မြန်မာက ကမ္ဘာ့တတိယမြောက် ရာဇဝတ်မှု အထူပြောဆုံးနိုင်ငံ စာရင်းဝင်
2023.07.20

ကမ္ဘာ့အပျော်ရွှင်ဆုံး ထိပ်ဆုံး ၁၀ နိုင်ငံမှာ မြန်မာနိုင်ငံ မပါဝင်ပေမဲ့ ကမ္ဘာမှာ ဒုတိယမြောက် ဘိန်းထွက်ပြီး ကမ္ဘာ့ ၁၉၃ နိုင်ငံမှာ တတိယမြောက်ရာဇဝတ်မှု အထူပြောဆုံး နိုင်ငံဖြစ်ပါတယ်။
အာရှ ၄၆ နိုင်ငံမှာ မြန်မာနိုင်ငံက ရာဇဝတ်မှု အထူပြောဆုံး ထိပ်ဆုံးနိုင်ငံလို့လည်း ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု တိုက်ဖျက်ရေး (Global Initiative) အဖွဲ့က ပြုစုတဲ့ စနစ်တကျ ကျူးလွန်တဲ့ ရာဇဝတ်မှုညွှန်းကိန်းမှာ ဖော်ပြပါတယ်။
ရာဇဝတ်မှု အခြေတည်တဲ့ ကဏ္ဍတွေကို လူအရင်းအမြစ်၊ ကုန်သွယ်ရေး၊ ပတ်ဝန်းကျင်၊ မူးယစ်ဆေးဝါး၊ ရာဇဝတ်မှုကျူးလွန်သူတွေလို့ ခေါင်းစဉ်ခွဲတွေနဲ့ ညွှန်းကိန်းက တကန့်စီ ပြောထားပါတယ်။
လူသား အရင်းအမြစ်ကဏ္ဍမှာ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု ပင်ရင်းနိုင်ငံလို့ဆိုပါတယ်။ ထိုင်းနဲ့ မလေးရှားကို လူကုန်ကူးခံရပြီး အမျိုးသားတွေဆို ငါးလုပ်ငန်း ဒါမှမဟုတ် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ၊ အမျိုးသမီးတွေဆိုရင် လိင်ပိုင်းဆိုင်ရာ ကိစ္စတွေအတွက် မကြာခဏ လူကုန် ကူးခံရတယ်လို့ ပြောပါတယ်။
ကမ္ဘာ့သတင်းတွေမှာလည်း လူကုန်ကူးခံရပြီး မြန်မာနယ်စပ်မှာ လှုပ်ရှားနေတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ စေခိုင်းခံရတာတွေ မကြာခဏ ဖော်ပြနေတာပါ။
Global Initiative မှာဖော်ပြတဲ့ ကုန်သွယ်ရေး ကဏ္ဍမှာ လက်နက်ကိုင်ပဋိပက္ခကို ပြောထားပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်တဲ့ လက်နက်ကိုင်အဖွဲ့တွေ လက်နက်ရဖို့ကြိုးစားတာမို့ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယက လက်နက်မှောင်ခိုပို့တယ်လို့ ပြောပါတယ်။
ပတ်ဝန်းကျင်ရေးရာမှာ တရုတ်နိုင်ငံကို သစ်မှောင်ခိုတင်ပို့မှု၊ ကျောက်စိမ်း၊ ရွှေ၊ ကြေးနီ တူးဖော်မှုကြောင့် သစ်တောပြုန်းတီးပြီး ဂေဟစနစ်လည်းပျက်၊ ရွှေတူးဖော်တဲ့နေရာတွေမှာ မြစ်ကြောင်းပျက်စီးရတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံက လုပ်ငန်းရှင်တွေ လှုပ်ရှားပုံကို ပြည်တွင်းက လူမှုဘဝလေ့လာသူ တစ်ယောက်က ပြောပြတာပါ။
“တရုတ်နဲ့ ဘာမှ မလွတ်ကင်းဘူး။ ငှက်ပျောလုပ်ငန်းရှင်အဖြစ် ဒေသခံတွေက နာမည်ခံကြတယ်။ နောက်က ငွေပေးနေတာက တရုတ်နိုင်ငံ ယူနန်ပြည်နယ်က တရုတ်လုပ်ငန်းရှင်တွေ”
Global Initiative ကဖော်ပြတဲ့ မူးယစ်ဆေးဝါးကဏ္ဍမှာ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဒုတိယမြောက် ဘိန်းအများဆုံးထွက်တဲ့ နိုင်ငံဖြစ်ပြီး ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က စစ်တပ်က အကျင့်ပျက်ခြစားတဲ့ တာဝန်ရှိသူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ချုပ်ကိုင်ထားတယ်လို့ ယူဆရတယ်လို့ ဖော်ပြပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ လူလုပ်မူးယစ်ဆေးဝါး အထူးသဖြင့် Methamphetamine အများဆုံးထုတ်လုပ်တဲ့ နိုင်ငံလို့ပြောပါတယ်။ အိမ်နီးချင်းနိုင်ငံအားလုံးကို မှောင်ခို တင်ပို့နေတယ်လို့လည်း ဆိုပါတယ်။
ပြည်တွင်းမှာလည်း မူးယစ်ဆေးပြားတွေ ပေါပေါများများ နေရာအနှံ့ ရောက်နေပြီး ဆေးစွဲနေသူ တယောက်က ပြစ်မှုကျူးလွန်လို့ ဖမ်းဆီးခံရရင်တောင် ငွေနဲ့လိုက်နိုင်ရင် လွတ်တယ်လို့ ပဲခူးမြို့က လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ယောက်က ပြောပါတယ်။
“ဆိုင်ရှင်တစ်ယောက်တည်းရှိတုန်း ခြိမ်းခြောက်ပြီးကောင်တာက ငွေလည်းလု၊ ဆွဲကြိုးလည်း ယူသွားတဲ့ လူက သူခိုးလည်းမဟုတ်၊ ဓားပြလည်း မဟုတ်၊ ဆေးကြောင်နေတဲ့လူ။ ငွေသိန်းရာချီပြီးပေးလိုက်တော့ တရားဝင်လွတ်သွားတယ်”
သူကိုယ်တိုင်လည်း လက်ကိုင်ဖုန်း အခိုးခံလိုက်ရပေမဲ့ ၂၀၂၁ စစ်အာဏာ မသိမ်းခင်ကာလကလို ပြန်ရနိုင်မယ့် မျှော်လင့်ချက်ထားလို့ မရနိုင်တော့ပါဘူး။
“ကိုယ့်ဖုန်းကိုယ်ပြန်လိုချင်တာပေါ့။ ဒါပေမဲ့ ဘယ်တိုင်ရမှန်းမသိဘူး။ ရဲတွေကိုယ်တိုင် ဖုန်း အခိုးခံနေရတာ”
ဒါကြောင့်လည်း ကမ္ဘာ့တတိယမြောက် ရာဇဝတ်မှု အထူပြောဆုံး မြန်မာနိုင်ငံမှာ ရာဇဝတ်မှုဆိုတာ ထမင်းစားရေသောက်ပဲလို့ တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ပြောပါတယ်။
“ရာဇဝတ်မှုကတော့ ကျွန်တော်တို့ဆီမှာ ထမင်းစားရေသောက်ပဲ။ ခေါင်းထဲကို ထည့်မနေတော့ဘူး။ ဖြစ်လည်းခံ၊ ရဲတိုင်လို့လည်းဘာမှ မဖြစ်ဘူး။ ရဲကလည်း အရေးမယူ၊ ဥပဒေကလည်း လာဘ်စား”
ရဲတိုင်လည်း မဖြစ်၊ တရားစီရင်ရေး စနစ်ကိုလည်း အားကိုးလို့ မရဘူးလို့ ဆိုပါတယ်။
“ကားမောင်းသလိုပေါ့ဗျာ။ ကိုယ်က ဘယ်လိုမှန်မှန် ကိုယ့်ကားအတိုက်ခံရတာမျိုးလိုဆိုတော့ လူတွေအားလုံး ကိုယ့်ဘေးကိုယ်ရှောင်။ ပိုက်ဆံဆိုရင် ကျစ်ကျစ်လုပ်ထား။ ညဘက်မှောင်ရင် မသွားနဲ့ပေါ့ဗျာ။ အလုပ်သမားလေးတစ်ယောက်က ပြောတယ်။ ဆရာရေ ၆ နာရီမကျော်ခင်ပြန်ရတယ်။ လမ်းမှာ စစ်ဆေးရင် သူတို့က အဲအချိန်ဆိုမူးနေပြီ။ ပါသမျှယူတဲ့အပြင် နရင်းပါ ချသေးတာ”
ဒါက စစ်အာဏာသိမ်းပြီးနောက် သာမန်အရပ်သူအရပ်သားတွေကြုံရတဲ့ ရာဇဝတ်မှုဖြစ်ပါတယ်။ Global Initiative ညွှန်းကိန်းမှာ ပါရှိတဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေမှာ အထူးသဖြင့် မူးယစ်ဆေးဝါးမှောင်ခိုဈေးကွက်မှာ အဆင့်မြင့် တာဝန်ရှိသူတွေ၊ စစ်ဘက်ခေါင်းဆောင်တွေ ပါဝင်ပတ်သက်တယ်လို့ ဖော်ပြထားပါတယ်။