တရုတ်ဘက်ကို ကုန်တင်ပို့ခွင့်ရမှ နယ်စပ်ဂိတ်ဖွင့်ဖို့ မြန်မာကုန်သည်တွေ တောင်းဆို

2021.10.20
တရုတ်ဘက်ကို ကုန်တင်ပို့ခွင့်ရမှ နယ်စပ်ဂိတ်ဖွင့်ဖို့ မြန်မာကုန်သည်တွေ တောင်းဆို နန်းတော်ဂိတ်ပေါက်ကနေ ထွက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ၂၀၂၁ သြဂုတ် ၁၆ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - ကိုဌေး

တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့မှာ ပိတ်မိနေတဲ့ ကုန်ပစ္စည်းတွေကို မြန်မာဘက်ကို တင်သွင်းဖို့အတွက် နယ်စပ် မန့်ဝိန်းဂိတ်ပေါက်ကို ဖွင့်မယ်လို့ တရုတ်နယ်စပ်တာဝန်ရှိသူတွေက ပြောဆိုထားပေမဲ့ မြန်မာကုန်သည်တွေဘက်ကတော့ မြန်မာနယ်စပ်က ကုန်ပစ္စည်းတွေကို တရုတ်နိုင်ငံဘက်ကိုတင်ပို့ခွင့်ရမှသာ နယ်စပ်ဂိတ်ကိုဖွင့်ဖို့ တောင်းဆိုနေကြပါတယ်။

တရုတ်နိုင်ငံက ကိုဗစ်ကပ်ရောဂါအကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့ကတည်းက နယ်စပ်ကုန် သွယ်ရေး ဂိတ်တွေကိုပိတ်ထားတာ ဒီနေ့ဆိုရင် သုံးလကျော်ကြာလာပါပြီ။ ပို့ကုန်၊ သွင်းကုန်ပစ္စည်းတွေလည်း နှစ်နိုင်ငံ နယ်စပ်မှာ အဲဒီသုံးလကျော်လုံး ပိတ်မိနေတာပါ။

ဒါကြောင့် မန့်ဝိန်းဂိတ်ကိုပြန်ဖွင့်ဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က နှစ်နိုင်ငံနယ်စပ် တာဝန်ရှိသူ တွေက ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲမှာ တရုတ်နယ်စပ် တာဝန်ရှိသူတွေက ကုန်သွယ်ရေးဂိတ်စဖွင့်ချိန်မှာ သူတို့ဘက်မှာရှိနေတဲ့ ကုန်ပစ္စည်းတွေကို မြန်မာဘက်ကို တင်သွင်းဖို့ဆန္ဒရှိပြီး မြန်မာဘက်က ဆန် အပါအဝင် လယ်ယာထွက်ကုန် ပစ္စည်းတွေတင်ပို့ရေး တောင်းဆိုချက်ကို လက်မခံတာကြောင့် ညှိနှိုင်းမှုအဆင်မပြေခဲ့ဘူးလို့ နယ်စပ်ကုန်သည် တွေက ပြောပါတယ်။

“မျှတတဲ့ ကုန်သွယ်မှု မရရင်တော့ ဆွေးနွေးစရာလည်း မရှိတော့ဘူး"

ဒါကြောင့် မူလကရည်ရွယ်ထားတဲ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ မန်ဝိန်းဂိတ်ကိုပြန်ဖွင့်ရေး အစီအစဉ် ဖြစ်မလာဘူးလို့ မူဆယ်နယ်စပ် ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။

“တရုတ်နိုင်ငံက ကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံကို သွင်းခွင့်ပေးမယ်။ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေကို တော့ ကိုဗစ်ပိုးရောဂါကို အကြောင်ပြုပြီးတော့ ဝင်ခွင့်မပေးနိုင်သေးဘူးဆိုပြီး အဆိုပြုလာတယ်။ ဒါဆိုရင် တော့ မြန်မာ နိုင်ငံဘက်က တာဝန်ရှိသူတွေက ဘာပြန်ပြောလဲဆိုတော့ အဲဒါတော့ ကျွန်တော်တို့ လက်မခံ နိုင်ဘူး။ ကုန်စည် တင်ထားတဲ့ ကားအစီးတစ်ထောင်ဝင်ရင် မြန်မာပြည်ကလဲ ကုန်မျိုးစုံတင်ထားတဲ့ကား အစီး တစ်ထောင်ကို တရုတ်နိုင်ငံကို ဝင်ခွင့်ပြုရမယ်။ ဒီလိုဆိုမှ အဆင်ပြေတယ်ဆိုတော့ သူတို့ဘက်က ဒါဆိုရင် ကျွန်တော်တို့ အထက်ကိုတင်ပြပါဦးမယ်ဆိုပြီးတော့ အစည်းဝေး ပြီးဆုံးသွားတယ်။ သူတို့က တစ်ဖက်စောင်းနင်းနဲ့ ကုန်သွယ်မှုကို အသာယူထားတာ။ ဒါကို ကျွန်တော်တို့ဘက်က လက်မခံဘဲ ပယ် ချလိုက်တာ။ ဆယ့်လေးရက်နေ့မှာ အစည်းဝေးပြီးသွားပြီးတော့ ဒီကနေ့အထိ ဘာမှအကြောင်းပြန်မလာ သေးဘူး”

မူဆယ်- ၁၀၅ မိုင် -ကျင်စန်းကျော့ဂိုဒေါင်တွေမှာ တရုတ်နိုင်ငံကို တင်ပို့ဖို့စောင့်ဆိုင်းနေတဲ့ ကီလိုငါးဆယ်ဆန့် ဆန်နဲ့ ဆန်ကွဲအိတ်ရေ ရှစ်သိန်းခန့်ရှိနေပြီး ကုန်သည်အချို့ကတော့ ဂိတ်မဖွင့်နိုင်လို့ မန္တလေးဘက်ကို ပြန် လည်သယ်ယူလာတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။

ပုံမှန် ဂိတ်ဖွင့်ချိန်မှာဆိုရင် မူဆယ်နယ်စပ်ကနေ တရုတ်နိုင်ငံဘက်ကို ကီလိုငါးဆယ်ဆန့် ဆန်နဲ့ ဆန်ကွဲ အိတ်ရေ တစ်နေ့ကို ခြောက်သောင်းလောက် ပုံမှန်တင်ပို့ခဲ့ရတာပါ။

တရုတ်နိုင်ငံဘက်က နယ်စပ်ကုန်သွယ်ရေးဂိတ်ကို အခုလို ဆက်ပိတ်ထားမယ်ဆိုရင် လာမယ့် ဆန်စပါး ရိတ်သိမ်းတဲ့ ကာလမှာ မြန်မာတောင်သူတွေအတွက် နစ်နာမှုတွေ အများကြီးရှိလာနိုင်တယ်လို့ ဦးမင်းသိန်းက သုံးသပ်ပါတယ်။

အလားတူ နယ်စပ်ဂိတ်မှာ ပိတ်မိနေတဲ့ ပဲတီစိမ်းနဲ့ နှမ်းတွေကို တင်ပို့ခွင့်ရရေး ညှိနှိုင်းပေးဖို့ မူဆယ်နယ်စပ် ပဲ၊ ပြောင်း၊ နှမ်း ကုန်စည်ဒိုင်အသင်းက ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့က မြန်မာနယ်စပ် တာဝန်ရှိသူ တွေကို စာပေးပို့ တင်ပြခဲ့ပါတယ်။

တရုတ်က သူတို့နိုင်ငံအတွင်းက ကုန်ပစ္စည်းတွေကိုပဲ မြန်မာဘက်ကို သွင်းဖို့ခွင့်ပြုပြီး မြန်မာနယ်စပ်က ကုန်စည်တွေ တင်ပို့ခွင့်ကို ကန့်သတ်တာကြောင့် နှစ်နိုင်ငံကုန်သွယ်မှု မျှခြေမဖြစ်နိုင်လို့ အခုလို စာရေး သားတောင်းဆိုတာလို့ နယ်စပ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပဲ၊ ပြောင်း၊ နှမ်း ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။

“နှမ်းနဲ့ ပဲနဲ့က အများဆုံးပေါ့၊ နှစ်လသုံးလလောက် ရှိတော့မယ်။ လောလောဆယ် ငွေတွေ ဘာတွေက အကုန်အိပ်နေတာ ထပ်လည်းမလုပ်နိုင်ဘူးဖြစ်နေတာ။ အသစ်လည်း မဝယ်နိုင်ဘူးလေ။ ရောင်းလို့ ထွက် လို့လည်း မရဘူး။ တောင်သူတော့ နစ်နာတာပေါ့ ပစ္စည်းထပ်မထွက်ရင် ဈေးကွက်ထဲမှာ ဈေးမကောင်း နိုင်ဘူးလေ။ အထွက်ကြီးပဲဖြစ်မယ်ဆိုရင် ကျွန်တော်တို့ မြန်မာငွေက ကျသွားမယ်လေ။ အဝင်ရှိရင် တရုတ်ငွေလည်းရမယ်။ ပစ္စည်းဝယ်ပြီး ပြန်သွားရောင်းလည်း ရတယ်လေ။ မဟုတ်ရင်တော့ ကုန်သွယ်မှု မမျှတရင် ကျွန်တော်တို့ မြန်မာငွေက တအားကျသွားမယ်။ ပြည်သူလူထု အကုန်လုံး ထိခိုက်တယ်လေ”

လက်ရှိ မူဆယ်နယ်စပ်မှာ တရုတ်နိုင်ငံကို တင်ပို့ဖို့ ပဲ၊ ပြောင်း၊ နှမ်း၊ ငရုတ်၊ ပဲတီစိမ်း၊ မန်ကျည်းသီးစတဲ့ ကုန်ကား အစီးရေ တစ်ထောင်ကျော် ပိတ်မိနေတာဖြစ်ပြီး အဲဒီထဲမှာ ပဲတီစိမ်းနဲ့ နှမ်း တန်ချိန် သုံးသောင်း လောက်အထိ ရှိနေတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့အတွင်းမှာတော့ မြန်မာဘက်ကို တင်သွင်းလာမယ့် တရုတ်နိုင်ငံထုတ် လယ်ယာ သုံး စက်ပစ္စည်းတွေ၊ စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းတွေတင်ထားတဲ့ နှစ်ဆယ့်နှစ်ဘီးတွဲကား အစီးအရေ ၇၀၀ လောက်ရှိနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

လက်ရှိ နယ်စပ်မှာ အခုလို မြန်မာပို့ကုန်တွေ တင်ပို့ခွင့်မရတဲ့အတွက် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေသလို တောင်သူတွေအတွက်လည်း နစ်နာတာကြောင့် နယ်စပ်ပို့ကုန်တွေ တင်ပို့ခွင့်ရနိုင်ရေးက အရေးကြီးတယ်လို့ ပဲတီစိမ်း ကုန်သည်တစ်ဦးက ပြောပါတယ်။

“မျှတတဲ့ ကုန်သွယ်မှု မရရင်တော့ ဆွေးနွေးစရာလည်း မရှိတော့ဘူး။ တကယ်လို့ မျှတတဲ့ ကုန်သွယ်မှု ပေးရင် ခင်ဗျား ဆယ်စီး ကျွန်တော် ဆယ်စီး၊ ခင်ဗျား တစ်ရာ ကျွန်တော် တစ်ရာ ဝင်ထွက်လုပ်မယ်ဆိုမှ ဘယ်လိုနည်းနဲ့ လုပ်မယ် ဘယ်လိုဆေးဖြန်းမယ် ကားတွေ ဘယ်လိုဝင်မယ်ဆိုတာ ဆွေးနွေးရမှာ အခုက အဲအပိုင်းကို မဆွေးနွေးတော့ဘူး။ ကျွန်မတို့က လယ်ယာထွက်ကုန် စိုက်ပျိုးရေးနိုင်ငံဖြစ်တာကိုး။ ဒီပဲတွေ ဝင်တယ်ဆိုတာကလည်း တန်ဖိုးက သူတို့ ပစ္စည်း လေးငါးစင်းမှ တစ်စင်းစာလောက်ပဲရှိမှာပါ။ ဒါ့ကြောင့် ကုန်သွယ်ရေးက လုံးဝတင်းနေတယ်။ ကုန်သည်လုပ်ငန်းရှင်တွေလည်း ဒီတစ်ပွဲတော့ တင်းဖို့ကို လုံးဝ ထောက်ခံနေကြတယ်”

မူဆယ် နယ်စပ်ဟာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေအကြား ကုန်သွယ်မှုပြုတဲ့ ကုန်သွယ်ရေး ဂိတ် ၁၈ ခု မှာ ဝင်ငွေ ၇၀% အထိ အများဆုံးရှာပေးနေတဲ့ ဂိတ်တစ်ခုဖြစ်ပါတယ်။

မြန်မာကုန်သည်တွေရဲ့တောင်းဆိုမှုတွေနဲ့ပတ်သက်လို့ မူဆယ်ခရိုင် အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က နှစ်နိုင်ငံဆွေးနွေးပွဲမှာ နှစ်နိုင်ငံ ကုန်သွယ်မှု မျှခြေအတွက်တောင်းဆိုမှုနဲ့ပတ်သက်လို့ တရုတ်ဖက်က သူတို့နိုင်ငံတာဝန်ရှိသူတွေကို တင်ပြ မယ် လို့ ပြောခဲ့ပေမဲ့ တရုတ်နိုင်ငံဖက်က ဒီနေ့အထိ အကြောင်းမပြန်လာသေးတဲ့အတွက် မန့်ဝိန်းဂိတ် ကနေ ကုန်စည်တင်သွင်း တင်ပို့နိုင်ရေး အဆင်မပြေသေးဘူးလို့ ပြောပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ မူဆယ်နယ်စပ်ကနေ ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ သန်းပေါင်း ၃၀၄၉.၈၈၄ အထိ ရှိခဲ့ပြီး သွင်းကုန် တန်ဖိုးကတော့ အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၈၄၀.၆၉၄ ရှိခဲ့တာပါ။

china-myanmar-border.jpeg
(တရုတ် - မြန်မာ နယ်စပ်ဂိတ်တစ်နေရာကို တွေ့ရစဉ် - Photo: CJ)

၂၀၂၁ ဇူလိုင်လအထိ ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၄၂၃.၃၄၀ ရှိခဲ့ပြီး သွင်းကုန်တန်ဖိုး ကတော့ အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၁၂၈.၉၅၈ အထိ လျော့ကျသွားခဲ့တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာ တရုတ်နိုင်ငံဘက်က ကိုဗစ်ကပ်ရောဂါ အကြောင်းပြချက်နဲ့ မူဆယ် မန့်ဝိန်းဂိတ်ကို စတင်ပိတ်ခဲ့ပြီး ဇူလိုင် ၈ ရက်မှာတော့ ကျင်စန်းကျော့၊ ပန်ဆိုင်း ဂိတ်တွေကို ဆက်ပိတ်ခဲ့တာပါ။

ဒီကာလအတွင်းမှာ နယ်စပ် တရုတ်ငွေလဲနှုန်းဟာ ယွမ် ၁၀၀ ကို မြန်မာကျပ်ငွေ လေးသောင်းဈေးအထိ ရောက်ရှိခဲ့ပြီး အောက်တိုဘာလ ၂၀ ရက် ဒီကနေ့မှာတော့ ယွမ် ၁၀၀ ကို မြန်မာကျပ်ငွေ သုံးသောင်းဝန်းကျင် ဈေးနှုန်းရှိနေဆဲဖြစ်တာကြောင့် အခုနှစ်ဆန်းပိုင်းထက်စာရင် ထက်ဝက်နီးပါး မြင့်တက်နေဆဲဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ပို့ကုန်သွင်းကုန်မျှတမှသာ နယ်စပ် ကုန်စည်ဈေးကွက်တည်ငြိမ်ပြီး မြန်မာကျပ်ငွေ ပြန်ခိုင်မာလာမှာဖြစ်လို့ တရုတ်ဘက်ကို တင်ပို့ခွင့်မရမချင်း နယ်စပ်ကနေ တရုတ်ကုန်ပစ္စည်းတွေ ဝင်ရောက်မှုလက်မခံဖို့ နယ်စပ် ကုန်သည်တွေက တောင်းဆိုနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။