ကျယ်ပြန့်တဲ့ ပြည်တွင်းစစ်ပုံစံသစ်ဆီ မြန်မာနိုင်ငံ ဦးတည်နေ
2023.02.12
အာဏာသိမ်းမှုကို လက်မခံတဲ့အရပ်သား လက်နက်ကိုင်ခုခံပုန်ကန်မှုတွေဟာ တိုင်းပြည်ရဲ့ နေရာတိုင်းနီးပါးမှာ ပေါ်ပေါက်လာခဲ့ပါတယ်။
နှစ်နှစ်အကြာမှာ တိုင်းပြည်ဟာ ပိုမိုကျယ်ပြန့်တဲ့ ပြည်တွင်းစစ်ပုံစံအသစ်ဆီ ဦးတည်နေပြီး ကာလရှည်ကြာမယ့် အကျပ်အတည်းအကြားကို ကျရောက်သွားပြီလို့ စစ်ကောင်စီရဲ့ ဆွေးနွေးဘက် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
"အခု PPST တို့ဘာတို့ကလည်း သူတို့ရဲ့ သဘောထားကို နစကနဲ့ ညှိရမှာပေါ့”
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ဦးဆောင်ကော်မတီက ပြည်ထောင်စုနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ အခုလို ဖော်ပြခဲ့တာပါ။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနှစ် ပြည်ထောင်စုနေ့အတွက် ပေးပို့တဲ့သဝဏ်လွှာမှာတော့ ပြည်တွင်း၊ ပြည်ပစွက်ဖက်မှု ပယောဂအမျိုးမျိုးနဲ့ သက်ဆိုင်သူတွေရဲ့ နိုင်ငံနဲ့ပြည်သူအကျိုးကို စဉ်းစားလုပ်ဆောင်ဖို့ လိုအပ်ချက်တွေကြောင့် ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးခဲ့ရတာဖြစ်ပြီး နိုင်ငံအတွက် ရင်လေးစရာဖြစ်တယ်လို ထည့်သွင်းပြောဆိုခဲ့ပါတယ်။
သက်ဆိုင်သူတွေ ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့လိုပြီလို စစ်ကောင်စီရဲ့ဆွေးနွေးဘက် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်းက ပြောပါတယ်။
“ညှိနှိုင်းဖို့တော့ လိုအပ်နေသေးတယ်။ အဲဒါကြောင့်မို့လို့ ဖွဲ့စည်းပုံကဏ္ဍကိုပဲ ပြောပြော၊ တခြားလုပ်ရမယ့် ကဏ္ဍတွေကိုပဲ ပြောပြော လုပ်ကြရမှာပေါ့။ တော်လှန်ရေးက ရန်ငြိုးကြီး အရှည်ကြီးဖြစ်နေတယ်။ နှစ်ပေါင်းများစွာ ကြာတယ်။ အာဏာရှိတဲ့သူတွေ ဘက်က ကြည့်ရင်လည်း တိုင်းပြည်ရဲ့ အခြမ်းခြမ်းပဲ့ထွက်သွားမှာကို စိတ်ပူတာတို့ ဘာတို့ရှိနိုင်တယ်။ အများအားဖြင့်ပေါ့။ တိုင်းရင်းသားတွေကျတော့လည်း ကိုယ်ပိုင် ပြဌာန်းခွင့်ဆိုတဲ့ အနေအထားမျိုးရှိနေတော့ အဲဒါကို နှစ်ဖက်စလုံးက Win-Win မူဝါဒနဲ့ အပွင့်လင်းဆုံးညှိဖို့လိုအပ်တယ်”
ဒီကနေ့ဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ အရေးတကြီးလိုအပ် နေပြီဆိုတာ မီးမောင်းထိုးပြနေတယ်လို့ PPST ဦးဆောင်ကော်မတီက ထောက်ပြပါတယ်။ အာဏာသိမ်းမှု အကျိုးဆက်ဟာ နိုင်ငံတကာရဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ အပါအဝင် အထွေထွေအကျပ်အတည်းတွေ ဖြစ်လာစေတယ်လို့လည်း သူက ဝေဖန်လိုက်ပါတယ်။
စစ်ကောင်စီက ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့ ကြွေးကြော်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲတယ်လို့ ကြေညာပေးပြီးတဲ့နောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေကို ဖိတ်ခေါ်ဆွေးနွေးတာခဲ့ပါတယ်။ စစ်ကောင်စီရဲ့ဆွေးနွေးပွဲတွေကို NCA လက်မှတ်ထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA- PC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့က တက်ရောက်ခဲ့ပါတယ်။
အလားတူ NCA လက်မှတ်မထိုးရသေးတဲ့ ၀ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)၊ နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ကလည်း စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
တချိန်တည်းမှာပဲ စစ်ကောင်စီက အာဏာသိမ်းမှု လက်နက်ကိုင်ဆန့်ကျင်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ကူတွေနဲ့ အင်အားသုံးနှိမ်နင်းနေပါတယ်။ ဒါကြောင့် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
ဒီနေ့ ပြည်ထောင်စုနေ့မှာလည်း မြန်မာပြည်အရှေ့တောင်ပိုင်းက ကယားဒေသမှာ စစ်ရေးတင်းမာနေတယ်လို့ စစ်ကောင်စီကို လက်နက်ကိုင်ခုခံနေတဲ့ ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီး ခူညေးရယ်က ပြောပါတယ်။
“လက်ရှိကတော့ ဒုံရင်းက ဒုံရင်းပဲပေါ့။ ပြည်ထောင်စုနေ့မှာ ဘာလုပ်ရမယ်ဆိုတဲ့ အစီအစဉ်တော့ ကျနော်တို့မှာ မရှိပါဘူး။ အခြေအနေကတော့ မူလအတိုင်း တင်းမာနေဆဲပါပဲ။ သူတို့စစ်အင်အားတွေ ထပ်တိုးတာရှိတယ်လေ။ နောက်ပြီး သူတို့ပြင်ဆင်နေတာတွေ တွေ့ရတယ်ပြောတယ်။ ဒါပေမဲ့ လောလောဆယ်အထိတော့ သူတို့ ထိုးစစ်တွေဘာတွေတော့ မရှိသေးဘူးပေါ့။ ပြင်ဆင်နေတာတော့ တွေ့ရတယ် ပြောတယ်”
စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကစလို့ ကယားပြည်နယ်အတွင်းမှာ အင်အား တိုးချဲ့လာတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီက အဲဒီလို စစ်ရေးပြင်ဆင်မှုတွေရှိနေသလို ပြည်သူ့ကာကွယ်ရေးတပ် (PDF) လို့ခေါ်တဲ့ အရပ်သား လက်နက်ကိုင်ခုခံသူတွေဘက်ကလည်း ၂၀၂၃ ခုနှစ်ကို နိုင်ငံရေးနဲ့ စစ်ရေးအလှည့်အပြောင်းဖြစ်ရမယ်လို့ ကြွေးကြော်ပြီး စစ်ရေးအရ ပြင်ဆင်မှုတွေ လုပ်နေပါတယ်။
မြန်မာနိုင်ငံရဲ့အခြေအနေဟာ အပစ်ရပ်အဖွဲ့တွေရှု့မြင်သလို ပြည်တွင်းစစ်က ပိုပြီးကျယ်ပြန့်လာပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက မှတ်ချက်ပြုပါတယ်။
“နစကအနေနဲ့ကတော့ ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာလို့ ဖြစ်တာ။ တစ်ဖက်က ကျတော့လည်း မဟုတ်ဘူး အကြောင်းပြပြီးတော့ အာဏာသိမ်းတာပေါ့။ ဒါကြောင့်မို့လို့ ဆန္ဒပြတာကို ဖိနှိပ်တဲ့အတွက် လက်နက်ကိုင်ပြီး ပုန်ကန်ရတယ်ပေါ့။ အဲဒီလိုနဲ့ လက်နက်ကိုင် ပဋိပက္ခတွေက ကျယ်ပြန့်လာတာကိုး။ အဲဒီအပေါ်မှာ ဘယ်လိုဖြေရှင်း ကြမလဲဆိုတဲ့ဟာက အဓိကကွဲလွဲနေတဲ့ အမြင်ဖြစ်တယ်။ အခု PPST တို့ဘာတို့ ကလည်း သူတို့ရဲ့ သဘောထားကို နစကနဲ့ ညှိရမှာပေါ့”
စစ်ကောင်စီဥက္ကဋ္ဌကတော့ လက်ရှိမှာ မြို့နယ်ပေါင်း ၃၃၀ အနက် ၁၉၈ မြို့နယ်ပဲ တည်ငြိမ်မှုရှိနေတယ်လို့ ဒီနှစ် ဇန်နဝါရီလ ၃၁ ရက်ကကျင်းပတဲ့ ကာလုံအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
ဒီအပြင် နိုင်ငံတစ်ဝန်းမှာ တိုက်ခိုက်မှုပေါင်း ၁၉၄၄၄ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်ရေးရုံး (OCHA) ရဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ အစီရင်ခံစာမှာတော့ တစ်နိုင်ငံလုံးက လူဦးရေ ၁ ဒသမ ၂ သန်းဟာ တိုက်ပွဲတွေနဲ့ လုံခြုံမှုမရှိတဲ့ အခြေအနေတွေကြောင့် အိုးအိမ်တွေကိုစွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဖော်ပြထားပါတယ်။