တနင်္သာရီတိုင်းမှာ ၁၉ လအတွင်း ၂၀၀ ကျော်သေဆုံး၊ သတ်ဖြတ်မှုတွေ ပိုများလာ

2022.09.16
တနင်္သာရီတိုင်းမှာ ၁၉ လအတွင်း ၂၀၀ ကျော်သေဆုံး၊ သတ်ဖြတ်မှုတွေ ပိုများလာ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာမှ သေနတ်ဒဏ်ရာရရှိခဲ့သူအား ၂ဝ၂၂ ခုနှစ် ဧပြီလ ၂၈ ရက်နေ့က ထားဝယ်ဆေးရုံသို့ ပို့ဆောင်စဉ်
ဓာတ်ပုံ - ထားဝယ်မြို့နယ်ကြက်ခြေနီအသင်း

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ဩဂုတ်လကုန် အထိ ၁၉ လအတွင်း တနင်္သာရီတိုင်းမှာ အရပ်သား ၂၂၄ ဦး သေဆုံးခဲ့တယ်လို့ သုတေသန အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Southern Monitor အဖွဲ့က စက်တင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ပါ တယ်။

သတ်ဖြတ်ခံရမှုတွေဟာ ၂၀၂၂ ခုနှစ် ဧပြီလနောက်ပိုင်းမှာ ပိုများလာခဲ့ပြီး ဇွန်လနဲ့ ဩဂုတ် လတွေမှာဆိုရင် တစ်ရက်ကို အရပ်သား တစ်ယောက်နှုန်း အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

"သေသွားတော့ သူတို့ စစ်ကြောင်းထိုးတက်လာရင်းနဲ့ ဒီနယ်မြေထဲကို သယ်လာပြီးတော့ ဒီဘက်ကလုပ်သလိုမျိုး ပုံရိပ်ဖျက်တဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ဖူးတယ်”

၂၀၂၂ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့မှာ ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်က အသက် ၅၁ နှစ် အရွယ် ဦးစိုးမြင့်ကို စစ်ကောင်စီလက်အောက်ခံ ပျုစောထီးအဖွဲ့တွေက မေးမြန်းဖို့ဆိုပြီး ခေါ်သွားပြီး ၂၄ နာရီအတွင်းမှာပဲ အလောင်းကို လမ်းဘေးမှာ ပစ်ထားခဲ့တယ်လို့ ထားဝယ် မြို့ခံတွေက ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း ပုလောမြို့နယ်၊ ဂျက်ဂါးကျေးရွာက ရာဘာ ခြံမှာ အသက် ၂၇ နှစ်အရွယ် မဝေလင်းသူကို စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၂၈၅ က ပစ်ခတ်တာကြောင့် သေဆုံးခဲ့တယ်လို့ ပုလောမြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲကတော့ ပုံမှန်ဖြစ်လေ့ မရှိဘူး။ စစ်ကောင်စီက စစ်ကြောင်းထိုးလာတယ်။ လာတဲ့လမ်းမှာ ရွာသူတစ်ယောက်က ရာဘာခြစ်ဖို့ သွားတဲ့အခါမှာ စစ်ကောင်စီက ဒီဘက်က PDF တွေလာပြီဆိုပြီး လှမ်းပစ်တာတွေရှိတယ်။ ဒီမိန်းကလေးက သေသွား တာပေါ့။ ၂၅ နှစ်ဝန်းကျင်လောက်ရှိတယ်။ သမီးတစ်ယောက်နဲ့ သူ့မှာတော့။ သေသွား တော့ သူတို့ စစ်ကြောင်းထိုးတက်လာရင်းနဲ့ ဒီနယ်မြေထဲကို သယ်လာပြီးတော့ ဒီဘက် ကလုပ်သလိုမျိုး ပုံရိပ်ဖျက်တဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ဖူးတယ်”

အခုလို အရပ်သားသတ်ဖြတ်ခံရမှုတွေဟာ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ ထားဝယ် မြို့နယ်၊ ရေဖြူမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ အများဆုံးဖြစ်ပြီး၊ သရက်ချောင်း မြို့နယ်မှာတော့ တိုက်ပွဲအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရမှု ပိုများတယ်လို့ တနင်္သာရီတိုင်း ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ဒီလိုမျိုး အရပ်သားတွေ သတ်ဖြတ်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ရာမှာလည်း လက်ခံဖြေကြားခြင်း မရှိပါဘူး။

အခုနှစ် မေလ ၁၆ ရက်နေ့တုန်းကတော့ သူတို့တပ်တွေအနေနဲ့ အရပ်သား သေဆုံးမှုတွေနဲ့ ပတ်သက်လို့ စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း က RFA ကို ပြောခဲ့ပါတယ်။

“ဒါ ROE (ထိတွေ့ရာမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း) အတိုင်း ဆောင်ရွက်လျက် ရှိတယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်ရင်တော့ ကျနော်တို့အနေနဲ့ လုပ် ဆောင်ရမယ့် ကိစ္စတွေအတိုင်း လုပ်ဆောင်ရမှာဖြစ်တယ်။ သို့သော် စွပ်စွဲချက်တွေ ဖြစ်ပေါ်လာတဲ့ အကြောင်းအရင်းသည် နိုင်ရင်တော့ PDF ပေါ့ဗျာ။ ရှုံးရင်တော့ ရွာသူ ရွာသားဆိုပြီး ပြောနေတာရှိတယ်”

လက်ရှိအခြေအနေဟာ အရပ်သားတွေ သတ်ဖြတ်ခံရရင် နစ်နာသူမိသားစုက ရဲစခန်း တွေမှာ အမှုဖွင့် မတိုင်ကြားနိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်) အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အသတ်ခံရလို့ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) သွားတိုင်တာမျိုး မဟုတ်ဘဲနဲ့ လူ့အခွင့်အရေး ဝန်ကြီးဌာနတို့ ဘာတို့ ရှိတယ်လေ။ သူတို့က ဆက်သွယ်လာပြီးတော့ လာမေးမြန်းတာရှိတယ်။ သီးသန့်ကြီး သွားတိုင်တာတော့ မရှိဘူး။ ရဲစခန်းသွားတိုင်ဖို့ မရှိဘူးလေ။ သတ်တာကျတော့ သူတို့ပဲလေ။ ဒါကြောင့် သွားတိုင်ဖို့ဆိုတာ ထူးခြားလာ မှာလည်း မဟုတ်ဘူးလေ”

စစ်တပ်က အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတည်းမှာပဲ တနင်္သာရီတိုင်းမှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့သူ အင်အားအတော်များခဲ့ပြီး ရဲနဲ့ စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှု ကြောင့် အဲဒီ ဖေဖော်ဝါရီတစ်လတည်းမှာတင် လူငါးဦး သေဆုံးခဲ့ပြီး၊ မတ်လမှာတော့ သေဆုံးသူ ၁၅ ဦးအထိ ရှိခဲ့တယ်လို့ ၂၀၂၂ စက်တင်ဘာ ၁၁ ရက် Southern Monitor အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလထဲမှာတော့ အရပ်သားသေဆုံးသူ ၂၈ ဦး၊ ဇွန်လမှာ ၃၁ ဦး၊ ဩဂုတ်လမှာ အမျိုးသမီး တစ်ဦး အပါဝင်၂၉ ဦးအထိ အရပ်သားသေဆုံးမှု မြင့်တက်လာတယ်လို့ အခုနှစ် ဩဂုတ်လအတွင်း သေဆုံးသူတွေထဲမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်း တွေကြောင့် သေဆုံးရသူ ကိုးဦး ပါဝင်နေပြီး PDF တပ်ဖွဲ့တွေက စစ်တပ်သတင်းပေး ဒလန်အဖြစ် စွပ်စွဲပြီး သတ်ဖြတ်ခဲ့သူက ၁၀ ဦး ရှိပါတယ်။ ကျန်သေဆုံးသူတွေကတော့ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကိုတောင် မသိရဘူးလို့ ဆိုပါတယ်။

တနင်္သာရီတိုင်းမှာ အခုနောက်ပိုင်း အရပ်သားသေဆုံးမှုတွေ များလာတာဟာ အပြန်အလှန် သတ်ဖြတ်မှုတွေကြောင့်ဖြစ်တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်) အဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“လက်နက်ကိုင်တော်လှန်ရေးမှာမှ လက်နက်ကိုင်ပဠိပက္ခတွေ ဖြစ်လာတာမျိုးတွေ လည်း ရှိတာပေါ့နော်။ သူ့ဘက် ကိုယ့်ဘက်။ စစ်တပ်ဘက်က အစကတည်းက ပြည် သူတွေကို လိုက်သတ်နေတာပဲလေ။ အဲဒီလို စစ်သားကနေ ပြည်သူတွေကို ရက်ရက် စက်စက် သတ်ဖြတ်လိုက်တာမျိုးတွေရှိတယ်။ တော်လှန်ရေးအင်အားစုတွေက ဒလန် လုပ်တဲ့သူတွေ၊ အဲဒီလိုမျိုး လူတွေကို ပြန်သတ်တာမျိုးတွေ ရှိတယ်ဗျာ။ အဲဒီကျတော့ ဟိုဘက်က သတ်ခံရပြီဆိုရင် စစ်တပ်ဘက်က ပိုပြီးရက်ရက်စက်စက် လုပ်လာတာမျိုး တွေ ရှိတယ်ပေါ့နော်။ ဒီဟာတွေကြောင့်ပဲ အခုလိုမျိုး (အရပ်သားသေဆုံးမှု) ပိုများတာ လာတာလို့ပဲ ကျနော်တော့ မြင်တယ်"

death-bodies-launglon.jpeg
လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာနဲ့ ရင်းဘုတ်ရွာကြားတွင် အသတ်ခံထားရသည့် လူငယ် သုံးယောက်ရဲ့ ရုပ်အလောင်းများအား ၂၀၂၂ ဖေဖော်ဝါရီ ၅ ရက်က တူးဖော်ခဲ့ကြစဉ် (ဓာတ်ပုံ - စေတနာရှင် အခမဲ့ ကုသိုလ်ပြု လူမှုကူညီ သယ်ဆောင်ရေးအသင်း (ညင်းမော်))

Southern Monitor အဖွဲ့ ထုတ်ပြန်ချက်မှာတော့ အာဏာသိမ်းအစောပိုင်းကာလတွေမှာ ရဲနဲ့ စစ်တပ်က ဆန္ဒပြလူအုပ်ကို ပစ်ခတ်ဖြိုခွင်းတာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် သေဆုံးမှု များခဲ့ပေမယ့် အခု ၂၀၂၂ ခုနှစ်ထဲမှာတော့ ဒေသကာကွယ်ရေးတပ်တွေနဲ့ သွေး သောက်အဖွဲ့တွေအကြား အပြန်အလှန် သတ်ဖြတ်မှုတွေကြောင့် သေဆုံးသူအရေအတွက် ပိုများလာတာလို့ ဖော်ပြထားပါတယ်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဒေဝီကျေးရွာမှာ ဇူလိုင်လ ၉ ရက်နေ့ ညပိုင်းက ဒလန် လို့ စွပ်စွဲခံရသူ ဦးကျော်ဟိန်းရဲ့ အိမ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ဝင်ရောက်ပစ် ခတ်ရာကနေ ဇနီးဖြစ်သူ အသက် ၄၀ အရွယ် ဒေါ်ဖြူသန်းနဲ့ တူမဖြစ်သူ အသက် ခုနစ်နှစ် အရွယ် မငုဝါနိုးတို့ ကျည်ထိမှန်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ အသက် ခုနစ်နှစ်အရွယ် မငုဝါနိုး သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ လောင်းလုံး) နဲ့ ပကဖ (ထားဝယ်) တို့က ဇူလိုင်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

Southern Monitor အဖွဲ့ရဲ့ စက်တင်ဘာ ၁၁ ရက် ထုတ်ပြန်ချက်မှာတော့ စစ်အာဏာ သိမ်းပြီးနောက် တနင်္သာရီတိုင်းမှာ ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြမှုပေါင်း အကြိမ် ၃၅၀၀ ကျော် ဖြစ်ခဲ့ပြီး အဲဒီအထဲမှာ လောင်းလုံးမြို့နယ်က ၁၇၀၀ ကျော်အထိ ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီအဖွဲ့ရဲ့ စက်တင်ဘာ ၅ ရက် ထုတ်ပြန်ချက်မှာလည်း တနင်္သာရီတိုင်းမှာ ဒေသကာ ကွယ်ရေးတပ် PDF၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တပ်အကြား တိုက်ပွဲတွေကြောင့် ဒေသခံအရပ်သား ၄၆၀၀ ကျော် ဘေးလွတ်ရာကို ထွက် ပြေးတိမ်းရှောင်နေရကြောင်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။