မြန်မာ-ဘင်္ဂလားဒေ့ရှ် အပြန်အလှန် တပ်ဖြန့်

မိုးမြင့်
2020.10.09
rakhine-army-622.jpg ရခိုင်ပြည်နယ်မှာ ကင်းလှည့်နေတဲ့ တပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: AFP

မြန်မာ့တပ်မတော်က စစ်သည်အင်အား ၂၅၀၀ ကျော်ကို မောင်တောနယ်စပ်မှာ တပ်ဖြန့်ချထားတဲ့အကြောင်း ဘင်္ဂလာသတင်းစာတွေက စက်တင်ဘာ ၁၄ ရက်နေ့မှာ ဖော်ပြခဲ့ကြပါတယ်။ တစ်ပတ်ကျော်အကြာမှာ ဘင်္ဂလားဒေ့ရှ်ကလည်း တန်ပြန် တပ်ဖြန့်ချထားပါတယ်။ မြန်မာက ကြိုတင်အသိမပေးဘဲ တပ်ဖြန့်ချတဲ့ကိစ္စကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌအထိ တိုင်ကြားထားပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲဖြစ်ပွားနေတာ ၂၀၁၈ နှစ်ကုန်ကတည်းက ဆိုပေမယ့် မောင်တောမှာ တိုက်ပွဲမဖြစ်သလောက်နည်းပါတယ်။ ဒီလိုနေရာကို တပ်မတော်က အင်အား အလုံးအရင်းချတာ ဘာကြောင့်ပါလဲ။     

တပ်ပြေးနှစ်ဦး ICC ကိုလွှဲပြီးနောက်


မောင်တောနယ်စပ်မှာ တပ်မတော်ရဲ့ကွပ်ကဲမှုအောက်မှာရှိတဲ့ နယ်ခြားစောင့်တပ် ငါးခု မကရှိပါတယ်။ ဒီတပ်တွေက ကျီးကန်းပြင်၊ ကြိမ်ချောင်း၊ အလယ်သန်ကျော်၊ တောင်ပြိုလက်ဝဲ၊ အင်းဒင်၊ မြို့သူကြီးစတဲ့ နေရာတွေမှာ အထင်အရှား တည်ရှိပါတယ်။ နယ်ခြားစောင့်လည်းရှိပြီး၊ တိုက်ပွဲမဖြစ်တဲ့ မောင်တောကို အင်အားအလုံးအရင်း တိုးချဲ့ချထားတဲ့ဖြစ်ရပ်က တပ်ပြေးနှစ်ဦးကို ရက္ခိုင့်တပ်တော် AA က နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ကို လွှဲပေးတာနဲ့ တိုက်ဆိုင်နေပါတယ်။

(ICC) တရားရုံးရှိရာ နယ်သာလန်မှာရောက်ရှိနေတဲ့ တပ်ပြေးနှစ်ဦးဟာ ရိုဟင်ဂျာခုနှစ်သိန်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရတဲ့ ၂၀၁၇ တပ်မတော် ရှင်းလင်းရေးစစ်ဆင်ရေးတုန်းက ရိုဟင်ဂျာရွာသားတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူတွေဖြစ်ကြောင်း New York Times  သတင်းစာက စက်တင်ဘာ ၈ ရက်နေ့မှာဖော်ပြပါတယ်။ သူတို့နှစ်ဦးဟာ တပ်မတော်ရဲ့ တပ်ပြေးဖြစ်ကြောင်း တပ်မတော် ဘက်ကလည်း ဝန်ခံထားပါတယ်။ (Dakha Tribune) သတင်းစာကတော့ တပ်ဖြန့်ကျက်မှုမလုပ်ခင် စက်တင်ဘာ ၁၁- ၁၂ ရက်နေ့တွေတုန်းက တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေ နေပြည်တော်မှာ အစည်းဝေး ကျင်းပခဲ့တယ်လို့ ဖော်ပြပါတယ်။

တပ်မတော်ဖက်က တပ်ဖြန့်ချထားတဲ့ကိစ္စကို တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။ နယ်စပ်တွေမှာ တပ်ဖြန့်လှုပ်ရှားရင် နိုင်ငံတကာစည်းမျဉ်းအတိုင်း တစ်ဖက်ကိုနိုင်ငံကို အသိပေးရပေမယ့်၊ ဘင်္ဂလားဒေ့ရှ်ရော၊ မြန်မာဖက်ကပါ အသိပေးခဲ့ခြင်းမရှိကြပါဘူး။  ဒီကိစ္စနဲ့ပတ်သတ်ပြီး တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို အောက်တိုဘာ ၆ရက်နေ့မှာ RFA မေးတဲ့အခါ သာမန်တပ်ဖြန့်လှုပ်ရှားမှုလို့ဆိုပါတယ်။

“သာမန် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေပဲရှိပါတယ်။ အဲဒီနေရာမှာ အင်အားထပ်တိုးချထားစရာလည်း ကျနော်တို့ပြောသလိုပဲ AA/ ARSA သတင်းအရ၊ လုံခြုံရေးအရ ကုန်းတွင်းပိုင်းမှာ လှည့်လည်လှုပ်ရှားမှုတွေ ဆောင်ရွက်ရတာပဲရှိတယ်။”

နယ်စပ်တပ်ဖြန့်တဲ့ကိစ္စဟာ AA လက်ထဲရှိနေတဲ့ နောက်ထပ်စစ်သားတွေကို ဘင်္ဂလားဒေ့ရှ်ဖက်ကနေတစ်ဆင့် နိုင်ငံတကာအဖွဲ့အစည်းတွေဆီကို ထပ်ပို့မှာစိုးရိမ်လို့ တပ်မတော်က နယ်စပ်ကိုပိတ်ဆို့တာဖြစ်နိုင်တယ်လို့  (HRW) လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှရေးရာ လက်ထောက် ညွှန်ကြားရေးမှုး Phil Robertson က သုံးသပ်ပါတယ်။

“ဒီလိုရုတ်တရက် တပ်ဖြန့်တာဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို တပ်ကပိတ်ဆို့ချင်တဲ့သဘောလို့ ကျနော်မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရက္ခိုင့်တပ်တော် AA ရဲ့လက်ထဲရောက်နေတဲ့ တပ်ပြေးတွေရှိပြီး အဲဒီလူတွေက ၂၀၁၆-၂၀၁၇ တုန်းက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကို ဘယ်သူတွေက အမိန့်ပေးတယ်ဆိုတာ ထုတ်ဖော်ပြောနိုင်တဲ့သူတွေ ရှိနိုင်တယ်ဆိုတာ သိနေလို့ပါပဲ။ ရခိုင်ပြည်နယ်က  ထွက်ပေါ်လာမယ့်သတင်းတွေက တပ်မတော်ရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေလို့ ညွှန်းဆိုမယ့် အချက်အလက်တွေကို တပ်မတော်နဲ့အစိုးရက အထူးလျှို့ဝှက် ထားချင်တယ်လို့မြင်တယ်။”

နိုင်ငံတကာ သတင်းစာတွေရဲ့ဖော်ပြချက်အရ တပ်မတော်သားနှစ်ဦးဟာ ဘင်္ဂလားဒေ့်ရှ်နိုင်ငံကို ကနဦး ရောက်ရှိပြီးတော့၊ အဲဒီကနေတစ်ဆင့် နယ်သာလန်နိုင်ငံကို ရောက်ရှိတယ်လို့ဖော်ပြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ကာလဖြစ်လို့ နိုင်ငံတကာခရီးသွား ခွင့်ကန့်သတ်ထားချိန်မှာ မိုင်ထောင်ချီဝေးတဲ့လေကြောင်းခရီးကို တပ်ပြေးနှစ်ဦး နယ်သာလန်ရောက်သွားတဲ့ကိစ္စ လေ့လာသူတွေကြားမှာလည်း မေးခွန်းထုတ်စရာတွေ ဖြစ်ခဲ့ပါတယ်။ တပ်သားနှစ်ဦးကို လက်ခံလိုက်တဲ့ နယ်သာလန်ကတော့ အမှုနဲ့ တိုက်ရိုက်ဆက်စပ်နေတာ ရှိပါတယ်။ စက်တင်ဘာလ ၂ရက်နေ့မှာ နယ်သာလန်နဲ့ ကနေဒါ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နှစ်ခုပူးပေါင်းပြီးတော့ ဂမ်ဘီယာက မြန်မာကိုစွဲထားတဲ့ အမှုမှာ ဥပဒေ ကြောင်းအရ ပါဝင်ကူညီမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။  

RFA ရဲ့ လေ့လာစုံစမ်းချက်အရ ရခိုင်စစ်မြေပြင်ကနေ AA ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေထဲမှာ တပ်မတော် ထောက်လှမ်းရေး အရာရှိပိုင်း ပါရှိသလို၊ ဗိုလ်ကြီး၊ ဗိုလ် အဆင့်ရှိသူ အနည်းဆုံးတစ်ဒါဇင်ဝန်းကျင်ရှိပါတယ်။ ရက္ခိုင့်တပ်တော်ပြောခွင့်ရ ခိုင်သုခကတော့ ၂၀၁၇ ရှင်းလင်းရေးမှာပါဝင်ခဲ့တဲ့ အရာရှိတွေကို လွှဲပေးမယ့်ကိစ္စက နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ကမ်းလှမ်းမှုအပေါ် မူတည်ပြီးတော့ ဆုံးဖြတ်သွားဖို့ရှိတယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် - မြန်မာ သံတမန်ဆက်ဆံရေး

မောင်တောနယ်စပ်တလျှောက် တပ်ဖြန့်ချထားတာ ဖြစ်နိုင်ခြေသုံးချက်ရှိတယ်လို့  တပ်မတော်သားဟောင်း တစ်ဦးဖြစ်တဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က ဒေါက်တာ နိုင်ဆွေဦးက သုံးသပ်ပါတယ်။

အာဆာ (ARSA)လို့ လူသိများတဲ့ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်က နယ်ခြားစောင့်တပ်တွေကို တစ်ဖက် နိုင်ငံကနေ ခြေကုပ်ယူပြီး ခြုံခိုတိုက်လို့ ရဲမှူးတွေ သေဆုံးရတဲ့ဖြစ်ရပ်တွေ၊ တစ်နေ့တခြား ကြီးထွားလာနေတဲ့ AA ရဲ့ လှုပ်ရှားမှုတပ်တွေကို တားဆီးရေးနဲ့၊ လူထူထပ်တဲ့ ကုတုပါလောင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာလည်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုတွေရှိတာကြောင့် ပြန်လာသူတွေမှာ ဗိုင်းရပ်စ်ပါ၊ မပါသိနိုင်ဖို့ ခက်တာကြောင့် ကြိုတင်တားဆီးတဲ့ လုပ်ငန်းစဉ်ဖြစ်နိုင်ကြောင်းဆိုပါတယ်။

“နှစ်နိုင်ငံတိုက်ရိုက် (limited war) ကန့်သတ်စစ် ဖြစ်စရာအကြောင်းတော့ လက်ရှိအချိန်မှာတော့မရှိပါဘူး။ ဘာလို့ဆိုတော့ ကိုဗစ်လိုပြဿနာက နှစ်ဖက်လုံးမှာဖြစ်နေတာ၊ ပြီးတော့ နယ်ခြားစောင့်တပ်တွေ တစ်ဖက်က နယ်ကျွံလာရင် ပစ်ခတ်မှုတွေ ဖြစ်လေ့ရှိတယ်။ ဒါပေမဲ့ စစ်တပ်ချင်းဖြစ်ဖို့ကတော့ ရာခိုင်နှုန်း တော်တော်လေးကို နည်းပါတယ်။”


စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးကတော့ AA အဖွဲ့ လက်နက်မှောင်ခိုတင်သွင်းဖို့ ဘင်္ဂလားနယ်မြေကို အသုံးပြုတယ်ဆိုတဲ့ သတင်းကြောင့် နယ်မြေပိတ်ဆို့တာလည်း ဖြစ်နိုင်တယ်လို့သုံးသပ်ပါတယ်။ နှစ်နိုင်ငံအစိုးရက တပ်ဖြန့်တဲ့ကိစ္စမှာ သံတမန်ဆက်ဆံရေးပြဿနာရှိတယ်လို့ သူကဆိုပါတယ်။

“ခက်တာက ဆက်ဆံရေးပြဿနာ။ ဘင်္ဂလားဖက်ကလည်း မြန်မာသံအမတ်ကို ဆင့်ခေါ်တယ်။ မြန်မာ အစိုးရကလည်း ဘင်္ဂလားသံအမတ်ကို သတိပေးတယ်ဆိုတဲ့ အခါကျတော့ နှစ်ဖက်တွေ့ဆုံ ဆွေးနွေး ဖြေရှင်းတာမျိုး မရှိဘူးဗျ။ အဲဒီတော့ ကုလသမဂ္ဂကိုလည်း တိုင်တယ်ဆိုတော့ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုမရှိဘူးဆိုရင် တင်းမာမှု ပိုမြင့်နိုင်ပါတယ်။”

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးက အထူးသဖြင့် ရိုဟင်ဂျာအရေးကိစ္စတွေနဲ့ ပတ်သတ်ပြီးတော့ မကြာသေးခင်က ကျင်းပခဲ့တဲ့ ၅၇ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း အချေအတင် ပြောဆိုမှုတွေရှိခဲ့ပါတယ်။ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး နှောင့်နှေးတာဟာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ခိုအောင်းနေတဲ့ အာဆာတွေကြောင့်ဖြစ်ကြောင်းနဲ့ အာဆာနဲ့ AA ကို ဘင်္ဂလားဒေ့ရှ်က လက်ခံထားတယ်ဆိုတဲ့ မြန်မာဘက်ကစွပ်စွဲချက်ကြောင့်၊ မြ န်မာဟာ မရိုးမသားနဲ့ လုပ်ကြံဖန်တီးတဲ့သတင်းတွေ ပြောဆိုနေကြောင်း ဘင်္ဂလားဒေ့ရှ်ဖက်က ဝေဖန်တဲ့အထိဖြစ်ခဲ့ပါတယ်။  

နှစ်နိုင်ငံသံတမန်ရေး ဆက်ဆံမှုအခြေအနေတွေကို သိနိုင်ဖို့ မြန်မာနိုင်ငံမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်သံရုံးကို RFA က အောက်တိုဘာ ၇ ရက်နေ့ကတည်းက အီးမေးလ်ပို့ မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားမှုမရှိပါဘူး။

သက်သေတွေ ဖျောက်ဖို့ကြိုးပမ်းတာလား


ဂျာမနီနိုင်ငံမှာနေထိုင်တဲ့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်ကတော့ တပ်မတော်ဖက်က တပ်ဖြန့်တဲ့အကြောင်းအရင်းကို အာဆာနဲ့ AAလို့အကြောင်းပြပေမယ့်၊ ကျိုးကြောင်းဆီလျော်မှု မရှိဘူးလို့ ဝေဖန်ပါတယ်။ တပ်မတော် တိုးချဲ့အင်အားတွေကို ပုံမှန်အားဖြင့် ဘူးသီးတောင်ကနေ တစ်ဆင့်ကားနဲ့ မောင်တောကိုပို့လေ့ရှိပေမယ့်၊ ဒီတစ်ကြိမ်မှာတော့ စစ်တွေကနေ မောင်တောတောင်ပိုင်း၊ အလယ်သန်ကျော် ကမ်းခြေအထိ စစ်သင်္ဘော လေးစင်းနဲ့ တိုက်ရိုက်ပို့ဆောင်တယ်လို့ သူက ထောက်ပြပါတယ်။

တကယ်လို့ AA ကိုတိုက်ခိုက်ချင်တယ်ဆိုရင် တိုက်ပွဲအများဆုံးဖြစ်တဲ့ မင်းပြား၊ ဘူးသီးတောင်၊ ကျောက်တော်လို နေရာမျိုးကိုသာ တိုးချဲ့ချထားနိုင်တယ်လို့ သူကပြောပါတယ်။  
“မောင်တောမှာအဓိက သူတို့ ရွာတွေမီးရှို့ခဲ့တာတွေရှိတယ်။ အဲဒီမှာ အစုလိုက်အပြုံလိုက် မြှပ်ထားတဲ့ mass grave တွေ၊ ကျင်းတွေရှိတယ်။ နောက်ပြီး အစုလိုက်အပြုံလိုက် အလောင်းတွေ မီးရှို့ထားတာတွေရှိတယ်။ ဒါက သက်သေအထောက်အထားတွေကို ဖျောက်ဖို့သွားတာလို့ ကျနော်တို့က အဲလိုပဲယူဆတယ်။”

ICC မှာ တပ်ပြေးနှစ်ဦးက သတ်ဖြတ်ခဲ့တဲ့နေရာတွေ၊ မြှုပ်ထားတဲ့နေရာတွေကို အတိအကျ ထွက်ဆိုချက် ပေးတဲ့အခါ ICC က တစ်ခြားနိုင်ငံကနေ တစ်ဆင့် မြန်မာနိုင်ငံကို ဖိအားပေးပြီး၊ ဝင်ရောက်စစ်ဆေးခွင့်တွေ တောင်းလာနိုင်တဲ့ အနေအထားရှိတာကြောင့် သက်သေတွေကို ကြိုတင်ဖျောက်ဖျက်ဖို့ ကြိုးစားတာလို့ သူက သုံးသပ်ပါတယ်။

“AA က အင်အားတော်တော်ကြီးတယ် ဒါ ကျနော်တို့ သိသလောက်ပေါ့နော်။ ဒီဥစ္စာကို ဖြိုချင်တယ်ဆိုရင် ၂၀၁၈ နှစ်ကုန်ပိုင်းကတည်း တပ်တွေအများကြီးထပ်တိုးပြီး အစောကြီးကတည်းက ဖြိုလို့ရတယ်။ ဒါပေမဲ့ အဲလိုမလုပ်ခဲ့ဘူး။ အခု ဒါက ICC ကို စစ်သား နှစ်ယောက်ရောက်ပြီးမှ ချက်ချင်းဆိုသလို တပ်တွေ တိတ်တဆိတ် ချထားလာတာ။”

ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ခဲ့သူတွေ နောက်ထပ် နယ်သာလန်ကို ရောက်လာနိုင်မယ့် အချက်ကလည်း လက်ရှိမြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ နိုင်ငံတကာတရားရုံး (ICJ) အမှုမှာလည်း အကျုံးဝင်နေပါတယ်။ ဂမ်ဘီယာနိုင်ငံဖက်ကနေ ရှေ့နေလိုက်ပေးတဲ့ Foley Hoag အဖွဲ့ကလည်း ICC ကိုလွဲပြောင်းပေးမယ့် စစ်သားနှစ်ဦးရဲ့ ထွက်ဆိုချက်ကို ICJ အမှုမှာ ထည့်သုံးမယ်လို့ပြောထားပါတယ်။

မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားမြစ်ဖို့ ပျက်ကွက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက တရားစွဲတာကိုခံထားရပြီး ကနဦးလျှောက်ထားချက်မှာ မြန်မာရှုံးနိမ့်ထားပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးစီးဖွဲ့စည်းပေးထားတဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင် (ICOE)ရဲ့ အစီရင်ခံစာအတိုင်း ဆောင်ရွက်နေတာကြောင့် သက်သေအထောက်အထား တွေကို ဖျောက်စရာမရှိဘူးလို့ တုံ့ပြန်ပါတယ်။ တပ်မတော်က ဥပဒေနဲ့ ဆောင်ရွက်နေတယ်ဆိုတဲ့ အကြောင်းပြချက်ဟာ ယုံချင်စရာလုံးဝမရှိဘူးလို့ HRW အဖွဲ့ရဲ့ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။ အထူးသဖြင့်တပ်မတော်က စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး လိမ်လည်ခဲ့တဲ့ သမိုင်းကြောင်းက ရင့်နေပြီလို့ဆိုပါတယ်။ ဒါကြောင့် သက်သေဖျောက်ဖျက်မယ့် ကိစ္စမျိုးကို တားဆီးပေးဖို့ နိုင်ငံတကာအစိုးရနဲ့ ရန်ကုန်မှာရှိတဲ့ သံတမန်အသိုင်းအဝိုင်းတွေ၊ ကုလသမဂ္ဂအဖွဲ့ အစည်းတွေမှာလည်း တာဝန်ရှိလာတယ်လို့ပြောပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာတရားရုံးက ကနဦးချမှတ်ထားတဲ့ စည်းကမ်းတွေအောက်မှာ လိုက်နာနေထိုင်ရမှာ ဖြစ်ပြီးတော့၊ တကယ်လို့ အဲဒီအချက်ကို ဆန့်ကျင်ပြီး ပြုမူဆောင်ရွက်တဲ့ ဘယ်အချက်မဆို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်မှာ အကျုံးဝင်သွားမယ်လို့ HRW က ထောက်ပြပါတယ်။

တင့်ကားတွေပါ တပ်ဖြန့် ချထား

ဘူးသီးတောင်၊ မောင်တောဒေသဟာ လွန်ခဲ့တဲ့ခုနှစ်တွေကတည်းက သတင်းထောက်တွေမသွားဖို့ အစိုးရက ကန့်သတ်ထားတဲ့ နေရာလည်းဖြစ်ပါတယ်။အစိုးရက ရခိုင်ပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက်မှုတွေကို လအတော်ကြာအောင်လုပ်ခဲ့ပြီး ပြန်ပေးတဲ့အခါမှာလည်း အင်တာနက်မြန်နှုန်းက မြန်မာနိုင်ငံ တခြားဒေသတွေနဲ့ မတူပဲ နှေးကွေးနေတာကြောင့် သတင်စီးဆင်းမှုက နှေးကွေးနေပါတယ်။ အသွားအလာ ကန့်သတ်မှုတွေလည်း ရှိနေပါတယ်။

မောင်တောမှာ မဲဆွယ်စည်းရုံးရေးအတွက် လှုပ်ရှားနေတဲ့ အမတ်လောင်းတစ်ဦးကတော့ ခမောင်းဆိပ်ဖက်ကို အာဏာပိုင်တွေက သွားလာခွင့် ပိတ်ပင်ထားတယ်လို့ ပြောပါတယ်။ တပ်မတော်ကတော့ ဒီကိစ္စကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်နဲ့သာ သက်ဆိုင်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ဘူးသီးတောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက

“နေ့လည် ၁ နာရီနောက်ပိုင်းမှာ ဘယ်ကိုမှသွားလို့မရဘူး။ နယ်ဘက်ဆိုရင် လုံးဝကို သွားလို့မရဘူး လို့ပြောပါတယ်။”

တပ်မတော်က ထပ်ဖြန့်ချတဲ့အထဲမှာ တပ်သားအင်အားအပြင်၊ တိုက်ပွဲဝင် တင့်ကားတွေလည်းပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခကတော့ ရက္ခိုင့်တပ်တော်ကို ပွင့်လင်းရာသီမှာ ထိုးစစ်ဆင်ဖို့ ပြင်နေတာလို့ ယူဆပါတယ်။

တင့်ကားကိစ္စကို ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်ရိုက်မဖြေပေမယ့်၊ လုံခြုံရေးအရ လှုပ်ရှားရတာလို့ဆိုပါတယ်။

“တပ်ဖွဲ့ဝင်တွေသည် AA/ ARSA သတင်းပေါ်ပေါက်တဲ့နေရာမှာ သူ့ရဲ့စစ်သဘောတရားအရ သွားပြီးတော့ လှုပ်ရှားရတာပဲဖြစ်တယ်။ ကိုယ့်စခန်း အတိုက်မခံရရေး၊ ကိုယ့်နယ်မြေကို လုံခြုံရေးအရ သွားရောက် ဆောင်ရွက်ရတာဖြစ်တယ်။”

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံအကြား ဖြစ်ပွားခဲ့တဲ့ နယ်စပ်ဆိုင်ရာပြဿနာတွေထဲမှာ စိန့်မာတင်ကျွန်းကိစ္စက ထင်ရှားပါတယ်။  ၂၀၀၈ ခုနှစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်အုပ်ချုပ်ရေးလက်ထက် ဒေဝူးကုမ္ပဏီရဲ့ ရေနံတူးဖော်ရေးစမ်းသပ်မှုမှာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ရေတပ်အပြိုင်အဆိုင်ချထားတဲ့ တင်းမာမှုဖြစ်ပွားခဲ့ပါတယ်။ စိန့်မာတင်ကျွန်းကို သူပိုင်ငါပိုင် အငြင်းပွားမှု ဆက်တိုက်ဖြစ်ပွားခဲ့ပြီး၊ ပင်လယ်ရေကြောင်းဆိုင်ရာ နိုင်ငံတကာ ခုံရုံးရဲ့ အဆုံးအဖြတ်ခံယူရာမှာ ၂၀၁၂ ခုနှစ်က မြန်မာအမှုရှုံးပြီး စိန့်မာတင်ကျွန်းကို လက်လွှတ်ခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။