အာဏာသိမ်းပြီးနောက် နေအိမ်နဲ့ အဆောက်အအုံ ၃၈၀၀၀ ကျော်မီးရှို့ဖျက်ဆီးခံရ

2022.11.17
အာဏာသိမ်းပြီးနောက် နေအိမ်နဲ့ အဆောက်အအုံ ၃၈၀၀၀ ကျော်မီးရှို့ဖျက်ဆီးခံရ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်နှင့် ကောလင်းမြို့နယ် အစပ်ရှိ ဂုံညင်ရှိုကျေးရွာအား စစ်ကောင်စီတပ်မှ မီးရှို့ခဲ့သည်အား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်နဲ့ အဆောက်အအုံ ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က နိုဝင်ဘာလ ၈ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

မီးရှို့ဖျက်ဆီးခံရမှု အများစုဟာ လက်နက်ကိုင်ခုခံမှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားခဲ့တာပါ။ စစ်ကိုင်းတိုင်းအတွင်း နေအိမ်နဲ့ အဆောက်အအုံ ၂၆,၉၇၀ လုံး ဆုံးရှုံးခဲ့တယ်လို့ ISP-Myanmar ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

ဒေသခံတွေကတော့ ဒီလိုမီးရှို့ဖျက်ဆီးမှုတွေကို စစ်ကောင်စီတပ်သားတွေက ကျူးလွန်ခဲ့ကြတာလို့ RFA ကို ပြောပါတယ်။

"အိမ်ကတော့ ဘာမှကို ရစရာမရှိတော့ပါဘူး။ ပြာပုံပဲရှိပါတော့တယ်”

စစ်ကောင်စီတပ်သားတွေဟာ လူနေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ရှေ့တင်ကို လေက တောင်လေတိုက်နေရင် တောင်ဘက်က စရှို့တာ။ အနောက်လေ တိုက်နေရင် အနောက်က စရှို့တာ။ အရှေ့လေ တိုက်နေရင် အရှေ့ကစရှို့တာ။ ဒီလိုပုံစံတွေ တွေ့ရတယ်။ မီးရှို့ထားတဲ့ နေရာတွေ သွားကြည့်တယ်။ လောင်စာတွေကို အကုန်လုံး သူတို့က မလောင်လောင်အောင် အိမ်တွေရဲ့ အထဲမှာ ကျန်ရစ်တဲ့ စောင်၊ အဝတ်အစား နောက် တခြားစာအုပ်တွေကိုပါ စုပြီးတော့ လောင်နိုင် တဲ့နေရာမှာ ပုံပြီးတော့ အိမ်ကြီးတွေရဲ့ သစ်သားတွေ ရှိတဲ့နေရာမှာ ပုံပြီးရှို့တာမျိုး တွေ့ရတယ်။ တချို့အိမ်တွေဆိုရင် အဲဒီလို ပုံထားတယ်။ မလောင်သွားဘူး။ မလောင်ဘဲနဲ့ အဲဒီလိုတွေလည်း တွေ့ရတယ်။ အထောက်အထားတွေလည်း ရှိပါတယ်”

အခုလို အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာက PDF တွေကို ရိက္ခာဖြတ်တောက်ဖို့ ရည်ရွယ်ပုံရတယ်လို့ သူက ပြောပါတယ်။

ISP- Myanmar ရဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ နေအိမ်နဲ့ အဆောက်အအုံ ၇၃၆ လုံးမီးရှို့ ဖျက်ဆီးခံခဲ့ရပြီး ဒေသခံ ၁၄၅၀၀ နီးပါး အိုးအိမ် စွန့်ခွာထွက်ပြေးနေရတာပါ။

နိုင်ငံတစ်ဝန်းက မြို့နယ် ၈၁ ခုမှာ နေအိမ်နဲ့ အဆောက်အအုံတွေ မီးရှို့ဖျက်ဆီးခံထားရပြီး လက်ရှိအချိန်အထိ ပျက်စီးဆုံးရှုံးမှုတွေ ဆက်လက်မြင့်တက်နေတယ်လို အစီရင်ခံစာက ဆိုပါတယ်။ ဒီနှစ် အောက်တိုဘာလအတွင်းမှာပဲ စစ်ကိုင်းတိုင်းက နေအိမ်နဲ့ အဆောက်အအုံ ၁,၁၂၄ လုံးနဲ့ မကွေးတိုင်းက ၃၇၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

အောက်တိုဘာလ၂၉ ရက်က မကွေးတိုင်း ရေစကြိုမြို့နယ် သံပြာချောင်းရွာကို စစ်ကောင်စီ တပ်တွေ ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့လို့ နေအိမ်ဆုံးရှုံးခဲ့တယ်လို့ သံပြာချောင်းရွာက ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ပါသွားတာကတော့ ခန့်မှန်းလို့တောင် မရနိုင်ပါဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ တင် ထွက်ပြေးရတာပါတော်။ အဝတ်တစ်ထည်နဲ့ ထွက်ပြေးရတာ ဘာမှမရလိုက်ပါဘူး။ တစ်အိမ်လုံး အရှို့ခံရတာရှင့်။ မီးဖိုးချောင်တွေရော၊ အိမ်ကတော့ ငါးပင်အိမ်ပါ။ ငါးပင် အိမ်ဆိုတာ ပျဉ်ထောင်အိမ်ပါရှင့်။ သွပ်မိုး အကာနဲ့ပါ။ ညကြီးထွက်ပြေးရတာဆိုတော့ ဘာမှမရလိုက်ပါဘူး။ အခုက အမျိုးနေအိမ်မှာ ကပ်နေရပါတယ်။ အိမ်ကတော့ ဘာမှကို ရစရာမရှိတော့ပါဘူး။ ပြာပုံပဲရှိပါတော့တယ်”

သံပြာချောင်းရွာက နေအိမ် ၁၂၀ နီးပါး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံတွေအားလုံး ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သူက ပြောပါတယ်။

ဒီလိုမီးရှို့ဖျက်ဆီးမှုတွေကြောင့်ပဲ စစ်တပ်ဟာ အရပ်သားတွေရဲ့ နာကျည်းမုန်းတီးမှုတွေကို ပြန်ခံရလိမ့်မယ်လို့ စစ်ကိုင်းတိုင်းက လွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်က ထောက်ပြပါတယ်။

“စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ကတော့ အထမြောက်မှာ မဟုတ်ဘူးဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ အခုလက်ရှိ စစ်ကိုင်းတိုင်းမှာ နေအိမ်တွေ အမြောက်အမြား မီးရှို့ခံရတယ်။ ကျေးရွာတွေ မီးရှို့ခံရတယ်။ ဒါပေမဲ့ ပြည်သူတွေဘက်က တော်လှန်ရေး အင်အားစု တွေကို ထောက်ခံတာတွေက လျော့မသွားဘူးပေါ့နော်။ ပိုပြီးတော့ သူတို့ လုပ်စရာရှိ တာတွေကို တိုးပြီးတော့မှ လုပ်လာတယ်ပေါ့နော်။ သူတို့ ရည်ရွယ်တာကတော့ ပြည်သူလူထုကို အကြောက်တရား သွင်းတာပေါ့။ ဒါပေမယ့် အကြောက်တရားထက် နာကျည်းမှုတွေ မုန်းတီးမှုတွေကိုပဲ သူတို့ ပြန်ရသွားတယ်ပေါ့နော်။ ဒါက မြေပြင် ဖြစ်စဉ်တွေကို ကြည့်ရင်လည်း ပိုပြီးတော့ သိသာပါတယ်”

ရန်ကုန်မြို့က တရားလွှတ်တော် ရှေ့နေတစ်ဦးကတော့ အရပ်သားတွေရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ မီးရှို့ဖျက်ဆီးနေသူတွေဟာ အာဏာရှိသူတွေဖြစ်နေလို့ ပြည်တွင်းမှာ သူတို့ကို အရေးယူနိုင်မယ့် အခြေအနေမရှိဘူးလို့ သုံးသပ်ပါတယ်။

ဒါပေမဲ့ တရားဥပဒေစိုးမိုးတဲ့အချိန်မှာတော့ ဒီလုပ်ရပ်တွေကို ပြန်ပြီးထိထိရောက်ရောက် အရေးယူနိုင်လိမ့်မယ်လို့ သူက ပြောပါတယ်။

“လက်ရှိကတော့ ဒီကိစ္စမျိုးတွေကို နစ်နာသူက သွားရောက်တိုင်တန်းရင်လည်းပဲ အရေးယူပေးမယ့် အနေအထား မရှိဘူး။ လက်ရှိကာလမှာတော့ အဖွဲ့အစည်း တစ်ရပ်ရပ်ကနေ ဦးဆောင်ဦးရွက်ပြုပြီးတော့ပဲ နိုင်ငံတကာ တရားရုံး တစ်ခုခုမှာ တရားစွဲဆိုမယ်ဟေ့ ဆိုရင်တော့ ဒါထိရောက်လိမ့်မယ်ပေါ့လေ။ သို့သော် ကာလတစ်ရပ် လွန်မြောက်သွားပြီးတော့ တရားဥပဒေ စိုးမိုးတဲ့ကာလကျရင်တော့ နစ်နာသူတွေများက ရာဇသတ်ကြီးပုဒ်မ ၄၃၆ အရ ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို တရားဝင် တိုင်ကြားပြီးတော့ ဥပဒေနဲ့အညီ အရေးယူပေးဖို့ တိုင်ကြားခွင့်ရှိတယ်။ ဥပဒေနဲ့အညီ အရေးယူပိုင်ခွင့် ရှိပါတယ်”

နိုင်ငံတကာ ဥပဒေနဲ့ စစ်ဘက်ဆိုင်ရာ ဥပဒေတွေအရလည်း စစ်ဆင်ရေးနယ်မြေအတွင်းမှာ နိုင်ငံသားတွေရဲ့ အရပ်ဘက် ပစ်မှတ်တွေ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကို ဖျက်ဆီးခြင်း မပြုရလို့ သတ်မှတ်ပြဌာန်းထားပါတယ်။

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၃၆ မှာလည်း ကိုးကွယ်မှုနေရာအဖြစ် ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေ၊ လူနေအိမ်တွေနဲ့ ပစ္စည်းသိုလှောင်ထိန်းသိမ်းတဲ့နေရာတွေကို မီးရှို့ဖျက်ဆီးတာ၊ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေနဲ့ ဖျက်ဆီးတာတွေ ကျူးလွန်တဲ့သူဟာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းဖြစ်စေ၊ ထောင်ဒဏ် ၁၀ နှစ်အထိဖြစ်စေ ချမှတ်နိုင် တယ်လို့ ပြဌာန်းထားပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူ့ရဲ့တပ်သားတွေဟာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ မလုပ်ဘူးလို့ ဒီနှစ် သြဂုတ်လ ၁၇ ရက်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noeleen Heyzerနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း သူတို့တပ်ဖွဲ့တွေက နေအိမ်တွေကို မီးရှို့တယ်ဆိုတာ စွပ်စွဲချက်တွေသာဖြစ်ပြီး အရပ်သားတွေထိခိုက်အောင် လုပ်စရာ အကြောင်းမရှိဘူးလို့ RFA ကို အကြိမ်ကြိမ်ပြောဆိုဖူးပါတယ်။

ဒါပေမဲ့ RFA က မေးမြန်းခဲ့တဲ့ နေအိမ်မီးရှို့ခံရသူတွေနဲ့ ဒေသခံတွေကတော့ စစ်ကောင်စီ တပ်သားတွေဟာ လက်တွေ့မြေပြင်မှာ ရွာတွေကို မီးရှို့ဖျက်ဆီးနေတာလို့ အခိုင်အမာ ပြောဆိုပါတယ်။

thanpyarchaung-village.jpg
မကွေးတိုင်း ရေစကြိုမြို့နယ် သံပြာချောင်းရွာ မီးရှို့ခံထားရသည်အား ၂၀၂၂ ခုနှစ် အောက်တိုဘာလ၂၉ ရက်က တွေ့ရစဉ်။ (Photo: U Waiyan Naing)

ဒီရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို အရေးယူရမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“အခု ဖြစ်ပွားနေတဲ့ ရာဇဝတ်မှုမှန်သမျှ ရွာတွေ၊ အိမ်တွေကို သောင်းနဲ့ချီပြီး မီးရှို့နေတဲ့ ကိစ္စတွေက ကျနော်တို့ တကယ့်ကို စုံစမ်းစစ်ဆေးမှုတင် မကဘဲ အရေးယူရမှာဖြစ်တယ်။ ဒီလိုမျိုး ရွာတွေကို ဖျက်ဆီးတာက သဘာဝဘေးဒဏ်ကြောင့် မီးလောင်တာတွေ မဟုတ်ဘူး။ သဘာဝဘေးဒဏ်ကြောင့် မီးလောင်တာဆိုရင် အာမခံကြေးရှိတဲ့အခါ အာမခံကြောင့် ပြန်လျော်ပေးရတယ်။ အခုဖြစ်တာတွေက ဘဝတွေ၊ အသက်တွေဖြစ် တယ်။ ဒီလိုမျိုး အရာတွေကို ကျနော်တို့က တရားဥပဒေအရ အကာအကွယ်ပေးဖို့ အတွက် တာဝန်ကိုရှိတယ်။ လုပ်ကို လုပ်ရမှာဖြစ်တယ်”

မြန်မာနိုင်ငံအနေနဲ့ မဖြစ်မနေဖြတ်သန်းရမယ့် အသွင်ကူးပြောင်းရေးကာလမှာ အဖြစ်မှန် တွေ ဖော်ထုတ်ရမှာဖြစ်သလို ကျူးလွန်ခံရသူတွေကိုလည်း ပြန်လည်ကုစားပေးမယ့် အစီအစဉ်တွေကိုပါ ဆောင်ရွက်ရလိမ့်မယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ISP-Myanmar ကတော့ မီးရှို့ဖျက်ဆီးခံရမှုတွေက ၂၀၂၂ ခုနှစ်အတွင်းမှာ ပိုမြင့်တက် လာပြီး ပျက်စီးဆုံးရှုံးမှု စုစုပေါင်း ပမာဏရဲ့ ၉၄ ရာခိုင်နှုန်းကျော်ဟာ ဒီနှစ်အတွင်း ဖြစ်ပေါ်ခဲ့တာလို့ ထောက်ပြထားပါတယ်။

လက်ရှိအချိန်အထိတော့ အရပ်သားတွေရဲ့ နေအိမ်နဲ့ အဆောက်အအုံတွေ မီးရှို့ဖျက်ဆီး ခံနေရတာနဲ့ ပတ်သက်လို့ ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူနိုင်တာမျိုး မရှိသေးပါဘူး။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာအန်တိုနီယို ဂူတားရက်ကတော့ မြန်မာ ပြည်သူတွေ မယုံနိုင်လောက်အောင် ဆိုးရွားတဲ့ဒုက္ခတွေ ခံစားနေရပေမယ့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာဟာ မြန်မာ့အရေးကို ဖြေရှင်းဖို့ပျက်ကွက်ခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးညီလာခံအပြီး သတင်းစာရှင်းလင်းပွဲမှာ ဝန်ခံပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။