မြန်မာ့စီးပွားရေး အဘက်ဘက်က ယိုင်နဲ့နေကြောင်း လေ့လာသူတွေ သုံးသပ်

2022.08.01
မြန်မာ့စီးပွားရေး အဘက်ဘက်က ယိုင်နဲ့နေကြောင်း လေ့လာသူတွေ သုံးသပ် ရန်ကုန်မြို့ရှိ ဆေးဆိုင်တစ်ဆိုင်မှာ ဆေးဝယ်ယူရန် တန်းစီနေသူတွေကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၂ ရက်နေ့မှာ တွေ့ရစဥ်
Photo: RFA

စစ်အာဏာသိမ်း တစ်နှစ်ကျော်အတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စီမံခန့် ခွဲမှုအားနည်း ချက်တွေကြောင့် မြန်မာ့စီးပွားရေးကဏ္ဍဟာ ခန့်မှန်းရခက်အောင် ထိုးစိုက်ကျဆင်းနေ တယ်လို့ စီးပွားရေး လေ့လာသုံးသပ်သူတွေက ထောက်ပြကြပါတယ်။

ဆယ်စုနှစ်တစ်ခုအကြာ တည့်မတ်ခဲ့တဲ့ မြန်မာ့စီးပွားရေးဟာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ကန့်သတ်မှုတွေအပြင် စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းတဲ့ပုံစံ လွဲမှားမှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေဟာ နာလန်မထူနိုင်လောက်အောင်အထိ ကျဆင်းနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

စက်သုံးဆီ၊ စားအုန်းဆီ၊ ဆေးဝါး စတဲ့ သွင်းကုန်ပစ္စည်းတွေ တင်သွင်းခွင့် ကန့်သတ်ပြီး ပြည်ပကို နိုင်ငံခြားငွေ စီးဆင်းမှုကို လျှော့ချဖို့ ကြိုးစားခဲ့တာကြောင့် အခုလက်ရှိမှာ သွင်း ကုန်၊ ထုတ်ကုန်လုပ်ငန်းတွေ ရပ်ထားရတယ်လို့ ရန်ကုန်မြို့က သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

"အခြေအနေကတော့ ဆိုးပါတယ်၊ ဘယ်လောက်ဆိုးလဲ ဆိုရင်တော့ ခြုံပြောရင်လည်း အရင်နှစ်တွေထက် စာရင်တော့ စီးပွားရေး ငွေကြေးဖောင်းပွမှုတွေဖြစ်တယ်၊ ငွေလဲနှုန်း (Exchange) တွေကလည်း အများကြီး ဖြစ်သွားတော့ အနည်းဆုံးတော့ ကျနော်တို့က ၂၀ ကနေ ၃၀ ရာခိုင်နှုန်းတော့ ထိခိုက်မှုရှိတယ်လို့ ယူဆပါတယ်။ ကားနဲ့ ပတ်သက် ရင်တော့ ကားလုပ်ငန်းတွေကတော့ လိုင်စင်မပေးတော့တာကြောင့် ရပ်တန့်တဲ့ အနေ ထားမျိုးဖြစ်နေတယ်၊ ကိုဗစ်ပေါ့၊ မနှစ်က အာဏာသိမ်းလိုက်တာပေါ့၊ အဲနှစ်ခုပေါင်း လိုက်တဲ့အခါကျတော့ လက်ရှိ အနေအထားကတော့ Sector တိုင်းမှာတော့ သိပ်မ ကောင်းဘူး ဖြစ်နေတယ်။ လက်ရှိအနေအထားက ဒေါ်လာဈေး ကန့်သတ်လိုက်တဲ့ ဟာလည်း တင်ပို့ကုန် (Export) လုပ်ငန်းတွေ ထိခိုက်ကုန်တာပေါ့၊ အဲဒါမျိုးတော့ အနေအထားရှိတယ်”

လက်ရှိ နိုင်ငံတွင်းမှာ စက်သုံးဆီနဲ့ ဆေးဝါးပြတ်တောက်မှုအပြင် ဈေးနှုန်းမြင့်တက်မှုတွေ နဲ့ပါ ကြုံတွေ့ နေကြရတာပါ။

လက်ရှိရင်ဆိုင်နေရတဲ့ စီးပွားရေးအကျပ်အတည်းဟာ ၁၉၈၈ နောက်ပိုင်း ကြုံတွေ့လာရတဲ့ အဆိုးဝါးဆုံး အကျပ်အတည်းတစ်ခုဖြစ်တယ်လို့ ရန်ကုန်မြို့က နောက်ထပ် အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“ကုန်ကြမ်း ဈေးနှုန်းတွေ၊ ပစ္စည်း ဈေးနှုန်းတွေ တက်နေတဲ့အတွက် တစ်ယောက်တည်း မဟုတ်ဘူး အကုန်လုံး ဂယက်ရိုက်တာလေ၊ အခုဟာက ကုန်ကြမ်းထုတ်ရတာတွေ၊ ကုန်ကြမ်းသယ်ယူပို့ဆောင်ရတာတွေ စရိတ်တွေက အများကြီး တက်တယ်၊ အဲဒီ အတွက် ကတိကဝတ်တွေ ပျက်ကုန်တာပေါ့၊ အရောင်းဝယ်လောကမှာ မရောင်းနိုင်ဘူး ဆိုတာ လက်ရှိ ရှိတဲ့ ကုန်ကို ရောင်းလိုက်ရင် နောက်နေ့ ပြန်ဝယ်ရမယ့် ဈေးနှုန်း မခန့်မှန်းနိုင်ဘူး ဖြစ်နေတာ၊ အလုပ်သမားတွေအတွက်လည်း အလုပ်က ထိန်းချင်တယ်၊ ဒါပေမဲ့ အခုတောင်မှ နောက် နှစ်လ၊ သုံးလလောက်ဆို လုပ်ငန်းက ရပ်ဆိုင်းဖို့ ဖြစ်နေတာပေါ့၊ ၈၈ နောက်ပိုင်းမှာတုန်းက ကိုယ်က လုပ်ငန်းစဝင်တဲ့ အချိန်မှာတောင် ဒီလောက် ဆိုးဆိုးဝါးဝါး မကြုံခဲ့ရဘူးပေါ့ဗျာ”

ရန်ကုန်မြို့က ပုဂ္ဂလိက အခြေခံဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုလွင်ဦးကတော့ တစ်စတစ်စ တက်လာတဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကြားမှာ ဝင်ငွေနဲ့ ထွက်ငွေမျှတမှု မရှိတော့ဘဲ နိုင်ငံက ဒေဝါလီခံတော့မလားလို့ စိုးရိမ်နေပါတယ်။

"ဒေါ်လာကို လုံးဝ ထိန်းချုပ်လိုက်တဲ့ အနေအထား ဖြစ်လာပြီး ဒေါ်လာနဲ့ ပတ်သက်တဲ့ အလုပ်တွေ အကုန်လုံးက ထိခိုက်သွားတာပေါ့။ အခုဆို နိုင်ငံခြားကုမ္ပဏီတွေက အပြိုင် အဆိုင်ထွက်ဖို့ ပြင်နေကြပြီပေါ့၊ ထွက်လည်း ထွက်နေကြပြီ၊ Ooredoo လိုဟာမျိုး ဆိုရင်လည်း မကြာခင် ထွက်မယ့် အနေအထား အလားအလာရှိတယ်၊ ရေရှည်ကိုပေါ့ နော်၊ ဆက်သွားလို့ လုံးဝမရနိုင်တဲ့ အနေအထား ဖြစ်လာပြီပေါ့နော်၊ ဖြစ်လာတဲ့အခါ ကျတော့ တိုင်းပြည်စီးပွားရေး အခြေအနေက ခန့်မှန်းလို့ လုံးဝမရတဲ့အနေအထားပေါ့၊ ဘာဖြစ်လာမလဲဆိုတာ နောက်ဆုံး ကုန်ကုန်ပြောရရင် တိုင်းပြည်က သီရိလင်္ကာလို ဒေဝါလီခံနိုင်တဲ့ အဆင့်ပေါ့နော်၊ နောက် တစ်လ၊ နှစ်လ အတွင်းဖြစ်လာနိုင်မလားလို့ တော်တော်လေး ပူပန်နေရတာပေါ့”

လက်ရှိပြည်တွင်းဈေးကွက်မှာ အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းမြင့်တက်တာအပြင် ကျပ်ငွေ တန်ဖိုး ဆက်တိုက် ကျဆင်းနေပါတယ်။

"တိုင်းပြည်စီးပွားရေး အခြေအနေက ခန့်မှန်းလို့ လုံးဝမရတဲ့အနေအထားပေါ့"

ဇူလိုင်လ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ စစ်ကောင်စီ ပြောခွင့် ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံအတွက် အရန်ငွေကြေး အလုံအလောက်ရှိတာကြောင့် ဒေဝါလီ ခံစရာမရှိဘူးလို့ ပြောပါတယ်။

"မြန်မာနိုင်ငံမှာ အရန်ငွေကြေးအဖြစ် ဒေါ်လာနဲ့ ယွမ် စုဆောင်းပြီးဖြစ်တယ်၊ ပမာဏ မပြောလိုပါ၊ အဲဒါကြောင့် သိရီလင်္ကာနိုင်ငံလို ဖြစ်လာစရာမရှိပါဘူး၊ ဒေဝါလီ ခံစရာ မရှိဘူး"

စစ်ကောင်စီကို နိုင်ငံတကာက ဝိုင်းဝန်းပိတ်ဆို့မှုအနေနဲ့ ကူညီထောက်ပံ့ရေးနဲ့ ချေးငွေ တွေကို ရပ်ဆိုင်းလိုက်တဲ့အတွက် ပြည်တွင်းစီးပွားရေး လုပ်ရကိုင်ရခက်ခဲနေတာလို့ အာဏာသိမ်းတစ်နှစ်ပြည့် မိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။

ဇူလိုင်လ ၂၉ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံစီးပွားရေးပြန်လည်ဦးမော့လာစေဖို့ လုပ်ဆောင် နေကြောင်းနဲ့ ကိုဗစ်ကြောင့် ကျဆင်းသွားတဲ့ စီးပွားရေးကို ကုစားနိုင်ဖို့ ငွေကျပ် ၄၀၀ ဘီလီယံ မတည်ပြီး ဆောင်ရွက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ CNG အ‌‌ရောင်းဆိုင်မှာ တန်းစီနေကြသည့်ကားများကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၂ ရက်နေ့မှာ တွေ့ရစဥ် (Photo: RFA)
ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ CNG အ‌‌ရောင်းဆိုင်မှာ တန်းစီနေကြသည့်ကားများကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၂ ရက်နေ့မှာ တွေ့ရစဥ် (Photo: RFA)

အမည်မဖော်လိုတဲ့ စီးပွားရေးလေ့လာသုံးသပ်သူ တစ်ဦးကတော့ လက်ရှိကြုံနေရတဲ့ စီးပွားရေးချွတ်ခြုံကျမှုတွေဟာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာရတာလို့ ပြောပါတယ်။

"အာဏာသိမ်းလိုက်တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အကူအညီတွေ၊ သက်သာတဲ့ ချေးငွေတွေ မရတော့ဘူးပေါ့နော်၊ လိုငွေကိုဖြည့်ပေးမယ့် နိုင်ငံခြားက အကူအညီမရတော့ဘူး၊ ပြည်တွင်းငွေကြေး ဈေးကွက်မှာလည်း အားလုံးသိတဲ့အတိုင်းပဲ ဘဏ်တွေကလည်း အခက်အခဲဖြစ်နေတယ်၊ အဲ့တော့ အစိုးရကထုတ်ရောင်းတဲ့ ဘွန်း တွေ၊ ငွေတိုက်စာချုပ်တွေကို ဝယ်နိုင်ဖို့က သူတို့မှာက မရှိဘူးပေါ့နော်၊ အဲ့တော့ ဘာပဲ လုပ်မလဲဆိုတော့ ရိုက်ထုတ်မယ်ပေါ့၊ အဲ့လိုရိုက်ထုတ်တာကလည်း လိုငွေများများပြလေ ပိုပြီးရိုက်ထုတ်ရလေပဲ၊ အဲ့လိုရိုက်ထုတ်မယ်ဆိုရင်လည်း ငွေလဲလှယ်မှုနှုန်းကလည်း ကျမယ်၊ ငွေကြေးဖောင်းပွမှု နှုန်းကလည်း ပိုပြီးတော့များလာမယ်၊ အခုကို ငွေကြေး ဖောင်းပွမှုနှုန်းက ၁၅ ရာခိုင်နှုန်းလို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားတာ ဆိုတော့ နည်းတဲ့အင်အားမဟုတ်ဘူးလေ၊ ဒီဘက်မှာလည်း ဘဏ်တွေကလည်း လုံးဝကြီး ကောင်းသေးတာမဟုတ်ဘူး၊ နည်းနည်းလေးတော့ လည်ပတ်တယ်၊ အခက်အခဲတွေ အများကြီးရှိတယ်၊ အချိန်မရွေး ဖိုင်နင်ရှယ် စက်တာမှာလည်း ပြိုလဲနိုင်ပါတယ်"

ကမ္ဘာ့ဘဏ်ရဲ့ ဇူလိုင် ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ လူဦးရေ ၄၀ ရာခိုင်နှုန်းဖြစ်တဲ့ ၂၄ သန်းဟာ နိုင်ငံအတွင်း ပဋိပက္ခတွေနဲ့ အလုပ်လက်မဲ့ ပြဿနာ တွေကြောင့် ဆင်းရဲနွမ်းပါးမှုနဲ့ ကြုံနေရတယ်လို့ ဖော်ပြထားပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ အကျိုးဆက်ဟာ ဆယ်စုနှစ် တစ်ခုအကြာ ကြိုးစား ခဲ့ရတဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို ဖျက်ဆီးလိုက်သလို ကမ္ဘာ့ကုန်စည်ဈေးနှုန်းမြင့်မားတာ၊ ကျပ်ငွေတန်ဖိုး ကျဆင်းတာနဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် ငွေကြေးဖောင်းပွမှုနှုန်းဟာ ဆက်လက်မြင့်မားနေဦးမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ဘဏ္ဍာနှစ်မှာ မြန်မာ့စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်း ကျုံ့သွားမယ်လို့ ခန့်မှန်းထားခဲ့သလို ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်မှာလည်း သိသိသာသာ ပြန်လည်ထူထောင် လာတာမျိုးမရှိဘဲ GDP ဟာ ၂၀၁၉ ခုနှစ်ထက် ၁၃ ရာခိုင်နှုန်း လျော့နည်းနေတာကြောင့် ဝယ်လိုအား၊ ရောင်းလိုအား အကျပ်အတည်းတွေက မြန်မာ့စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်အကျိုးသက်ရောက်နေမှာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။