မြန်မာ့စီးပွားရေးနဲ့ တရုတ်စည်းရိုး

ဦးသစ်ဆင်း(ဝါရှင်တန် ဒီစီ)
2021-04-11
Share


မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်က စလို့ နိုင်ငံကို ဖွင့်လိုက်ပြီးတဲ့ နောက်၊ နှစ်စဉ် စီးပွားရေး ၇ ရာနှုန်း လောက် တိုးတက်လာ ခဲ့တယ်ဆိုပေမဲ့၊ မြန်မာ့လူဦးရေ ၅၃ သန်းကျော်ရဲ့ ၂၅ ရာနှုန်းနီးပါးက ဆင်းရဲတဲ့ အဆင့်မှာ ရှိနေ‌သေးကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ADB ရဲ့ စာရင်းဇယားတခုက ဖေါ်ပြပါတယ်။

သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးကလည်း အကျင့်ပျက်ခြစားမှု၊ ညံ့ဖျင်းတဲ့ စီးပွားရေးစီမံခန့်ခွဲမှုနဲ့ ခရိုနီ အရင်းရှင်စနစ် ၂၅ နှစ်လောက် ကြာမြင့်ခဲ့တဲ့ ပတ်ဝန်းကျင် အခြေအနေကနေ၊ ခေတ်မီ စက်မှု မြို့ပြနဲ့ ရေရှည် တည်တံ့တဲ့ သဘာဝပတ်ဝန်းကျင်ဆီ ပြောင်းလဲဖို့လိုကြောင်း၊ ဒါ့ပြင် နိုင်ငံမှာ ရံဖန်ရံခါ ပေါ်ပေါက်လာတတ်တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့်လည်း စစ်တပ်ကို ကိုယ်ပိုင်အာဏာပေးထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို မပြင်ဆင်နိုင်ဘဲဖြစ်နေရကြောင်း၊ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည့်ဝတဲ့ ဒီမိုကရေစီဆီ သွားရာလမ်း ရှည်ကြာနေရကြောင်းလည်း သူ့ရဲ့ စာတမ်းတစောင်မှာ ဖော်ပြပါတယ်။

နောက်ထပ် အဓိက ပြဿနာတစ်ခုက ရိုဟင်ဂျာ အကျပ်အတည်းဖြစ်ပါတယ်တဲ့။ ရိုဟင်ဂျာ ၇ သိန်းခွဲလောက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြတဲ့ ၂၀၁၇ ခုနှစ်ကစလို့ ဒီပြဿနာ‌ကြီးထွားလာခဲ့ရာမှာ နောက်ဆုံး နယ်သာလန် နိုင်ငံ သည်ဟိတ်မြို့က ICJ နိုင်ငံတကာတရားရုံးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်ထုခြေခဲ့ရတဲ့ အထိပါပဲ။ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေထဲမှာလည်း ရိုဟင်ဂျာ ၆ သိန်းလောက်ရှိနေဆဲဖြစ်ပါတယ်။

မြန်မာနဲ့ အမေရိကန်ဆက်‌ဆံရေးကိုကြည့်ရင် မြန်မာ့ဒီမိုကရေစီရေးကို အမေရိကန်က အားပေးခဲ့သလို၊ ရိုဟင်ဂျာ ပြဿနာကိုလည်း ဝေဖန်ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေးအတွက် ၂၀၁၂ ခုနှစ်က ဒေါ်လာ ၁.၅ ဘီလျံ ကူညီခဲ့ပါတယ်။ အခု အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဂျိုးဘိုင်ဒင် လက်ထက်မှာ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်အတိုင်းဆက်သွား နေမယ်လို့ ယူဆသူတွေရှိသလို၊ လူ့အခွင့်အရေးနဲ့ ရိုဟင်ဂျာ ပြဿနာလည်း ဆက်ရှိနေဦးမယ်လို့ ထင်မြင်သူတွေလည်း ရှိနေကြောင်း NPR သတင်းက ဖော်ပြပါတယ်။

ဒီအတွင်း မြန်မာ၊ တရုတ် နှစ်နိုင်ငံနယ်စပ်အနီးမှာ၊ တရုတ်ဘက်က မြန်မာအစိုးရဘက်ကို ကြိုတင်အကြောင်း မကြားဘဲ စည်းရိုးတံတိုင်းသစ် ကာရံတည်ဆောက်နေခဲ့တာ၊ အခုထိ မိုင် ၄၁၀ အရှည်ရှိနေပြီလို့ Newsweek မဂ္ဂဇင်းက ဖော်ပြပါတယ်။

မြန်မာနဲ့နယ်စပ် ယူနန်ပြည်နယ် အနောက်တောင်ပိုင်းက ဝမ်တိန်နဲ့ ရွှေလီမြို့တွေမှာ အမြင့် ၆ ပေ ကနေ ၉ ပေအထိရှိတဲ့ သံဆူးကြိုးတပ် တရုတ်ခြံစည်းရိုးက မြန်မာဘက် နယ်စပ်မျဉ်းနဲ့ အလွန်နီးကပ်နေတဲ့အတွက်၊ မြန်မာ့တပ်မတော်နဲ့ ကိုးကန့် အရာရှိတွေက ကန့်ကွက်ခဲ့ကြပါတယ်။

လာမယ့် ၂၀၂၂ ခုနှစ်မှာ မြန်မာနဲ့ နယ်စပ် မိုင်ပေါင်း ၁၃၀၀ လုံးကို ထိန်းချုပ်ကန့်သတ်နိုင်ဖို့အတွက်၊ အဓိက နယ်စပ်ဂိတ်တွေမှာ အားပြင်းလျှပ်စစ်ဓာတ်လွှတ် စည်းရိုးတံတိုင်းတွေ၊ လုံခြုံရေးကင်မရာတွေ၊ အနီအောက် ရောင်ခြည်သုံး ထောက်လှမ်းရေး ကရိယာတွေ တည်ဆောက်တပ်ဆင်မှာ ဖြစ်ကြောင်းလည်း Newsweek ဆောင်းပါးက ဖော်ပြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေါင်းဆောင်တွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေကိုလည်း တရုတ်က မကြားသလို လုပ်နေတယ်လို့လည်း ဆိုပါတယ်။

တရုတ် သတင်းမီဒီယာတွေကတော့ မြန်မာနဲ့နယ်စပ်မှာ တံတိုင်းကာရံတာဟာ ကိုရိုနာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်မှုနဲ့ တရားမဝင် မှောင်ခိုလုပ်ငန်းတွေကို တားဆီးတိုက်ဖျက်ဖို့ဖြစ်ကြောင်း ဖော်ပြကြပါတယ်။ ဒါပေမဲ့ တရုတ်ရေးရာ ကျွမ်းကျင်သူ နှစ်ဦးကတော့ နယ်စပ်စည်းရိုးကိစ္စဟာ ကိုရိုနာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး အတွက်သာမက တခြားရည်ရွယ်ချက်တွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့