အစ္စလာမ်ဘာသာဝင်ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲမှာ ပါဝင်လာ

ကျော်လွင်ဦး
2020.08.05

နိုဝင်ဘာရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီတချို့က ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းစာရင်းတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေထဲမှာ အစ္စလာမ်ဘာသာဝင်တွေ ပါဝင်လာပါတယ်။ ဒါဟာ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ပထမဆုံး အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်းဦးရေ သိသိသာသာ ပါဝင်လာတာဖြစ်ပါတယ်။

လူနည်းစု ကိုယ်စားလှယ်တွေကို အကူအညီပေးဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ “ခွင့်တူညီမျှ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီ” က ပြုစုထားတဲ့ စာရင်းအရ မွတ်စလင်ကိုယ်စားလှယ်လောင်း ၂၅ ဦး ရှိပါတယ်။ ရန်ကုန်တိုင်းမှာ ၁၅ ဦးနဲ့ ရခိုင်ပြည်နယ်မှာ ၁၀ ဦးပါ။

ပါတီကိုယ်စားပြုသူတွေကတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်ပါတီ၊ အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီတို့ကနေ ဝင်ပြိုင်ကြမှာဖြစ်ပါတယ်။

“ခွင့်တူညီမျှရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ” ဥက္ကဋ္ဌ ကိုညီညီက ဘာသာရေး၊ လူမျိုးရေးနဲ့ လူနည်းစုတွေ အပေါ် ခွဲခြားဆက်ဆံတာတွေကို တိုက်ဖျက်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် လူနည်းစု ကိုယ်စားလှယ်အားလုံးကို ထောက်ခံတယ်လို့ RFA ကို ပြောပါတယ်။

"ကျနော်တို့ လူနည်းစုတွေဆိုတာက အမြဲတမ်းအသံပျောက်နေတယ်ပေါ့၊ ခွဲခြားဆက်ဆံခံရတာတွေရှိတယ်၊ ညှဉ်းပန်းနှိပ်စက်ခံရတာတွေရှိတယ်၊ အခွင့်အရေးဆုံးရှုံးတာတွေရှိတယ်၊ လူနည်းစုဆိုတဲ့နေရာမှာ ဒေသ အလိုက် လူနည်းစုဖြစ်နေတဲ့သူတွေရှိသလို့ သူရဲ့ကိုးကွယ်ယုံကြည်မှုပိုင်းဆိုင်ရာနဲ့ လူနည်းစုဖြစ်နေတာ ရှိတယ်၊ ခွဲခြားဆက်ဆံမှုဆိုတဲ့ဝါဒကြီးတခုကို ကျနော်တို့အနေနဲ့ ဆန့်ကျင်မယ်၊ တိုက်ဖျက်မယ်၊ ကျနော်တို့နဲ့ မူဝါဒတူတယ်၊ တတိုင်းပြည်မှာ တမြေထဲနေတရေထဲသောက်၊ နိုင်ငံသားခြင်းအတူတူဆိုတဲ့စိတ်ဓာတ် မွေးနိုင်တဲ့လူတွေအားလုံးကို ကျနော်တို့လက်တွဲသွားမယ်၊ ထောက်ခံသွားမယ်"


ဒီနှစ်ရွေးကောက်ပွဲမှာ လူနည်းစု လူ့အခွင့်အရေးအတွက် ရည်မှန်းချက်နဲ့ ပါဝင်ယှဉ်ပြိုင်မယ့်ပါတီတွေထဲမှာ အစ္စလာမ် ဘာသာဝင်အများစုနဲ့ ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီလည်း ပါဝင်ပါတယ်။ ဒီပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ CRPP လို့ခေါ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဝင်ပါဝင်ခဲ့တဲ့ ဦးကျော်မင်း ဦးဆောင်တဲ့ ပါတီဖြစ်ပါတယ်။ ဦးကျော်မင်းနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်အရေးကို တစိုက်မတ်မတ် လှုပ်ရှားခဲ့တဲ့ပါတီဖြစ်ပါတယ်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်မရခဲ့ပါဘူး။ ဒါပေမဲ့ လာမယ့် ရွေးကောက်ပွဲမှာ ရခိုင်ပြည် နယ်နဲ့ ရန်ကုန်တိုင်းက နေရာ ၂၆ နေရာမှာ ဝင်ပြိုင်ဖို့ ပြင်ဆင်ထားတာပါ။ အစ္စလာမ်ဘာသာဝင်တွေအများစုရှိတဲ့ မောင်တောခရိုင်မှာ ခုနှစ်ဦးနဲ့ စစ်တွေခရိုင်မှာ လေးဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်သလို ရန်ကုန်တိုင်းမှာလည်း ငါးဦး ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မအောင်မြင်ခဲ့ပေမယ့် မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲကို လက်မလျှော့ဘဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ တွန်းအားဖြစ်စေတာက လူနည်းစုတွေ နိုင်ငံသားအခွင့်အရေးတန်းတူရဖို့ မျှော်လင့်ချက် ကြောင့်ဖြစ်တယ်လို့ ပါတီရဲ့ အတွင်းရေးမှူး ဦးကျော်စိုးအောင်က ပြောပါတယ်။

"ပထမတော့ ပါတီကြီးပေါ့၊ နောက်ရွေးကောက်ပွဲမှာလည်း ဒီမိုကရေစီစံရှိတဲ့ပါတီကလည်း အနိုင်ရခဲ့တယ်၊ လောလောဆယ် လူ့အခွင့်ရေးနဲ့ ပတ်သက်ပြီးတော့ ဒီမိုကရေစီနဲ့ ပတ်သက်ပြီးတော့ နိုင်ငံသားအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ မယ်မယ်ရရလုပ်လာတာ မရှိသေးဘူး၊ ကျနော်တို့ပါတီက နိုင်ငံတော်မှာဆုံးရှုံးနေတဲ့ ဒီမိုကရေစီအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးကို တစိတ်တဒေသအနေနဲ့ ပါနိုင်အောင် ၂၀၂၀မှာ ဝင်ရောက်ယှဉ်ပြိုင်တာ"

ပြီးခဲ့တဲ့ ၂၀၁၀ လွှတ်တော်အခင်းအကျင်းမှာ မွတ်စလင်ကိုယ်စားလှယ်တချို့  လွှတ်တော်ထဲရှိခဲ့ပေမယ့် မွတ်စလင် ၂၈ ယောက် အပါအဝင် ကိုယ်စားလှယ်လောင်း ခြောက်ထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာတော့ အစ္စလာမ်ဘာသာဝင် ကိုယ်စားပြုသူမရှိတဲ့ လွှတ်တော်ဖြစ်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း လျှောက်ထားတဲ့အခါ ဘာသာနေရာမှာ အစ္စလာမ်ဆိုတာပါလို့ လျှောက်လွှာ အပယ်ခံခဲ့ရဖူးတယ်လို့ ပါတီခေါင်းဆောင်တွေကဆို ပါတယ်။

အဲဒီလို အပယ်ခံခဲ့ရပေမယ့်လည်း နိုင်ငံသားတစ်ယောက်အနေနဲ့ ရွေးချယ်ခံခွင့်ရှိတယ်ဆိုတာ ပြသဖို့ ဒီတကြိမ် ရွေးကောက်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်တာလို့ ပါတီရဲ့ တွဲဖက်အတွင်းရေးမှူးချုပ် ၁ ဦးအေးကို က ပြောပါတယ်။

"၁၂ ယောက်တင်တယ် ၁၁ ယောက်ပယ်ချခံရတယ်၊ ဘယ်နေရာမှာပယ်ခံထိလဲဆိုတော့ အကုန်လုံးကို ကြည့် ပြီးတော့ ဘာသာဆိုတဲ့နေရာကျရင်ပယ်တယ်၊ တယောက်ပဲ မပယ်တယ်၊ နိုင်ငံ့ဂုဏ်ရည်ဆုရထားတဲ့သူရဲ့ သားကလွဲပြီး အကုန်ပယ်တယ်၊ ကျနော်တို့အကုန် အယူခံပြန်တက်ရတယ်၊ အဲဒီမှာအဓိကအကြောင်းပြတာက မိဘရဲ့နိုင်ငံသားဖြစ်မှုကို သံသယရှိပါသဖြင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ခံထိတယ်၊ ဒါတွေက တကယ် ကျနော်တို့ခံစားရတာပေါ့၊ ကျနော်ဆိုလည်း အစိုးရဝန်ထမ်းလုပ်ခဲ့တာဘဲ၊ တကယ်ကျတော့ ကျနော်တို့က နိုင်ငံသားအခွင့်အရေး အပြည့်အဝမရဘူး၊ အဲဒီခံစားချက်ပဲ၊ ကျနော်တို့နိုင်ငံသားတွေနဲ့ တန်းမတူဘူး၊ ဘာသာ ရေးကြောင့်လား ဘာလားတောမသိဘူး၊ အမြဲတမ်းတဆင့်အနှိမ့်ခံရတယ်၊ အဲဒီအယူအဆကို ခြေဖျက်ချင် တယ်၊ ကျနော်တို့က နိုင်ငံသားဖြစ်တယ်၊ နိုင်ငံသားအခွင့်အရေးကျနော်တို့မှာရှိတယ်၊ မဲပေးခွင့်ရှိသလို့ အရွေးချယ်ခံပိုင်ခွင့်လည်းရှိတယ်ဆိုတာကို အကောင်ထည်ဖော်ချင်တယ်"

၂၀၁၅ ရွေးကောက်ပွဲမှာ  အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီက  ကိုယ်စားလှယ်လောင်းအားလုံးနီးပါးကို တိုင်းအဆင့်ကော်မရှင်က ပယ်ချလို့ ဗဟိုအဆင့် ကော်မရှင်အထိ အယူခံတက်ရောက် ဖြေရှင်းပြီးတဲ့နောက်မှာမှ ကိုယ်စားလှယ်လောင်းအားလုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။  ဒီရွေးကောက်ပွဲမှာလည်း အလားတူ အပယ်ချခံရမလား၊ အယူခံတက်ရတဲ့ အခြေအနေတွေ ရင်ဆိုင်ရဦးမလားဆိုတဲ့ စိုးရိမ်စိတ်တော့ ရှိနေပါသေးတယ်။

အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီကတော့ ရန်ကုန်တိုင်းမှာ ကိုယ်စားလှယ် လေးနေရာနဲ့ မန္တလေးတိုင်းမှာ ချမ်းအေးသာဇံမြို့နယ် ပြည်သူ့လွှတ်တော် တစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန်မြို့နယ် ပြည်သူ့လွှတ်တော်နေရာကနေ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကို ကျော်နေမင်းက မွတ်ဆလင်တွေနဲ့ပတ်သက်ပြီး ဒီနိုင်ငံမှာ နိုင်ငံရေးအပါအဝင် ကဏ္ဍပေါင်းစုံမှာ ခွဲခြားမှုတွေရှိနေတယ်လို့ RFA ကို ပြောပါတယ်။

"တိုင်းပြည်က လူနည်းစုအရေးကျရင် သူတို့အားလုံးတူသွားတယ်၊ ဘာလို့ဒီအချက်ကိုပြောလည်းဆိုတော့ လွှတ်တော်မှာ ကမ္ဘာကြီးနဲ့ပတ်သက်တဲ့ အဖြစ်အပျက်တွေ အထူးသဖြင့် မွတ်စလင်ကိစ္စတွေ အများကြီး တက်သွားတယ်၊ ဒါပေမဲ့ လွှတ်တော်ကဆုံးဖြတ်ခဲ့ခြင်းမရှိဘူး၊ ဒီတိုင်းပြည်မှာ ရာခိုင်နှုန်းအားဖြင့် သူတို့ ပြောတဲ့ လေးရာခိုင်နှုန်း၊ ကျနော်တို့ယူဆတဲ့ ၁၀ ရာခိုင်နှုန်းရှိတဲ့ လူနည်းစုနဲ့ပတ်သက်ရင် လွှတ်တော်က လျစ်လျူရှုတယ်၊ မွတ်စလင်ကိစ္စတက်လာတိုင်း NLD ရော၊ USDP ရော စစ်တပ်ရော တသံထဲသွားတယ်လို့ မြင်တဲ့အတွက်ကြောင့် လွှတ်တော်မှာ ကျနော်တို့အသံထုတ်ဖို့အတွက် ဝင်ဖို့လိုအပ်တယ်ထင်လို့ သွားချင်တာ"

ကိုကျော်နေမင်းဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရရင် သူ့အနေနဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ လွှတ်တော်ထဲမှာ တင်ပြဖို့ ရည်ရွယ်ထားသူပါ။  

“ခွင့်တူညီမျှ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ” က ဦးဖိုးလှိုင်က  လူနည်းစုတွေအပေါ်  ခွဲခြားဆက်ဆံမှု တွေကို တိုက်ဖျက်နိုင်ရေးကို မဲဆွယ်ကာလမှာ လုပ်ဆောင်သွားနိုင်မယ်လို့ ဆိုပါတယ်။

"ကျနော်တို့အောက်ခြေမှာလည်း ကိုယ်စားလှယ်လောင်းတွေ အောင်နိုင်ရေးလုပ်ရင်းနဲ့ ဒီအသံတွေထုတ်သွား မယ်၊ နောက် ကျနော်တို့နဲ့ပြိုင်တဲ့ ကိုယ်စားလှယ်တွေလည်း ဒီအသံတွေဟာ သူတို့အတွက် ဘယ်လောက် ထိခိုက်သလဲ၊ ဥပမာဗျာ ကျနော်တို့ သာကေတမှာ သွားပြိုင်တယ်၊ ကျနော်တို့က နိုင်ချင်လို့မဟုတ်ဘူး၊ ကျနော်တို့အသံက သာကေတက ပြည်သူတွေနားထဲရောက်သွားမယ်၊ ပြည်သူတွေက ဒီလိုပြောဆိုနေတာ တွေဟာ တကယ်တရားတယ်၊ တကယ်ဖြစ်သင့်တယ်လို့ပြောရင် NLD အမတ်ကလည်း လေးစားလာမယ်၊ ဒါတွေကမှန်ပါလား၊ ဒါကတချိန်လွှတ်တော်ထဲ ရောက်သွားမယ်၊ ကျနော်တို့က ဝင်တာနဲ့နို င်မယ်လို့ တွက်ပြီးသား၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့အဲဒါတွေ ပြောလို့ရပြီလေ၊ ကျနော်တို့ကိုယ်စားလှယ် ကျွမ်းကျင်ရင်ကျွမ်းကျင်သလောက်၊ ခွဲခြားဆက်ဆံမှုကို တိုက်ဖျက်သွားလို့ရတယ်၊ ကျနော်တို့ လွှတ်တော်ထဲ ရောက်မှ တိုက်မှာမဟုတ်ဘူး၊ လွှတ်တော်ထဲရောက်ချင်မှလည်းရောက်မယ်၊ဒါပေမဲ့ ကျနော်တို့အသံကတော့ လွှတ်တော်ထဲရောက်သွားမယ်လို့ ကျနော်ယုံကြည်တယ်"

ဘာသာရေးနဲ့ လူမျိုးရေး လှုံ့ဆော်မှုတွေများခဲ့တဲ့ ၂၀၁၅ ကာလမှာ NLD ပါတီအပြင် ပါတီကြီးတွေဟာ အစ္စလာမ်ဘာသာဝင်တွေကို ကိုယ်စားလှယ်လောင်းစာရင်းထဲ ထည့်သွင်းခြင်း မရှိခဲ့ပါဘူး။

အရင်က ကိုယ်စားလှယ်လောင်းစာရင်းထဲတောင် မပါဝင်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ အခုဆိုရင် ရွေးကောက်ပွဲဝင်မယ့် လျာထားစာရင်းထဲ ပါဝင်လာပြီဖြစ်သလို၊ အားပေးဝန်းရံမယ့်ကော်မတီကိုလည်း စနစ်တကျဖွဲ့စည်းလာတဲ့ အခြေအနေတရပ် ရှိလာပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။