MNDAA နဲ့ စစ်ကောင်စီ အပစ်ရပ်ပြီးနောက် နယ်စပ်ဂိတ်တချို့ တရုတ်ပြန်ဖွင့်
2025.01.21
ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် ကိုးကန့်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီကိုယ်စားလှယ်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးပြီးနောက် ဇန်နဝါရီ ၁၈ ရက်နေ့ကစလို့ အပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူ မော်နင်းက ဇန်နဝါရီ ၂၀ ရက် မနေ့က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဘယ်အချက်တွေ သဘောတူကြတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။ တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဥ်အတွက် ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူ မော်နင်းက ဆိုပါတယ်။
စစ်ကောင်စီနဲ့ MNDAA တို့ ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်နေ့ တွေ့ဆုံမှုအပြီး တရုတ်နိုင်ငံဘက်က အခုလိုပြောဆိုလာတာပါ။ ဒါပေမဲ့ ဆွေးနွေးမှုရလဒ်နဲ့ပတ်သက်လို့ စစ်ကောင်စီရော MNDAA ပါ နှစ်ဖွဲ့လုံးက တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေးနဲ့ ပြည်တွင်းစစ် ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးဖြေရှင်းမယ်လို့ MNDAA က ဒီဇင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ MNDAA တို့ ကူမင်းမြို့မှာ ပထမအကြိမ် ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က လားရှိုးကနေ ကိုးကန့်တပ်တွေ ဆုတ်ခွာဖို့ ဦးစားပေးဆွေးနွေးခဲ့တာကြောင့် ဆွေးနွေးပွဲပျက်ခဲ့တာပါ။
စစ်ကောင်စီနဲ့ MNDAA တို့ အပစ်ရပ်တဲ့ကိစ္စ တရုတ်နိုင်ငံဘက်က ထုတ်ဖော်ပြောဆိုတဲ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာပဲ ကိုးကန့်ဒေသနဲ့ တရုတ်နယ်စပ်ကို ဆက်သွယ်ထားတဲ့ ကိုးကန့်ဒေသ ချင်းရွှေဟော်နဲ့ ရန်လုံကျိုင်း နယ်စပ်ဂိတ်တွေကို တရုတ်နိုင်ငံဘက်က ပြန်ဖွင့်ပေးခဲ့ပါတယ်။
အလားတူ UWSA “ဝ”တပ်ဖွဲ့နဲ့ ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း ကုန်စည်ဖလှယ်ခွင့်ကိုလည်း ပြန်လည်ခွင့်ပြုလိုက်တယ်လို့ UWSA “ဝ”တပ်ဖွဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ရှိသူ ကိုညီရမ်းက RFA ကို ပြောပါတယ်။
“ဌာနချုပ်ရဲ့ ညွှန်ကြားစာတစ်စောင် ထွက်လာတယ်။ ဟိုပန်နဲ့ ကိုးကန့်နဲ့ စစ်ပစ္စည်းကလွဲလို့ ကျန်တဲ့ စားသောက်ကုန်တွေ ပုံမှန်သွားလာလို့ ရပြီဆိုတာ တွေ့ရတယ်”
တရုတ်နိုင်ငံဘက်က “ဝ”ဒေသအတွင်း စက်သုံးဆီ တင်ပို့ခွင့် ကန့်သတ်ထားတွေကိုလည်း ဖြေလျှော့ပေးလိုက်တာကြောင့် ဇန်နဝါရီ ၁၉ ရက်နေ့ ညပိုင်းမှာ တရုတ်နိုင်ငံနဲ့ (UWSA) ထိန်းချုပ်ထားတဲ့ မိုင်မောခရိုင်၊ ပန်ဝိုင်မြို့ နယ်စပ်ဂိတ်ကနေ စက်သုံးဆီ တင်ပို့တဲ့ကားတွေ ဝင်ရောက်လာပြီလို့ ကိုညီရမ်းက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ကို တိုက်ပွဲတွေရပ်ဖို့ ဖိအားပေးတဲ့အနေနဲ့ တရုတ်နိုင်ငံက ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) နဲ့ UWSA “ဝ”တပ်ဖွဲ့ထိန်းချုပ်ရာ နယ်စပ်ဂိတ်တွေကနေ ကုန်စည်သယ်ခွင့်ကို ၂၀၂၃ သြဂုတ်လ နောက်ပိုင်းကစပြီး ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။
UWSA နဲ့ ကိုးကန့်နယ်စပ် နမ့်တစ်-မန်ခါးက နယ်စပ်ဂိတ်ကိုလည်း တရုတ်ဘက်က ၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၄ ရက်နေ့ကစလို့ ပိတ်ထားခဲ့တာပါ။
ဒါ့အပြင် “ဝ”တပ်ဖွဲ့နဲ့ မိုင်းလားတပ်ဖွဲ့ (NDAA) နယ်စပ်ဂိတ်တွေက ကုန်ပစ္စည်းဖလှယ်မှုကို ကန့်သတ်ခဲ့ပြီး “ဝ”နဲ့ မိုင်းလာဒေသကနေ ကိုးကန့်နဲ့ TNLA ထိန်းချုပ်ဒေသတွေကို ကုန်စည်တွေမပို့ဖို့ တရုတ်က ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့ကစလို့ အဲဒီကန့်သတ်ချက်တွေထဲက တချို့ကို တရုတ်နိုင်ငံဘက်က ဖြေလျှော့ပေးလိုက်တာလို့လည်း ရှမ်းမြောက်ဒေသခံတွေက ပြောပါတယ်။
ဆက်နွှယ်သော သတင်းများ
ကိုးကန့်နဲ့ စစ်ကောင်စီတို့ အပစ်ရပ်
နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖြေရှင်းဖို့ စစ်ခေါင်းဆောင် ထပ်မံဖိတ်ခေါ်
EAO နဲ့ PDF ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီ စက်သုံးဆီ ပိတ်ဆို့ဖြတ်တောက်ထား
စစ်ကောင်စီနဲ့ MNDAA တပ်ဖွဲ့တွေ အပစ်ရပ်ပြီးနောက်ပိုင်းမှာ ဇွန်လအတွင်း လားရှိုးကနေ MNDAA တပ်ဖွဲ့တွေ ပြန်ဆုတ်ရမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ပေမဲ့ ဒီလိုဆုတ်ခွာဖို့ မရှိသေးဘူးလို့ ကိုးကန့်တပ်ဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
လားရှိုးမှာ MNDAA ရဲ့ အုပ်ချုပ်ရေး ယန္တရားတွေ ပုံမှန်အတိုင်း ရှိနေပြီး ဘာမှ အပြောင်းအလဲမရှိဘူးလို့လည်း လားရှိုးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဘာမှတော့ ကျွန်တော်တို့ဆီမှာ ပြောင်းလဲတာ မရှိဘူး။ လူတွေကတော့ ကျွန်တော်တို့ဆီမှာ ထပ်ပြီးတိုးဝင်နေတယ်။ ကျောင်းပိတ်ခါနီးလေ တခြားဒေသတွေမှာရှိတဲ့ ကျောင်းသားမိဘတွေ ကျောင်းထားနေတဲ့ သူတွေကလည်း ပြန်လာကုန်ကြပြီ။ ဒီလကုန်ရင်တောင် အကုန်လုံး ပြန်လာကြမဲ့ သဘောရှိတယ်။ မြို့ပေါ်မှာတော့ ပုံမှန်အတိုင်းပဲ မော်တော်ယာဥ် စည်းကမ်းချက်တွေ၊ ယာဥ်လိုင်စင်လုပ်ပေးတာတွေ ယာယီကတွေပေါ့။ အဲဒါကို ကြည့်ခြင်းအားဖြင့် ကိုးကန့်တပ်က လားရှိုးကနေ ပြန်လည်ဆုတ်ခွာဖို့ ဆိုတဲ့အလားလာကို ကျွန်တော်တို့ မမြင်ဘူးပေါ့။ အခိုင်အမာ ခြေကုပ်ယူထားတဲ့ သဘောကိုလည်း တွေ့ရတယ်လေ”
လားရှိုးအပြင် ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ သိန္နီ၊ ကွမ်လုံမြို့နယ်တွေမှာလည်း အုပ်ချုပ်ရေးစနစ်တွေက ပုံမှန်အတိုင်းပဲလို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အရာရှိဟောင်း နိုင်ငံရေး လေ့လာသူတစ်ဦးကတော့ စစ်တပ် အရွှေ့အပြောင်း ကိစ္စတွေဟာ ချက်ချင်းလုပ်လို့ မရတာကြောင့် လတ်တလော လားရှိုးကနေ MNDAA တပ်တွေ ဆုတ်ခွာသွားဖို့ဆိုတာ မဖြစ်နိုင်သေးဘူးလို့ မှတ်ချက်ပေးပါတယ်။
“သူက ချက်ချင်း လုပ်လို့တော့ မရဘူးလေ။ သဘောတူညီချက်က ရက်က ဘာမှမကြာသေးတာ။ တပ်အရွှေ့အပြောင်း လုပ်တယ်ဆိုတာက လက်နက်ကြီးတွေ သယ်ရမှာတို့၊ နောက်တစ်ခုက တစ်ယောက်နဲ့တစ်ယောက် ကတိတည်သလား၊ စောင့်ကြည့်ရအုံးမှာပေါ့။ ချက်ချင်းတော့ ဖြစ်မှာမဟုတ်ဘူး”
အမည်မဖော်လိုတဲ့ မြန်မာ့ငြိမ်းချမ်းရေးအခြေအနေ လေ့လာစောင့်ကြည့်သူ တစ်ဦးကတော့ စစ်ကောင်စီနဲ့ MNDAA တို့ရဲ့ လတ်တလောတွေ့ဆုံမှုဟာ အပစ်ရပ်တာပဲဖြစ်ပြီး ဒါဟာ စစ်တပ်ဘက်က နယ်မြေတွေပေးလိုက်ပြီ ဆိုတာမျိုးတော့ ပြောလို့မရဘူးလို့ သူက ထောက်ပြပါတယ်။
MNDAA နဲ့ ဆွေးနွေးပွဲအပြီးမှာ တရုတ်ရဲ့ကြားဝင်မှုကြောင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA) နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့တို့ကြား တွေ့ဆုံမှုတွေ ဆက်တိုက်ဖြစ်လာနိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဘက်ကရော တရုတ်နိုင်ငံဘက်ကပါ တွေ့ဆုံဆွေးနွေးရေးအတွက် ပြောလာတာမရှိသေးဘူးလို့ TNLA ပြောခွင့်ရသူ လွေးယေဦးက ဇန်နဝါရီ ၂၁ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
စစ်ကောင်စီ ခေါင်းဆောင်အနေနဲ့ ဇန်နဝါရီလကုန်ပိုင်းမှာ အရေးပေါ်သက်တမ်း နောက်ထပ် ခြောက်လထပ်တိုးပြီး လာမဲ့ဇူလိုင်မှာ ကာလုံကနေ ရွေးကောက်ပွဲ ကြေညာတာမျိုး လုပ်နိုင်တယ်လို့ သူက ပြောပါတယ်။
တရုတ်အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောကတော့ MNDAA က တရုတ်ဖိအားကြောင့် အပစ်ရပ်ဖို့ လက်မှတ်ထိုးခဲ့တာဖြစ်သလို ဒီလိုလက်မှတ်ရေးထိုးလိုက်တဲ့အတွက်လည်း လားရှိုးအပါအဝင် မြို့ တော်တော်များများကို သူ ပြန်လည် တည်ဆောက်နိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။
“တရုတ်ရဲ့ဖိအားကြောင့် တစ်စုံတစ်ရာ လိုက်လျောလိုက်ရတာ ဖြစ်နိုင်တယ်။ နောက်တစ်ခုက MNDAA က အခုရလိုက်တဲ့နယ်မြေက တော်တော်ကြီးတယ်။ အရင်တုန်းက ကိုးကန့်နယ်မြေထက်ကို ကြီးတယ်။ အဲဒီတော့ အဲဒီနယ်မြေကြီးကို နောက်ပြီး လားရှိုးတို့ ဘာတို့ကို စစ်ကောင်စီက မွမွကြေအောင် ဗုံးကြဲထားတာ။ အဲဒီတော့ ဒါတွေကို တည်ဆောက်ဖို့က အပစ်အခတ်ရပ်စဲရေးက သူတို့အတွက် အားအကောင်းဆုံးပဲဗျ။ ရထားတဲ့နယ်မြေကို သူ ကောင်းအောင် တည်ဆောက်နိုင်တာပေါ့။ စစ်ကောင်စီရဲ့ အုပ်ချုပ်တဲ့နယ်မြေ တစ်စုံတစ်ရာ လွတ်မြောက်သွားတယ်လို့ ပြောလို့ရတာပေါ့ဗျာ”
စစ်ကောင်စီနဲ့ MNDA တို့ရဲ့ ဆွေးနွေးပွဲရလဒ် အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ MNDAA ပြောခွင့်ရသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
၁၀၂၇ စစ်ဆင်ရေးအတွင်း လားရှိုး အပါအဝင် ရှမ်းမြောက်ဒေသ မြို့ပေါင်းကိုးမြို့ကို MNDAA က သိမ်းပိုက် ထားပြီး အဲဒီထဲမှာ ချင်းရွှေဟော်၊ လောက်ကိုင်မြို့တွေဟာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့မြို့တွေ ဖြစ်ပါတယ်။
လားရှိုးနဲ့ သိန္နီမြို့တွေဟာလည်း ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတာပါ။
နောက်ထပ် ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ မြို့တွေဖြစ်တဲ့ သီပေါ၊ နောင်ချို၊ ကျောက်မဲနဲ့ ကွတ်ခိုင်မြို့တွေကတော့ TNLA တပ်ဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာဖြစ်တာကြောင့် တရုတ်နိုင်ငံက လိုလားတဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပြန်ပွင့်ရေးဟာ စစ်ကောင်စီနဲ့ မြောက်ပိုင်းအဖွဲ့တွေရဲ့ ဆွေးနွေးပွဲရလဒ်တွေအပေါ်မှာ အများကြီး မူတည်နေတယ်လို့ မြန်မာ့နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။