မြန်မာ့စီးပွားရေးအပေါ် နိုင်ငံတကာအမြင်

2019-06-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နေပြည်တော်မှ စပါးစိုက်တောင်သူတစ်ဦး။
နေပြည်တော်မှ စပါးစိုက်တောင်သူတစ်ဦး။
Photo: AFP

မြန်မာ့စီးပွားရေးအလားအလာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက အကောင်းမြင်တာတွေ ရှိနေသလို၊ ချို့ယွင်းအားနည်းနေဆဲလို့ ယူဆတာတွေလည်းရှိပါတယ်။ RFA ဝိုင်းတော်သား ဦးသစ်ဆင်း တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~

မြန်မာ့စီးပွားရေးအပေါ် နိုင်ငံတကာအမြင်

(ဦးသစ်ဆင်း)

■ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ  မြန်မာ့စီးပွားရေးဟာ ပြီးခဲ့တဲ့၂ဝ၁၈ ခုနှစ်အတွင်း အားကောင်းလာခဲ့ရာက ဒီနှစ်မှာတော့ ပြန်လည်နှေးကွေးစပြု လာတယ်လို့ ဖော်ပြပါတယ်။ ဒါပေမယ့် အစိုးရအနေနဲ့ ပြည်ပနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံလိုစိတ်တွေ အားကောင်းလာအောင် နှစ်ကာလကြာရှည်ခဲ့တဲ့ အထီးကျန်ဘဝကို အဆုံးသတ်နိုင်အောင် ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်ဆောင်ရွက်နိုင်မယ်ဆိုရင် မြန်မာ့စီးပွားရေးဟာ အလယ်အလတ်အဆင့်ကို ပြန်ရောက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံ အဓိက ရင်ဆိုင်ရမှာက စိုက်ပျိုးရေးပို့ကုန်တွေအပေါ် အားထားလွန်းတာ ရင်းနှီးမြှုပ်နှံမှု မလုံလောက်တာ၊ ငွေတန်ဖိုးလျော့ကျတာတွေဖြစ်တယ်လို့လည်း IMF က သတိပေးပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေနဲ့ ပတ်သက်ပြီး တိုးတက်မှုတွေရှိလာတယ်လို့ ပြောဆိုတာတွေရှိသလို အခြေအနေတွေ ဆုတ်ယုတ်လာတယ်လို့ ဝေဖန်တာတွေလည်းရှိနေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စီးပွားရေးပညာရှင် ဆရာခင်မောင်ညို ( ဘောဂဗေဒ ) က -

မြန်မာစီးပွားရေးနဲ့ ပတ်သက်လို့ စီးပွားရေးတိုးတက်မှုနှုန်းက အာရှမှာ အမြင့်ဆုံးဘာညာဆိုတာ - အဲဒါလည်းလက်ခံတယ်။ ဘာဖြစ်လို့လည်းဆိုတော့ - သူများရဲ့စီးပွားရေးက အကြီးကြီး၊ အကြီးကြီးကနေ နည်းနည်းလေးတက်ဖို့ဆိုတဲ့ကိစ္စက ရာခိုင်နှုန်းအားဖြင့် ဥပမာ - ၁ဝဝ ကနေ ၁ဝ တက်မှ ၁ဝ ရာခိုင်နှုန်းတက်တာ။ ဆရာတို့က ၁ဝ ရှိတာ၊ ၁ဝ ကနေ တစ် တက်လို့ရှိရင် ၁ဝ ရာခိုင်နှုန်းဖြစ်တယ်။ တခါ ပြည်တွင်းမှာ စီးပွားရေးမကောင်းဘူးလို့လည်းပြောကြတယ်။ ဒါလည်းလက်ခံတယ်။ နှစ်ဘက်လုံးမှာ အားနည်းချက်တွေရှိတယ်။ အစိုးရကလည်း သူ ပြောင်းချင်တယ်။ ဒါပေမယ့် ပြောင်းပုံပြောင်းနည်း က ပီပီပြင်ပြင်မရှိဘူး။ အတွေ့အကြုံကလည်း သုံးနှစ်ပဲရှိသေးတယ်၊ စမ်းတဝါးဝါးနဲ့ သွားနေတဲ့သဘောရှိတယ်။ အဲဒီအခြေအနေမှာ ပုဂ္ဂလိကကလည်း ဘာလုပ်ရမှန်း မသိဘူး။ အဲဒါကြောင့်မို့ စီးပွားရေးမကောင်းဘူးပြောတာ

မြန်မာနိုင်ငံမှာ စီးပွားရေးတိုးတက်ဖို့အတွက် လိုအပ်ချက်တွေဖြစ်တဲ့ လျှပ်စစ်ဓာတ်အား၊ လမ်းပန်းဆက်သွယ်ရေး၊ ရေ ရရှိရေး စတာတွေ ချို့တဲ့နေတာကြောင့် မြန်မာနိုင်ငံမှာ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ခက်ခဲနေတာပါ။ လက်ရှိပြုပြင်ပြောင်းလဲမှုတွေကြောင့် ဝင်ငွေတိုးလာနိုင်ပြီး အထူးသဖြင့် ခရီးသွားလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ အကျိုးရှိမယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းတွေမှာ  ထပ်တိုး ရင်းနှီးမြှုပ်နှံမှုတွေလည်း လိုအပ်ပါတယ်တဲ့။

မြန်မာနိုင်ငံမှာ လုပ်အားခဈေးချိုတဲ့ အလုပ်သမားဈေးကွက် ရှိနေတာ၊ စည်းမျဉ်းစည်းကမ်း မတင်းကြပ်တာတွေကြောင့် နိုင်ငံတကာကုမ္ပဏီတွေ များများလာရောက် လုပ်ကိုင်ခွင့်ပြုဖို့ ဥရောပနိုင်ငံတွေက တိုက်တွန်းနေကြပါတယ်။ ဒါပေမယ့် ၂ဝ၁၇ ရခိုင်ပြည်နယ် ပဋိပက္ခ ပြဿနာကာလတွေအတွင်း နိုင်ငံရေးအထီးကျန် ဖြစ်ခဲ့ရလို့ မြန်မာ့စီးပွားရေး ထိခိုက်ခဲ့ရတယ်လို့လည်း ပြောဆိုကြပါတယ်။

မြန်မာအတွက် အဓိက စိန်ခေါ်ချက်ကတော့ ပိုမိုစွမ်းဆောင်ရည်ကောင်းပြီး ရှေ့ဘာဖြစ်မယ် ကြိုတင် မှန်းဆနိုင်တဲ့ စီးပွားရေးလုပ်ရကိုင်ရ လွယ်ကူတဲ့ အနေအထားမျိုးဖြစ်အောင် ဆောင်ရွက်ဖို့ပဲဖြစ်ပါတယ်။ ဒါ့ပြင် အိမ်နီးချင်းတရုတ်ပြည်ကလည်း မြန်မာအတွက် အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ တရုတ်သမ္မတ ရှီကျင်ပင်းရဲ့ သံရေးတမန်ရေး မဟာဗျူဟာမှာ မြန်မာဟာ ဦးစားပေးနိုင်ငံတစ်ခုဖြစ်နေတယ်လို့ လေ့လာသူတချို့က မြင်ကြပါတယ်။

မြန်မာနိုင်ငံမှာ ဧရာဝတီ မြစ်ဆုံကိစ္စ၊ လက်ပံတောင်း ကြေးနီစီမံကိန်း ပြဿနာ စတာတွေလို နာမည်ပျက်ခဲ့တာတွေအတွက် တရုတ်ပြည်အနေနဲ့ အဖတ်ပြန်ဆယ်ရမှာဖြစ်ပြီး၊ မြန်မာအပေါ် မူလရှိပြီး ဩဇာကိုလည်း ဆက်ထိန်းဖို့ ကြိုးစားရမှာဖြစ်တယ်လို့လည်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့