အမေရိကကို ပြောင်းခွင့်ရပြီးမှ နောက်ပြန်လှည့်သွားရသူများ
2025.02.05
ကိုစောဘလို့ ဒီသတင်းမှာ အမည်လွှဲထားတဲ့သူဟာ ထိုင်း-မြန်မာနယ်စပ် အုန်းဖျန်ဒုက္ခသည်စခန်းမှာ ၁၆ နှစ် နေခဲ့ရပြီးတဲ့နောက်မှာတော့ အမေရိကန်ပြည်ထောင်စုကို မိသားစုနဲ့အတူ ပြောင်းရွှေ့အခြေချခွင့်ရတဲ့အတွက် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ စခန်းကနေ ထွက်လာခဲ့ရပါတယ်။ သူတို့အသုတ်မှာ အိမ်ထောင်စု ရှစ်စုက လူ ၂၆ ယောက်ပါခဲ့တာပါ။
ဒုက္ခသည်ကိစ္စတွေဆောင်ရွက်တဲ့ နိုင်ငံတကာရွှေ့ပြောင်းသွားလာမှုကူညီရေးအဖွဲ့ IOM ဝန်ထမ်းတွေက သူတို့ ၂၆ ယောက်ကို အုန်းဖျန်စခန်းကနေ ဘန်ကောက်မြို့ကိုပို့ဖို့အတွက် ပထမခရီးတထောက်အနေနဲ့ မဲဆောက်မြို့က Eco Inn ဟိုတယ်ကို ပို့လိုက်ပါတယ်။ ဒါကြောင့် မကြာခင်မှာ ဘဝသစ်အတွက် ဘန်ကောက်မြို့ကနေတစ်ဆင့် လေယာဉ်စီးပြီး အမေရိကကိုသွားဖို့ သေချာတဲ့ခရီးစဉ်ပဲလို့ တွက်ဆထားကြတာပါ။
ဒါပေမဲ့ မဲဆောက်မှာနေပြီး သုံးရက်အကြာမှာတော့ စခန်းကိုပဲပြန်ရမယ်ဆိုပြီး IOM ဝန်ထမ်းတွေက သတင်းဆိုးလာပြောတဲ့အတွက် ကိုစောဘတို့ရဲ့ အမေရိကန်ခရီးစဉ်အိပ်မက် ပျက်ပြယ်ပြီး အရုပ်ကြိုးပြတ်ခံစားခဲ့ရပါတယ်။
“ကျွန်တော်တို့ မဲဆောက်ဟိုတယ်မှာ ရောက်တယ်၊ ၃ ရက်နေတယ်၊ နောက်ဆုံးပြန်လာရမယ့်ရက် မတိုင်ခင်တစ် ရက်မှာ လာပြောတယ် ဒီလူဒီလူတွေကတော့ ပြန်ရမယ် အဲလိုပြောပြီးတော့ ပြန်လွှတ်လိုက်တယ်၊ ၁၃၊ ၁၄ မရောက်ခင် ၁ လပိုင်းအတွင်းမှာပဲ ဟိုဖက်ကနေ ဒုက္ခသည်တွေ ယာယီရပ်ဆိုင်းမယ်ဆိုတဲ့သတင်း ထွက်ပေါ်လာတယ်၊ အဲဒီအပေါ်မှာ ကျွန်တော်တို့ မျှော်လင့်ချက်မရှိတော့ဘူးပေါ့”
ကိုစောဘတို့ဟာ အမေရိကသွားရမှာ သေချာခဲ့တဲ့အတွက် သူတို့ရဲ့ပစ္စည်းတွေကိုလည်း အိမ်နီးချင်း မိတ်ဆွေတွေကို ခွဲဝေပေးခဲ့ပြီးပြီဖြစ်သလို ခုနစ်တန်းနဲ့ နှစ်တန်းအရွယ် သားနဲ့သမီးကိုလည်း ကျောင်းကနေ နုတ်ထွက်ပြီး စာအုပ်စာတမ်းတွေလည်း မရှိတော့ပါဘူး။
“အသုံးအဆောင်ပစ္စည်းတွေက ကိုယ်ကသွားရပြီဆိုတော့ အသိမိတ်ဆွေတွေကို ဝေခွဲပေးလိုက်ပြီလေ၊ ကိုယ့်မှာရှိတဲ့ အဝတ်အစားမှအစပေါ့နော်၊ ပြန်လာတော့ အဲဒါတွေအခက်အခဲဖြစ်တယ်၊ နောက်တစ်ခုကကျတော့ ကလေးတွေရဲ့ ပညာရေးပေါ့၊ ကလေးတွေက ကျောင်းထုတ်ထားလိုက်ပြီလေ သေချာပြီဆိုတော့၊ အဲဒီကြားထဲမှာ ကလေးတွေက တစ်လလောက် ကျောင်းမတက်ကြရတော့ အခုပြန်လာတဲ့အခါကျတော့ ဖိုင်နယ်စာမေးပွဲက ဖြေခါနီး၊ ပြီးတော့ သူတို့စာအုပ်တွေ နုတ်ဘုတ်တွေကလည်း ကျွန်တော်တို့က အိမ်သန့်ရှင်းရေးလုပ်ကတည်းက ရှင်းလင်းပြီးတော့ ပစ်ပလိုက်တဲ့အခါကျတော့ ပြန်လာတဲ့အခါ စာအုပ်တွေမရှိတော့တာတွေ အခက်အခဲဖြစ်တာပေါ့၊ ကျောင်းပြန်တက်တဲ့အခါ စာတွေက ပြန်ကြည့်စရာမရှိတော့ဘူး ကလေးပညာရေးက ဒီနှစ်ကတော့ အောင်မယ်လား မအောင်လား မပြောတတ်တော့ဘူးပေါ့”
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတကာက ဒုက္ခသည်တွေခေါ်တဲ့ကိစ္စကို ဆိုင်းငံ့လိုက်တယ် ဆိုတဲ့ အမိန့်ထွက်လာပြီးတဲ့နောက်မှာ ထိုင်း-မြန်မာနယ်စပ်က ကိုစောဘအပါအဝင် ဒုက္ခသည်တွေလည်း အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့နေထိုင်ခွင့် မရေရာဖြစ်သွားရပါတယ်။
အုန်းဖျန်ဒုက္ခသည်စခန်းမှာ အမေရိကန်နိုင်ငံမှာ အခြေချခွင့်ရပြီး IOM က ပို့ပေးမယ့်အချိန်ကို စောင့်နေတဲ့သူပေါင်း ၄၀၀ လောက်ရှိပြီး သူတို့ရဲ့အိပ်မက်တွေလည်း မရေရာတော့ပါဘူး။
“ဆေးတွေဘာတွေ ပြီးပြီးသား၊ အစအဆုံးပြီးပြီးသား စာရင်းအစအဆုံးလည်း ပြီးပြီးသား လက်ခံစာလည်း ရပြီးသား ဒီထွက်ဖို့လေးတစ်ခုတည်းကိုပဲ စောင့်နေရတဲ့သူက ၄၀၀ လောက်ရှိတယ်၊ သူတို့ လုပ်ပေးတဲ့အထိ ကိုယ်တွေက စောင့်တာတော့စောင့်ရမှာပဲပေါ့၊ စားဝတ်နေရေးကတော့ တစ်ခုခုက စဉ်းစားရမှာပေါ့ လုပ်ငန်းကိုင်ငန်းတွေ ဒါက ဘာဖြစ်လို့လည်းဆိုတော့ ကလေးနှစ်ယောက်ရဲ့ ပညာရေးတွေရော ကျွန်မတို့ရဲ့ ရပ်တည်ရေးအတွက် စားဝတ်နေရေးက ရှိသေးတယ်လေ၊ လောလောဆယ် ဘာထူးလာမလဲဆိုတာ ကြည့်နေတာလေ၊ ဘာထူးလာမလဲဆိုတာ ကြည့်နေတာပေါ့၊ သူတို့က ၃ လ ဆိုင်းငံ့ဆိုတဲ့သဘောမျိုးလေး နဲနဲပြထားတယ်၊ ဘာဖြစ်မယ်မဖြစ်ဘူးက အတိအကျမပြောနိုင်ဘူးပေါ့နော်”
အသက် ၅၁ နှစ်အရွယ် ဒေါ်သင်းမင်းစိုးဟာ ပဲခူးတိုင်းဇာတိဖြစ်ပြီး အုန်းဖျန်ဒုက္ခသည်စခန်းမှာ ၁၆ နှစ် ရှိနေပါပြီ။ ဒုက္ခသည်ဘဝကနေ လွတ်မြောက်ဖို့ဆိုတာ ကိုယ်တိုင်ဖန်တီးလို့ရတာ မဟုတ်တဲ့အတွက် မမျှော်လင့်ရဲဘူးလို့ ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီ ၂၈ ရက်ထုတ်ပြန်ချက်မှာ ဒုက္ခသည်တွေကို သူတို့နိုင်ငံမှာ မလုံခြုံလို့ပြန်ပို့မယ့်ကိစ္စတွေ၊ ဒါမှမဟုတ် လုံခြုံမယ့်တတိယနိုင်ငံကို ပို့မယ့်ကိစ္စတွေအတွက် ဆိုင်းငံ့အမိန့်ကနေ ကင်းလွတ်ခွင့်ပြုမယ်ဆိုတဲ့အချက် ထည့်သွင်ထားတာတွေ့ရပါတယ်။ ဒါပေမဲ့ ဘယ်လို ဆောင်ရွက်မလဲဆိုတာတော့ အသေးစိတ်မဖော်ပြထားပါဘူး။
ဒုက္ခသည်စခန်းတာဝန်ခံနဲ့ ဒုက္ခသည်အရေးဆောင်ရွက်ပေးတဲ့ ရုံးတွေကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါမှာလည်း ဒီအကြောင်းတွေကို ပြောခွင့်မရှိတဲ့အတွက်ဆိုပြီး တာဝန်ခံဖြေကြားမယ့်သူ မရှိပါဘူး။
လောလောဆယ်မှာတော့ စခန်းပြန်ရောက်လာတဲ့သူတွေ စားဝတ်နေရေးအတွက် စခန်းတာဝန်ရှိသူတွေကပဲ ဖြေရှင်းပေးရမယ်လို့ အမည်မဖော်လိုတဲ့ ကူညီပေးနေသူတစ်ယောက်က ပြောပါတယ်။
“သူတို့က စခန်းထဲပြန်ရောက်တော့ တစ်အချက်ကတော့ ရိက္ခာအခက်အခဲရှိမယ်၊ နှစ်ကတော့ နေရာ ထိုင်ခင်းအခက်အခဲပေါ့၊ တချို့ဆိုလည်း အမျိုးတွေ အသိတွေ ပေးမယ်၊ တချို့ဆိုလည်း ရောင်းချသွား တယ်ပေါ့နော်၊ သူတို့ပြန်ပြီးတော့ ပြန်ရောက်တဲ့အခါ စခန်းထဲမှာ နေရာထိုင်ခင်း အခက်အခဲရှိနိုင်တာပေါ့၊ စခန်းရဲ့လုပ်ထုံးလုပ်နည်းအရဆိုလို့ရှိရင်တော့ အကုန်လုံးပြဿနာရပ်ပေါင်းစုံကို စခန်းလူကြီးတွေက တာဝန်ယူပြီးတော့ ကိုင်တွယ်ပေးတယ်ပေါ့”
ဆက်နွှယ်သောသတင်းများ
အမေရိကန် ပညာသင်ဆု မြန်မာလူငယ်တွေအတွက် မျှော်လင့်ချက်လမ်းစ ဖြစ်လာ
မြန်မာအတွက်ပေးတဲ့ ပညာတော်သင်ဆုအစီအစဥ် အမေရိကန်ရပ်ဆိုင်း
အမေရိကန်အစိုးရ ဆိုင်းငံ့ထားတဲ့ ထောက်ပံ့မှုတွေပြန်ရဖို့ ဆောင်ရွက်မယ်လို့ NUG ပြော
ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာဆောင်ရွက်ပေးတဲ့ နယ်စပ်တစ်လျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအသင်းကြီး (TBC) ရဲ့စာရင်းတွေအရ မြန်မာ-ထိုင်းနယ်စပ်မှာ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို (မယ်ရမ လူဝမ်း)၊ မယ်လအူး၊ ဘန့်ဒုံယမ်း၊ ထမ်ဟင်းနဲ့ ကရင်နီဒုက္ခသည်စခန်းတွေဖြစ်တဲ့ မယ်ဆူရင်းနဲ့ မိုင်နိုင်ဆွိုင်ဆိုတဲ့ စခန်းကိုးခုရှိပြီး ခန့်မှန်းလူဦးရေ တစ်သိန်းနှစ်သောင်းလောက် ရှိပါတယ်။
လွန်ခဲ့တဲ့အနှစ် ၃၀ ကျော်အတွင်း မြန်မာပြည်က ဒုက္ခသည်တွေကို အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဩစတြေးလျ၊ နော်ဝေ၊ ဗြိတိန်၊ ဂျပန်နဲ့ တခြားနိုင်ငံတချို့က ခေါ်ပေးတာတွေရှိပေမဲ့ အမေရိကန်ပြည်ထောင်စုက အများဆုံးခေါ်ပေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်ကနေ ၂၀၂၄ မတ်လအထိ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့အခြေခွင့်ရသွားတဲ့ မြန်မာဒုက္ခသည် ၇၆၀၀၀ ရှိတယ်လို့ ထိုင်းနိုင်ငံ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်ရဲ့ အစိုးရသက်တမ်းမကုန်ခင် ၂၀၂၄ နိုဝင်ဘာနဲ့ ဒီဇင်ဘာလမှာလည်း ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာဒုက္ခသည်ရာနဲ့ချီပြီး အမေရိကကို ခေါ်ယူခဲ့ပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၊ IOM၊ TBC နဲ့ ထိုင်းနိုင်ငံက တာဝန်ရှိသူတွေရဲ့ တုံ့ပြန်ချက်ရဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။