မြို့ပေါင်း နှစ်ဆယ်ကျော်မှာ လူဦးရေ ရှစ်သောင်းခွဲကျော် ရေဘေးသင့်
2024.07.16
စစ်ကောင်စီ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စာရင်းအရ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ကချင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းက မြို့ပေါင်း ၂၁ မြို့မှာ ရေလွှမ်းနေပြီး လူဦးရေ ရှစ်သောင်းခွဲကျော် (၈၆၀၀၀ ခန့်) ရေဘေးအန္တရာယ် ရင်ဆိုင်နေရပါတယ်။
စစ်ကောင်စီ အာဘော် သတင်းစာတွေမှာလည်း ဧရာဝတီမြစ်ကမ်းဘေး မြို့နယ် ရှစ်မြို့နယ်မှာ ရေနစ်မြုပ်နေတဲ့ စာသင်ကျောင်း ၁ဝ၇ ကျောင်း ပိတ်ထားရတယ်လို့ ဖော်ပြထားပါတယ်။
"စစ်ဘေးစစ်ရှောင်တွေက မြစ်နားကမ်းနားမှာ နေကြတယ်လေ။ အဲဒီ ဆောက်ထားတဲ့ တဲတွေက အကုန်လုံး မြုပ်သွားတာပေါ့"
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာတော့ ဇူလိုင်လပထမပတ်အတွင်း ရေကြီးမှုကြောင့် သေဆုံးသူ ၁၇ ဦးထက်မနည်း ရှိခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"သေဆုံးသူအခြေအနေက လက်ရှိတော့ ၁၇ ယောက်လို့ ကြားတယ်ဗျ။ ပိုင်ရှင်မပေါ်တာတွေ မဆယ်နိုင်တာတွေ အများကြီးပဲရှိတယ်ဗျ။ အစိုးရဘက်က စခန်းဖွင့်ထားတာတော့ မရှိသလောက် ပြောရမှာပေါ့"
မြစ်ကြီးနားမြို့ လက်ရှိ ရေပြန်ကျသွားပေမဲ့လည်း ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ဒေသခံတွေ ပြောပြချက်အရ ရွာသာရွာနဲ့ စဉ့်ကူးမြို့နယ် ကြက်တူရွေး၊ မြစ်ကမ်းကြီး၊ ဟင်္သာမ၊ ရွာတော်၊ ရွာသာ စတဲ့ ရွာပေါင်း ၁၄ ရွာနီးပါးမှာရှိတဲ့ စစ်ဘေးဒုက္ခသည် ရှစ်ထောင်လောက်ရဲ့ တဲအိမ်တွေလည်း ရေနစ်မြုပ်နေပါတယ်။
စစ်ဘေးဒုက္ခသည်တွေဟာ ဧရာဝတီမြစ်ကမ်းဘေးမှာ တဲထိုးနေထိုင်းရင် ရေဘေးပါထပ်ကြုံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စဉ့်ကူးဒေသခံတစ်ဦးက ပြောပါတယ်။
"စစ်ဘေးစစ်ရှောင်တွေက မြစ်နားကမ်းနားမှာ နေကြတယ်လေ။ အဲဒီ ဆောက်ထားတဲ့ တဲတွေက အကုန်လုံး မြုပ်သွားတာပေါ့။ ကျွန်တော်တို့ စစ်ကိုင်းတိုင်းကို ရွှေ့ပြီးတော့မှ စစ်ရှောင်ရတာရယ် ရေကြီးနစ်မြုပ်တာရယ်၊ ရှောင်ရတာကြောင့် သူတို့မှာတော့ ဆင်းရဲဒုက္ခတွေ ပိုကြုံရတာပေါ့ဗျာ။ ကူညီထောက်ပံ့မှု အနေအထားတွေက နည်းတယ်ဗျ"
ဝက်လက်မြို့နယ်မှာ ရေဘေးဒဏ်ခံရတာ ဆယ်ရက်ခန့်ရှိနေပြီး သက်ကြီးရွယ်အိုနဲ့ ကလေးတွေအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
ဧရာဝတီနဲ့ ချင်းတွင်းမြစ်ဆုံရာ မကွေးတိုင်း၊ ရေစကြိုမြို့မှာလည်း ရွာပေါင်း ၁၃၀ ခန့် ရေနစ်မြုပ်နေတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
လက်ရှိ စစ်ကြောင်းတွေမလာပေမဲ့ ရေဘေးကြောင့် ဘေးလွတ်ရာ ရှောင်နေကြရတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုဝေကြီးက RFA ကိုပြောပါတယ်။
"စစ်ဘေးက အရင်ကတည်းက ရှောင်ရှောင်နေရတာပေါ့။ လက်ရှိကတော့ စစ်ကြောင်းက ရေတွေကြီးနေတော့ စစ်ကြောင်းလည်း မထိုးနိုင်ဘူး။ မထိုးနိုင်တဲ့အခါ စစ်ဘေးတော့ မရှောင်ရဘူးပေါ့။ အခုလောလောဆယ်တော့ ရေဘေး ရှောင်နေရတာပေါ့။ ရေဘေးရှောင်တဲ့ အခါကျလည်း ရန်သူနဲ့ နီးတဲ့စခန်းတွေ ကားလမ်းတွေတို့ တပ်တွေနဲ့ နီးတဲ့နေရာတွေကျ သွားရှောင်လို့ မရဘူး။ ကိုယ့်ရေဝင်ဧရိယာတွေမှာရှိတဲ့ နှစ်ထပ်ဘုန်းကြီးကျောင်းကြီးတွေတို့၊ နှစ်ထပ်စာသင်ကျောင်းကြီးတွေတို့ အဲလိုနေရာတွေမှာ စုပြီးတော့နေကြရတဲ့ သဘောတော့ရှိတယ်"
ရေစကြိုမြို့ပေါ် တောင်ဘက်နဲ့ အရှေ့ဘက်ခြမ်းရပ်ကွက်တွေမှာလည်း ရေဝင်ရောက်နေတယ်လို့ ဆိုပါတယ်။
အလားတူ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာလည်း ရေဘေးကြောင့် စပါးနဲ့ ကွမ်းစိုက်ခင်းတွေ ပျက်စီးသွားပြီလို့ ဆားလင်းကြီး ဒေသခံတစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့ရွာရဲ့ သုံးပုံပုံနှစ်ပုံကျော်လောက် ရေလွှမ်းတယ်ပေါ့နော်။ ဒီရာသီ ကျွန်တော်တို့ စိုက်ကြတာက စပါးရှိတယ်၊ နောက် ကွမ်းစိုက်တောင်သူတွေ များမယ်ပေါ့။ လက်ရှိ ရေဘေးအနေအထားက မြစ်ကမ်းနံဘေးမှာ ရှိတဲ့ရွာတွေလည်း ခံစားရတယ်။ ကျွန်တော်တို့ ပုသိမ် - မုံရွာလမ်းဘေး လမ်းရဲ့အရှေ့ဘက်မှာရှိတဲ့ ရွာတွေ တော်တော်များများ ဝင်တယ်"
ချင်းတွင်းမြစ်ကမ်းဘေးက ရွာပေါင်းနှစ်ဆယ်ခန့် ရေနစ်မြုပ်နေသလို ဇူလိုင်လ ၁၁ ရက်နေ့ကလည်း မြစ်ကမ်းဘေး ကျောက်မျက်ကျေးရွာမှာ ဒေသခံတစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကတော့ ရေဘေးသင့်ဒေသတွေမှာ ကယ်ဆယ်ရေးစခန်းသုံးရာကျော် ဖွင့်လှစ်ထားတယ်လို့ RFA ကို ပြောပါတယ်။
ရေဘေးသင့် ပြည်သူတွေကို ဇူလိုင်လ ၁၅ ရက် မနေ့ကအထိ ငွေကြေးနဲ့ စားနပ်ရိက္ခာပစ္စည်း ကျပ်သိန်းပေါင်း နှစ်ထောင်ကျော် (ကျပ်ငွေ ၂၀၂၆၃၄၇၆၀) ထောက်ပံ့ထားတယ်လို့လည်း ဆိုပါတယ်။ တစ်နိုင်ငံလုံးအနှံ့ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ စုစုပေါင်းကိုတော့ မသိရသေးပါဘူး။
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကတော့ နိုင်ငံတစ်ဝန်း မြို့ပေါင်း ၂၁ မြို့မှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေပြီး ရေကြီးရေလျှံတာတွေ ဆက်ရှိနေတယ်လို့ ဒီနေ့မနက်က ထုတ်ပြန်ထားပါတယ်။