ချင်းပြည်နယ်မှာ စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ

အာဏာသိမ်းပြီးနောက်ပိုင်း စစ်မြေပြင်ဖြစ်လာခဲ့တဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေ အခုရက်ပိုင်းတွေ အတွင်း အင်အားအလုံးအရင်း ဖြည့်တင်းနေပြီး ဒီနေ့မနက်ပိုင်းမှာလည်း စစ်ကား ၈၈ စီးဟာ ပခုက္ကူမြို့ကနေ မင်းတပ်မြို့ကို ဦးတည်လာနေတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းပိုင်းကတည်းက အခုလို စစ်အင်အားကို နေ့စဉ်တိုးချဲ့နေတာလို့ ချင်းဒေသကာကွယ်ရေးအဖွဲ့ PDF Zoland အဖွဲ့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရှင်းပြပါတယ်။
“အဲဒီမတိုင်ခင် သတင်းတွေလည်း ကြားရတယ်။ အင်တာနက် ဖြတ်မယ်ဆိုပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ဖြတ်ထားတာပါ။ စစ်ရေးတိုးချဲ့မှု အနေနဲ့တော့ ဒီရက်ပိုင်း တောက်လျှောက်ကတော့ ပြင်ဆင်မှုလို့ ပြောရမယ်ထင်တယ်။ စကစဘက်ကတော့ တော်တော်ကြီးကို လုပ်လာတာတွေ့ရတယ်။ ပြီးခဲ့တဲ့ ရက်တွေဆိုရင် တီးတိန်ဘက်ကို တင့်ကားခေါ်မလား၊ အပေါ်မှာသေနတ်ပါတဲ့ အဲလိုမျိုး ကားနှစ်စီးရယ် စစ်သားတွေရယ် တက်သွားတာတို့ ပြန်ဆင်းလာတာတို့ရှိတယ်”
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ချင်းတောင်ပေါ်ဘက်ကို ဦးတည်လာတဲ့ စစ်ကား အစီးရေ ၃၀ ကျော်ဟာ ဖလမ်းမြို့နယ်မှာရှိတဲ့ ဇောင်ကောင်းရွာအနီးမှာ သေနတ် တွေနဲ့ ပစ်ခတ်လို့ ရွာထဲမှာရှိတဲ့ အသက် ၁၅ နှစ်အရွယ်ဒေသခံတစ်ဦး ဒူးခေါင်းကျည်ထိမှန်ခဲ့တယ်လို့ ဒေသခံ ရွာသားတွေကပြောပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့ကလည်း စစ်ကားအစီး ၂၀ ကျော်နဲ့ သံချပ်ကာကား နှစ်စီးဟာ ချင်းပြည်နယ် တီးတိန်မြို့ကို ဦးတည်မောင်းနှင်သွားပြီး လမ်းမဘေးမှာရှိတဲ့ ဟိန်ဇိန်ရွာက နေအိမ်တွေထဲက ဆန် သုံးအိတ်၊ ကွန်ပျူတာတစ်လုံး၊ ဝက်တစ်ကောင်နဲ့ ပစ္စည်းအသုံးအဆောင် တချို့ကို ယူဆောင်သွားတယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ ရွာသားတွေကပြောပါတယ်။
စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့က အင်တာနက် ဖြတ်တောက်ပြီး နောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ အခုလိုအင်အား အလုံးအရင်း တိုးချဲ့နေတာကြောင့် တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာမှာကို စိုးရိမ်နေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထန်တလန် ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒါကတော့ စိုးရိမ်တာပေါ့ဗျာ။ ထန်တလန်မြို့ပေါ်မှာတော့ လူကမရှိပေမယ့် ထန်တလန် မြို့ပေါ် အနီးဆုံး နေရာမှာ ထွက်ပြေးနေတဲ့ စစ်ဘေးရှောင် ပြည်သူတွေ လူထုတွေက သူတို့ရွာအထိ လာနိုင်တယ်ဆိုပြီး ကြောက်နေတာပေါ့။ တချို့က ဒီထက်မကဝေးတဲ့ နေရာတွေမှာ တိမ်းရှောင်နေရတာတွေရှိတယ်။ အတိအကျ မသိရပေမယ့် လူထုအနေနဲ့ စဉ်းစားစရာတွေ၊ တွေးစရာတွေ၊ စိုးရိမ်စရာတွေ ရှိလာတာပေါ့”
ချင်းပြည်နယ်ထဲကို ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်ပစ်ပြီး လမ်းကြောင်းရှင်းလင်း တာတွေရှိလို့ ဟိန်ဇိန်၊ ဇောင်ကောင်၊ လုံဘမ်း စတဲ့ ကလေး-ဖလမ်း-တီးတိန် ကားလမ်းတစ်လျှောက် ရွာတွေက လူတွေဟာ စစ်ကောင်စီတပ်သားတွေ ဖြတ်သွားတိုင်း ထွက်ပြေးနေကြရတယ်လို့ဆိုပါတယ်။ ချင်းပြည်နယ်ဟာ ဧပြီလလောက် ကတည်းက အာဏာသိမ်းစစ်ကောင်စီကို ရိုးရာလက်လုပ်သေနတ်တွေနဲ့ ပြင်းပြင်းထန်ထန် ခုခံတော်လှန်နေတဲ့ ဒေသဖြစ်ပါတယ်။
အခုနောက်ပိုင်း စစ်ကောင်စီဘက်က အင်အားအလုံးအရင်း ဖြည့်တင်းလာပေမယ့် ဒေသကာကွယ်ရေးအဖွဲ့ တွေ ဘက်ကတော့ ကြီးကြီးမားမား ပြင်ဆင်တာမျိုးမရှိဘူးလို့ ချင်းဒေသကာကွယ်ရေး ကလေး-ကဘော်-ဂန့်ဂေါချိုင့်ဝှမ်း PDF အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ဘက်က ပြင်ဆင်မှုကတော့ တိုက်ပွဲအတွက်ကတော့ ကျွန်တော်တို့ဘက်က အများကြီး ပြင်ဆင်နိုင်တဲ့ အနေအထားမှာ မရှိဘူးပေါ့နော်။ မြေပြင်အခြေနေမှာ လှုပ်ရှားရတာ ခက်ခဲတာတွေလည်း ရှိတယ်ပေါ့နော်။ ကိုယ့်ဘက်မှာက မပြည့်စုံတာတွေက များတယ်ပေါ့နော်။ ပြည်သူလူထုကတော့ ဒီလို အနေအထားတွေ ဖြစ်လာတဲ့အခါမှာ ကြောက်လို့ပဲဖြစ်ဖြစ် ကောလဟလ သတင်းအမှားတွေကြောင့်ပဲ ဖြစ်ဖြစ် သူတို့ စစ်ဘေးရှောင်သလိုမျိုးနဲ့ သူတို့ရပ်ရွာတွေကို ခေတ္တခဏ စွန့်ခွာပြီးတော့မှ တခြား နေရာတွေမှာ ခဏရွှေ့ပြောင်းနေတာတွေ ကျွန်တော်တို့ကြားရပါတယ်။ တချို့နေရာတွေမှာလည်း တွေ့ရပါတယ်”
စစ်ကောင်စီက ချင်းပြည်နယ်မှာ စစ်အင်အား အလုံးအရင်းနဲ့ ဖြည့်တင်းနေသလို အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပြီးတော့လည်း ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"စစ်ရေးတိုးချဲ့မှုအနေနဲ့တော့ ဒီရက်ပိုင်းတောက်လျှောက် စကစဘက်က တော်တော်ကြီးကို လုပ်လာတာတွေ့ရတယ်။"
အောက်တိုဘာလ ၁၁ ရက်နေ့က ဟားခါးမြို့ CDM မှာပါဝင်တဲ့ တပ်ကြပ်ကြီး ဟင်လျန်ပြန်ရဲ့ အသက် ၆၀ အရွယ်မိခင်၊ မသန်စွမ်း ညီမနှစ်ဦးနဲ့ တူမနှစ်ဦးဟာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာကိုခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချင်းပြည်နယ်မှာ စစ်အင်အားတွေ အလုံးအရင်း ဖြည့်တင်းနေတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုတာ မရှိပါဘူး။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရပုဂ္ဂိုလ် Ravina Shamdasani ကတော့ ချင်းပြည်နယ် ကန်ပက်လက်နဲ့ ဟားခါးမြို့နယ်၊ စစ်ကိုင်းတိုင်းထဲက ကနီနဲ့ မုံရွာမြို့နယ်၊ မကွေးတိုင်းထဲက ဂန့်ဂေါမြို့နယ်တွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မြန်မာစစ်တပ်က လက်နက်အမြောက်အမြားနဲ့ စစ်အင်အားအများအပြား တပ်ဖြန့်ချထားတာနဲ့ အင်တာနက် ဖြတ်တောက်ခံထားရတဲ့ သတင်းတွေကြောင့် အထူးပဲစိုးရိမ်နေရတယ်လို့ အောက်တိုဘာလ ၈ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဒေသတွေမှာ ပြီးခဲ့တဲ့လအတွင်း မြန်မာစစ်တပ်က ရွာတွေထဲကို ဝင်စီးနင်းတာ၊ အိမ်တွေကို မီးရှို့ တာနဲ့ လူတွေကို သတ်ဖြတ်တာအပါအဝင် တိုက်ခိုက်မှုတွေ အရှိန်မြင့်လုပ်ဆောင်တဲ့ အထောက်အထားတွေကို ကုလသမဂ္ဂက ရရှိထားတဲ့ အကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်ပြီး မကျူးလွန်အောင် နိုင်ငံတကာအသိုင်းအဝိုင်းက တညီတညွတ်တည်း ထုတ်ဖော်ပြောဆိုကြဖို့ကိုလည်း ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကတော့ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းကနေ ဒီနေ့အထိ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ချင်းပြည်နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူပေါင်း ငါးသောင်း လောက်ရှိနေပြီလို့ ဆိုပါတယ်။ အဲဒီအထဲက သုံးသောင်းကျော်ဟာ အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးရောက်ရှိနေပြီး ကျန်တစ်သောင်းကျော် ကတော့ ဒေသတွင်းမှာ နီးစပ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဆိုပါတယ်။