တစ်လအတွင်း မိုဘိုင်းဘဏ်စာရင်း ၇၀၀ ကျော် ပိတ်သိမ်းခံရ

RFA Burmese
2023.06.02
တစ်လအတွင်း မိုဘိုင်းဘဏ်စာရင်း ၇၀၀ ကျော် ပိတ်သိမ်းခံရ ရန်ကုန်မြို့ရှိ ငွေလွှဲနိုင်ကြောင်း ဆိုင်းဘုတ်ချိတ်ထားသည့် ဆိုင်တစ်ဆိုင်အား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။
RFA

စစ်ကောင်စီက သူ့ကို လက်နက်ကိုင်ခုခံနေတဲ့သူတွေဆီ ထောက်ပံ့ငွေမရောက်အောင် ဖြတ်တောက်ဖို့ အွန်လိုင်းအသုံးပြုတဲ့ မိုဘိုင်းဘဏ်စာရင်းတွေကိုစောင့်ကြည့်ပြီး ပိတ်သိမ်းနေပါတယ်။

RFA က လေ့လာစုဆောင်းထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ မေလအတွင်း KBZ pay၊ Wave Pay၊ AYAP ay၊ CB Pay စတဲ့ မိုဘိုင်းဘဏ်စာရင်း ၇၂၁ ခု ပိတ်သိမ်းခံခဲ့ရပါ တယ်။ မေလမတိုင်ခင် ပိတ်သိမ်းခံရတဲ့ ဘဏ်စာရင်းတွေရှိပေမယ့် ဘယ်လောက်အပိတ်ခံ ခဲ့ရလဲဆိုတဲ့ အရေအတွက်ကို RFA က မသိရသေးပါဘူး။

လက်ရှိမှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်က ပုံမှန်မဟုတ်တဲ့ ငွေလွှဲ၊ ငွေသွင်းတာ တွေကို ခြေရာခံပြီး မိုဘိုင်းဘဏ်စာရင်းတွေကို ပိတ်နေတာလို့ ပိတ်သိမ်းခံရတဲ့သူတွေက RFA ကို ပြောပါတယ်။

အဲဒီလိုအပိတ်ခံလိုက်ရတဲ့အထဲမှာ PDF တွေနဲ့မပတ်သက်ဘဲ တစ်နိုင်တစ်ပိုင်စီးပွားရေး လုပ်နေတဲ့ သာမန်အရပ်သားတွေလည်း ပါဝင်နေပါတယ်။

"ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်သူလူထုကို ပိုကျပ်တည်းအောင်လုပ်တာပေါ့"

အွန်လိုင်းကဈေးရောင်းနေလို့ ၂၀၁၉ ခုနှစ်ကတည်းက ဖွင့်လှစ်အသုံးပြုခဲ့တဲ့ ရန်ကုန်မြို့ခံ ကိုဝေဦးရဲ့ KBZ pay ဘဏ်စာရင်းဟာ ပြီးခဲ့တဲ့အပတ်က အပိတ်ခံလိုက်ရပါတယ်။ သူ့ဘဏ်ထဲမှာ ငွေသိန်း ၂၀ နီးပါးရှိနေတာကြောင့် ဘဏ်ကိုသွားပြီးရှင်းပြပေမယ့် ငွေရော၊ ဘဏ်စာရင်းရော ပြန်မရခဲ့ဘူးလို့ ကိုဝေဦးက ပြောပါတယ်။

"ငွေရော၊ အကောင့်ရော အပိတ်ခံရတာပေါ့၊ ဘဏ်သွားပြောတော့လည်း ဘာမှအဖြေ မရခဲ့ဘူး။ အခုမှပဲ အကောင့်ကို Freezes လုပ်ခံရတာ။ ကျွန်တော်ပြောချင်တာက PDF ကို ထောက်ပံ့တဲ့ သူတွေကို ဖြတ်တောက်ပစ်ချင်တယ်ဆို မြေပြင်မှာ သေချာစိစစ်လေ၊ အွန်လိုင်းရှော့ပင်း လုပ်တယ်ဆိုတာ ငွေအဝင်အထွက်က နေ့စဉ်နဲ့အမျှ ရှိနေမယ်၊ ဒါကိုလည်း သေချာ Tracking လိုက်စေချင်တယ်။ အခုလို ရမ်းသန်းပြီး ပိတ်လိုက်တာက ကျွန်တော်တို့ အများကြီး နစ်နာတယ်"

အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့က ဒေါ်အမာမြင့်ရဲ့ KBZ Pay အကောင့်ကိုလည်း ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်နဲ့ ဘဏ်က ပိတ်သိမ်းခဲ့ပါတယ်။ အချက်အလက် မှန်မှန်ကန်ကန် အသုံးပြုနေပေမယ့် ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ပိတ်သိမ်းခံ လိုက်ရတာပါ။

ဒေါ်အမာမြင့် ကတော့ သူ့ရဲ့ KBZ pay ဘဏ်စာရင်း ပိတ်သိမ်းခံရတဲ့အပေါ် ဒေါသထွက်မိ တယ်လို့ ပြောပါတယ်။

"မကျေနပ်ပါဘူး၊ လုံးဝကို မကျေနပ်ဘူး၊ ကျွန်မတို့က ကိုယ့်ဘာသာကိုယ် အေးအေး ဆေးဆေးနေတဲ့သူတွေပါ၊ ရှုပ်ရှုပ်ယှက်ယှက်တွေလည်း မလုပ်ဘူး၊ K pay သုံးတယ် ဆိုတာကလည်း အင်တာနက်ဘေလ် ဆောင်တယ်။ ဖုန်းဘေလ်ဖြည့်တယ်၊ အွန်လိုင်းက ဈေးဝယ်တယ်၊ ဒီလောက်ပဲ၊ အဒါကို ပိတ်တာဘာကြောင့်လဲ၊ ဘဏ်ကို သွားမေးတော့ လည်း ဗဟိုဘဏ်က ပိတ်ခိုင်းလို့ ပိတ်ရပါတယ်ဆိုတဲ့ တစ်ခွန်းကလွဲပြီး ကျန်တာ ဘာမှမပြောဘူး"

အာဏာသိမ်းပြီးနောက်ပိုင်း အွန်လိုင်းငွေကြေးစနစ်အသုံးပြုနေတဲ့ ဘဏ်စာရင်းတွေရဲ့ ငွေဝင်ငွေထွက်တွေကို သက်ဆိုင်ရာဘဏ်တွေကနေ ဗဟိုဘဏ်ကို နေ့တိုင်းအစီရင်ခံ ရတယ်လို့ ပုဂ္ဂလိကဘဏ် ဝန်ထမ်းတချို့က ပြောပါတယ်။

ဒီအကြောင်းကိုသိတဲ့ ပုဂ္ဂလိကဘဏ်တစ်ခုက လုံခြုံရေးကြောင့် နာမည်မပြောချင်တဲ့ အရာရှိတစ်ဦးက

“မြန်မာပြည်မှာရှိတဲ့ Kpay၊ AYAPay၊ WavePay၊ OnePay အကုန်လုံးပေါ့၊ ရှိသမျှ Pay အကုန်လုံး ဘဏ်မှာရှိတဲ့ Mobile App အကုန်လုံးကို ဗဟိုဘဏ်ကို ရီပို့ (အစီရင်ခံစာ) ပေးရတယ်။ နေ့စဉ်၊ လစဉ် ရီပို့ပေးရတယ်။ ပေးပြီးတော့ အဲဒီရီပို့တွေထဲမှာ တစ်ရက်ကို ငွေလွှဲအကြိမ်ရေ ဆယ်ကြောင်းထက် မနည်းလွှဲတာက တစ်အုပ်စု၊ အမြဲတမ်း သိန်း ၂၀ လွှဲနေတယ်ဆိုတဲ့ အုပ်စုတွေက တစ်အုပ်စု၊ သူတို့ကို စောင့်ကြည့်တယ်။ ပြီးမှ ဒီဟာက တခြားနယ်ဘက်တွေကို ထောက်ပံ့နေတယ်ဆိုတာ စောင့်ကြည့်ပြီးတော့ အဲဒီအကောင့် ကို လုံးဝကို ပိတ်လိုက်တယ်" လို့ RFA ကို ပြောပါတယ်။

KBZPay အသုံးပြုနေသူတစ်ဦးအား တွေ့ရစဉ်။ (Photo: RFA)
KBZPay အသုံးပြုနေသူတစ်ဦးအား တွေ့ရစဉ်။ (Photo: RFA)

မိုဘိုင်းဘဏ်စာရင်းတွေကို ပိတ်သိမ်းတာနဲ့ ပတ်သက်လို့ ဗဟိုဘဏ်တာဝန်ရှိသူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အခုလို တင်းကျပ်တဲ့စည်းမျဉ်းတွေ ချမှတ်တာဟာ ငွေကြေးလိမ်လည်မှုတွေနဲ့ အကြမ်းဖက်မှုတွေကိုတားဆီးဖို့ ဖြစ်တယ်လို့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲ မှာ ထည့်ပြောခဲ့ပါ တယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ စစ်ကောင်စီဟာ လက်နက်ကိုင်ခုခံမှုရဲ့ ရေသောက်မြစ်ကို ဖြတ်ဖို့ ကြိုးစားနေတာလို့ သုံးသပ်ပါတယ်။

"အမျိုးသားလုံခြုံရေး ခေါင်းစဉ်အောက်ကနေ ကြည့်ရမယ်ဆိုရင် အိုင်တီနည်းပညာ အရမ်းထွန်းကားလာတော့ အိုင်တီနည်းပညာကို သုံးပြီး အနောက်ကနေ ဘယ်သူ့မှ ခြေရာမခံနိုင်ခင်မှာပဲ ငွေကြေး အမြောက်အမြားကို ဟိုဘက်ကနေ ဒီဘက်ကို လွှဲနေတာ ရှိတယ်။ ဒါကို တင်းတင်းကျပ်ကျပ် မလုပ်နိုင်ခင်ကာလပတ်လုံး ထောက်ပံ့မှုတွေ များလာမယ်။ များလာရင် ပုန်ကန်မှုတွေပိုများလာမယ်။ ကြားထဲ မှာ ပြည်သူတွေ ဒုက္ခရောက်လာတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ဒီအဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ် တွေ ဆက်ပြီး မလုပ်နိုင်အောင် ရေသောက်မြစ်တစ်ခုကို ဖြတ်လိုက်တာပါ"

ဒီလုပ်ရပ်ဟာ PDF တွေတင်မဟုတ်ဘဲ အရပ်သားတွေရဲ့ လူမှုဘဝတွေကိုပါ ထိခိုက်စေ တယ်လို့ ရန်ကုန်မြို့က Yangon UG Association တာဝန်ခံ ဆရာကျောင်းက ပြောပါတယ်။

"ပွင့်ပွင့်လင်းလင်း ပြောရရင် ပြည်သူလူထုကို ပိုကျပ်တည်းအောင်လုပ်တာပေါ့၊ ပိုကျပ်တည်းသွားရင် ဒီတော်လှန်ရေးကို အာရုံမစိုက်နိုင်တော့ဘူးလေ။ ဒီထဲမှာ ထိခိုက်သွားတာကတော့ တော်လှန်ရေး ထောက်ပို့တင်မကဘူး ပြည်သူလူထုပါ ထိခိုက်တာ။ ပြည်သူလူထုရဲ့ စားဝတ်နေရေး၊ လုပ်ငန်းကိုင်ငန်းတွေ အကုန်ထိခိုက်တာ၊ အဲဒီလိုထိခိုက်တော့ တော်လှန်ရေးဘက်ကို မလှည့်နိုင်တော့မှာလေ အဲဒီလိုပုံစံလုပ်တာ ပါ"

မြန်မာနိုင်ငံမှာ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကို ၂၀၁၆ ခုနှစ်ကတည်းက ဗဟိုဘဏ်က ခွင့်ပြုခဲ့ပြီး၊ Wave Money၊ M- Pitesan (အမ် - ပိုက်ဆံ)၊ OK ဒေါ်လာ၊ Mytel Pay နဲ့ MPT Pay တွေအပြင် ပြင်တွင်း ပုဂ္ဂလိကဘဏ်တွေရဲ့ KBZ Pay၊ AYA Pay နဲ့ CB Pay တို့လို့ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုတွေလည်းရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။