နေအိမ်မှဖယ်ရန် စစ်ကောင်စီရဲ့ကြိုးစားမှု ဥပဒေအရရင်ဆိုင်မည်ဟု ဗြိတိန်သံအမတ်ဟောင်းပြော

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.07.05
နေအိမ်မှဖယ်ရန် စစ်ကောင်စီရဲ့ကြိုးစားမှု ဥပဒေအရရင်ဆိုင်မည်ဟု ဗြိတိန်သံအမတ်ဟောင်းပြော ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းအား ၂ဝ၂၁ ခုနှစ် ဧပြီလ ၈ ရက်နေ့က လန်ဒန်မြို့ မြန်မာသံရုံးရှေ့တွင် တွေ့ရစဉ်။
Photo: Reuters

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း ကို ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် မတ်လမှာ စစ်ကောင်စီက ရာထူးက ဖယ်ရှားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို အခုအချိန်ထိ သူနေထိုင်လျှက်ရှိတဲ့ လန်ဒန်မြို့ရှိ သံအမတ်ကြီးနေအိမ်ကနေ စစ်ကောင်စီက လန်ဒန်မှာရှိတဲ့ အကျိုးဆောင်လုပ်ငန်းတစ်ခုကို ငှားရမ်းဆောင်ရွက်နေတယ်လို့ သတင်းရရှိပါတယ်။

တကယ်လို့ အဲဒီလိုလုပ်ဆောင်လာခဲ့မယ်ဆိုရင် သူ့အနေနဲ့လည်း ဥပဒေအရ ပြန်လည်ရင်ဆိုင်မှာဖြစ်တယ်လို့ ဦးကျော်စွာမင်း က RFA ကို မနေ့က ပြောပါတယ်။

“တရားရုံးမှာ လျှောက်ပြီးမှ တရားရုံးရဲ့အမိန့်ရမှ ကျနော်က ဖယ်ရမှာပါ။ တရားရုံးက အမိန့်ရရင်လည်း ကျနော်က အယူခံ ဝင်လို့ရတာပဲ။ အဲဒီ Law firm ဥပဒေအကျိုးဆောင်အဖွဲ့ကလည်း ဒီစစ်တပ်အမှုကို သူတို့ဘက်က လိုက်ပေးမယ်ဆိုရင်တော့ သူရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကတော့ ထိခိုက်နိုင်စရာ ရှိတာပဲ။ မြန်မာပြည်မှာ ဒီလောက်ဖြစ်နေတဲ့ အခြေအနေကို မျက်ကွယ်ပြုပြီးတော့ ပိုက်ဆံတစ်ခုတည်းနဲ့ လုပ်ပေးမယ် ဆိုရင်တော့ သူတို့ကို (အများသူငါက) လက်မခံဖို့ များတာပေါ့။”

လတ်တလောရက်ပိုင်းအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာပြည်မှာ ဒီမိုကရေစီပြောင်းလဲရေးအစီအစဉ် ပြန်လည်စတင်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်း အားလုံး ပါဝင်ဆွေးနွေးကြဖို့ စစ်ကောင်စီကို တိုက်တွန်းခဲ့ပါတယ်။ သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်း က ဒါဟာ တရုတ်အစိုးရအနေနဲ့ သံတမန်ထုံးစံအတိုင်း ပြောရိုးပြောစဉ်တစ်ခုမျှသာဖြစ်ပါတယ်လို့ ဝေဖန်ပါတယ်။

“တရုတ်ပြည်ကတော့ မြန်မာစစ်တပ်ကို အစကတည်းက အသိအမှတ်ပြုတာပါပဲ။ အခုမှ ပြုတာမှ မဟုတ်တာ။ တရုတ်ကလည်း ဒီပွဲမှာက သူက တော်တော်အခရာ ကျနေတဲ့နေရာ ဖြစ်နေတဲ့ ဒီလမ်းကြောင်းပဲ သူက ပြုရမှာပဲ။ ဗမာပြည်မှာ ငြိမ်းချမ်းဖို့အတွက်လည်း ဆွေးနွေးပွဲမှ ပြီးမှာပဲ။ တရုတ်က အားပေးတယ်ဆိုတာကလည်း နိုင်ငံတကာရှေ့မှာ သံတမန်နည်းနဲ့ ဒီလိုပဲ ပြောကြမှာပဲ။ ဒါပေမဲ့ လုပ်တာ မလုပ်တာကတော့ စစ်တပ်မှာ မူတည်တာပဲ”

တရုတ်ဝန်ကြီး ဝမ်ယိ ပြောကြားသလို သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ မြန်မာပြည်မှာ ပေါ်လာရေးအတွက် စစ်ကောင်စီက ဆောင်ရွက်ပါ့မလားဆိုတဲ့အချက်ကို မြန်မာ့နိုင်ငံရေးအကဲခတ်တွေက သံသယရှိပါတယ်။ စစ်ကောင်စီအနေနဲ့ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ NUG အမျိုးသားညီညွတ်ရေးအစိုးရ စသဖြင့် ဒီမိုကရေစီပြန်လည်ရရှိရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ထားပြီး အခုအချိန်ထိ ဆက်ဆံခြင်း မရှိပါဘူး။ ဦးကျော်စွာမင်းကတော့ မြန်မာ့နိုင်ငံရေး အဖြေရှာမယ်ဆိုရင် ဒီအဖွဲ့အစည်းတွေကို ချန်လှပ်ထားလို့ မရဘူးလို့ ပြောပါတယ်။

“ဒီအဖွဲ့တွေကို ချန်ထားလို့မှ မရတာ။ ဒါက သမိုင်းက ဖြစ်လာတဲ့ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းတွေ။ ငြိမ်းချမ်းရေး ဖြစ်စေချင်တဲ့ ဆန္ဒအရ ဆိုရင်တော့ အားလုံးတော့ ခေါ်ရမှာပဲ ရှောင်လို့မရဘူး။ ဒေါ်စုလည်း လွှတ်ပေးရမှာပဲ သမ္မတကြီးလည်း လွှတ်ပေးရမှာပဲ။ ဒါမှအားလုံးက အနှစ်သာရ ရှိမှာပေါ့။ ကိုယ်လုပ်ချင်သလို လုပ်လို့မရဘူး သမိုင်းဖြစ်လာပြီကိုး။ အားလုံး စကားပြောကြမယ်ဆိုရင်တော့ စကားဝိုင်းမှာ အကုန်ပါသင့်တာပေါ့။ တစ်ခုချင်း ယုံကြည်မှု တည်ဆောက်ပြီးမှ သွားရမယ့် လမ်းကြောင်း။ အဲ့ဒီလိုမှ မလျှောက်နိုင်ဘူးဆိုရင်လည်း ဘယ်လိုမှ ညှိနှိုင်းလို့မရဘူး။ ကျနော် ရိုးရိုးသားသား ပြောရရင်တော့ ပြည်သူလူထု မပါတဲ့ တိုင်းပြည်ကိုလည်း စစ်တပ်က တည်ဆောက်လို့မရဘူး။ အခုဆန့်ကျင်နေတဲ့ အဖွဲ့တွေကလည်း နေပြည်တော်ကို မနက်ဖြန်လည်း မသိမ်းနိုင်ဘူး။ သဘက်ခါလည်း မသိမ်းနိုင်ဘူး။ တစ်လလည်း မလွယ်သေးဘူး။ ဒီကြားထဲမှာ ဘာဖြစ်မလဲ ဆိုတော့ ကိုယ့်ရဲ့ ပြည်သူပြည်သားတွေ ကျောင်းသားတွေ ကလေးတွေပဲ သေမှာ။ အဲ့ဒါကို ပြန်ပြီးတော့ စဉ်းစားဖို့တော့ ကောင်းတယ်လို့ ထင်တယ်”

“တိုင်းပြည်ကာကွယ်ဖို့ စစ်တပ်ကတော့ မရှိမဖြစ်ပါရမှာပဲ။ သို့သော်လည်း ဘယ်လိုမျိုး တိုင်းပြည်ကို ဆက်ဆံတယ်၊ မဆက်ဆံဘူးဆိုတာ အဲ့ဒါ မူတည်တယ်”

သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်း ဟာ မြန်မာစစ်တပ်မှာ ဗိုလ်မှူးကြီးတာဝန်ထမ်းဆောင်ခဲ့ရာကနေ သံတမန်လောကကို ကူးပြောင်း ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ လက်ရှိစစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းတွေထဲမှာ သူ့မိတ်ဆွေသူငယ်ချင်းတွေ ရှိတာမှန်ပါတယ်။ ဒါဟာ အမှန် ပကတိအချက်ဖြစ်တယ်။ ဒါပေမယ့် သူဟာ ဒီမိုကရေစီစနစ်ကို ခိုင်မာယုံကြည်သူဖြစ်တယ်၊ ဒီမိုကရေစီနိုင်ငံတွေမှာ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုကို လက်မခံပါဘူးလို့လည်း ဦးကျော်စွာမင်း ကပြောပါတယ်။

“တိုင်းပြည်ကာကွယ်ဖို့ စစ်တပ်ကတော့ မရှိမဖြစ်ပါရမှာပဲ။ သို့သော်လည်း ဘယ်လိုမျိုး တိုင်းပြည်ကို ဆက်ဆံတယ်၊ မဆက်ဆံဘူးဆိုတာ အဲ့ဒါ မူတည်တယ်။ ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတွေမှာ စစ်တပ်က ကာကွယ်ရေးနဲ့ပတ်သက်ပြီးပဲ ယူတာပဲ။ စစ်တပ်ကို တိုင်းပြည်အုပ်ချုပ်ရေးကဏ္ဏမှ မပေးထားတာ။ နောက်တခါ စစ်တပ်က တစ်ခုခုဖြစ်လို့ရှိရင် တိုက်ဖို့ ခိုက်ဖို့အတွက်ပဲ သင်ကြားထားတာ ဖြစ်တဲ့အတွက် တိုက်ဖို့ ခိုက်ဖို့ပဲ စဉ်းစားမှာပဲ။ ခုနကပြောတဲ့ နိုင်ငံရေးသမားတွေလို စကားဝိုင်းမှာ ဖြေရှင်းမယ်၊ ပြောမယ် ဆိုမယ် ဆိုတာမျိုး သူတို့မှာမှ မရှိတာ။ အဲဒီတော့ အဖြေကတော့ ရှင်းပါတယ်။ ကျနော်လည်း မယုံကြည်ပါဘူး။ နိုင်ငံရေးလောကမှာ စစ်တပ်က ဝင်ပြီးလုပ်ရမယ်လို့ ကျနော်တော့ မထင်ဘူး။ ဝင်ပါနေလို့လည်း ပြီးမှ မပြီးပဲ။ နှစ်ပေါင်းများစွာ ရှိနေပြီ”

တစ်ဆက်တည်းမှာပဲ ဦးကျော်စွာမင်းက သူဟာ မြန်မာပြည်အတွက် သူ့နည်းသူ့ဟန်နဲ့ ဆောင်ရွက်နေတာတွေ ရှိတယ်လို့ ပြောပါတယ်။

“အခုအိမ်မှာ နေနေတာလည်း ကျနော့်နည်းနဲ့ ကျနော် လုပ်နေတာပဲ။ ဒေါ်စုကို လွှတ်ရမယ်။ သမ္မတကြီးကို လွှတ်ပြီးတော့ မြန်မာနိုင်ငံရှေ့လျှောက်အနာဂတ်အတွက် ဆွေးနွေးကြပါ။ စကားဝိုင်း သွားပါလို့ တိုက်တွန်းနေတဲ့ ဟာပဲလေ။ အပြင်ထွက်ပြီး လမ်းမပေါ်ဆန္ဒပြတာတို့ သံရုံးမှာ ဆန္ဒပြတာတို့ကလည်း တစ်ပိုင်းပေါ့။ ကျနော် ကူညီနိုင်တာ ကူညီတယ်၊ လုပ်ပေးနိုင်တာ လုပ်ပေးတယ်”

သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းရဲ့ သဘောထားအချို့ပါ။ သူ့ကို လက်ရှိနေအိမ်ကနေ ဖယ်ရှားဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ပြောကြားချက်ကို လတ်တလော မရရှိနိုင်သေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။