုက်ပွဲမှာ ကာကွယ်ရေးတပ်တွေက မြို့ကို ဆယ်ရက်ကြာ ထိန်းချုပ်ခဲ့ပြီးနောက် စစ်တပ်ရဲ့ လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် တန်ပြန်တိုက်ခိုက်မှုကြောင့် မြို့ကိုပြန်လက်လွှတ်ခဲ့ရပါတယ်။
မကွေးတိုင်းမှာတော့ ခရိုင် ငါးခုရှိတဲ့အနက် ခရိုင် နှစ်ခုကို တော်လှန်ရေး အင်အားစုတွေဘက်က နယ်မြေစိုးမိုးထားနိုင်ပြီလို့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက RFA ကို ပြောပါတယ်။
“ဒီမကွေးတိုင်းမှာ ငါးခရိုင်ရှိတဲ့အထဲမှာ ဒီဂန့်ဂေါခရိုင်နဲ့ ပခုက္ကူခရိုင်က အားအကောင်းဆုံးပေါ့လေ။ လက်ရှိ မကွေးတိုင်းမှာ ခရိုင်ငါးခုရှိတဲ့အထဲမှာ ဒီ နှစ်ခရိုင်ကတော့ မြေပြင်စိုးမိုးမှု တော်တော်အားကောင်းနေပြီပေါ့နော်”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က မကွေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲ့ စစ်သင်တန်းဆင်းပွဲကို ပေးပို့တဲ့သဝဏ်လွှာမှာ စစ်ကိုင်း၊ မကွေး အပါအဝင် မြေပြန့်ဒေသမှာ မဟာဗျူဟာထိုးစစ်တွေ မကြာခင်စတော့မယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။
လာမယ့် ထိုးစစ်ကာလဆိုရင် အညာဒေသမှာ ပိုပြီးထိုးဖောက် တိုက်ခိုက်သွားဖို့ရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက RFA ကို ပြောပါတယ်။
“ခုခံစစ်ကာလမှာဆိုရင်တော့ စပြီးတော့ ကျွန်တော်တို့ တိုင်းရင်းသား ဒေသတွေကိုသွားပြီးတော့ စုဖွဲ့တာတွေ လုပ်တယ်။ စုဖွဲ့တာလုပ်ရင်းနဲ့ကို စကစရဲ့ ထိုးစစ်တွေကို ကြံ့ကြံ့ခံပြီးတော့ ကျွန်တော်တို့ တွန်းလှန်နိုင်ခဲ့တယ်။ နောက်နှစ်မှာဆိုတော့ မဟာဗျူဟာထိုး စစ်အကြိုကာလ။ ဆိုတော့ မဟာဗျူဟာထိုး စစ်အကြိုကာလမှာဆိုရင် သိသာထင်ရှားတဲ့ အောင်မြင်မှုတွေက မကွေးတို့၊ စစ်ကိုင်းတို့မှာ အများကြီးရခဲ့တယ်။ နယ်မြေသိမ်း၊ စခန်းသိမ်း၊ ရွာသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေအထိကို ကျွန်တော်တို့ ဆင်နွှဲနိုင်ခဲ့တာရှိပါတယ်။ အခုလာမယ့် ထိုးစစ်ကာလမှာ ဆိုရင်တော့ ကျွန်တော်တို့ ပိုပြီးတော့ ထိုးဖောက်တိုက်ခိုက်သွားဖို့ရှိတယ်”
အညာဒေသ စစ်ရေးပဋိပက္ခနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်း တစ်ဦးကတော့ အညာဒေသမှာ စစ်ကောင်စီတပ်တွေက တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ဆင်ရေးကို တားဆီးထားနိုင်တယ်လို့ သုံးသပ်ပါတယ်။
“ဒီနေရာမှာတော့ နှစ်မျိုးတော့ရှိတယ်ဗျ။ ထိန်းချုပ်တယ်ဆိုတဲ့ သဘောကတော့ ကျွန်တော်တို့က တားဆီးနိုင်တယ်လို့ပဲ ပြောရမယ်။ ထိန်းချုပ်နိုင်တယ်ဆိုတဲ့ သဘောကတော့ သူက လုံခြုံရေးပါတယ်လေနော်။ လုံခြုံရေးပါတယ်။ စစ်ဆင်ရေးနဲ့ လုံခြုံရေးဆိုတဲ့ ကဏ္ဍနှစ်ခုရှိတာပေါ့။ အဲတော့ စစ်ဆင်ရေးပိုင်းမှာတော့ သူတို့ (တော်လှန်ရေးအင်အားစုတွေ) ထိထိရောက်ရောက် မလုပ်နိုင်တော့ဘူး။ ဒါပေမဲ့ လုံခြုံရေးပိုင်းမှာကျတော့ ထိထိရောက်ရောက် ဒီဘက် (စစ်ကောင်စီ) က ကာကွယ်ပေးနိုင်လားဆိုတော့ မကာပေးနိုင်ဘူး။ ဒါကတော့ အမှန်ပဲ”
တော်လှန်ရေး အင်အားစုတွေကတော့ စစ်ကောင်စီဟာ ပြည်နယ်တွေမှာလို ကြီးမားတဲ့ ထိုးစစ်တွေ အညာဒေသတွေမှာ ဖြစ်မလာအောင် လက်နက်ကြီးနဲ့ လေကြောင်း အလွန်အကျွံသုံးပြီး ဟန့်တားဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ CDM ဗိုလ်ကြီး လင်းထက်အောင်ကလည်း အညာဒေသ စစ်ရေးအခြေအနေဟာ လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေဘက်က အလားအလာ ပိုကောင်းနေတယ်လို့ သုံးသပ်ပါတယ်။
“တော်လှန်ရေး သုံးနှစ်ကျော်ကာလအတွင်းမှာ စစ်ကိုင်း၊ မကွေးက PDF တပ်တွေရဲ့ စုဖွဲ့မှုအင်အားက နဂိုနဲ့မတူတော့ဘူးပေါ့နော်။ စုဖွဲ့ခါစက ဖွဲ့စည်းပုံအခြေအနေ သေချာမရှိသေးတဲ့ အခြေအနေတစ်ခုမှာတောင်မှ စစ်တပ်အနေနဲ့ အမြစ်ပြတ်မချေမှုန်းနိုင်တာ အခုလို အခြေအနေမျိုးမှာ စစ်တပ်အနေနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သေချာပါတယ်။ ဖြစ်လာနိုင်ခြေ တစ်ခုကတော့ မဟာမိတ်တပ်တွေ၊ တိုင်းရင်းသားတပ်တွေ နောက်ပြီးတော့ Change of Command ကောင်းစွာ စုစည်းမိမယ်ဆိုရင်တော့ တော်လှန်ရေးဘက်က အားသာလာနိုင်တဲ့ အခြေအနေတွေကပိုကောင်းနေတယ်လို့ပဲ ကျွန်တော်ကတော့ မြင်ပါတယ်”
ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူ သုံးသန်းကျော်ရှိနေပါတယ်။ အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက စစ်ဘေးဒုက္ခသည် ၁၂ သိန်းကျော်နဲ့ အများဆုံးဖြစ်ပြီး မကွေးတိုင်းမှာတော့ စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော်ရှိနေပါတယ်။