မြန်မာ့အရေးကူညီဖို့ တောင်ကိုရီးယားဆွေးနွေးပွဲမှာ NUG ဖက်ဒရယ်ဝန်ကြီးတင်ပြ

မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးကို ထောက်ခံအားပေးတဲ့ အာရှနိုင်ငံတွေထဲမှာ တောင်ကိုရီးယားနိုင်ငံဟာ ထိပ်ဆုံးက ပါဝင်ပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာလည်း စစ်အာဏာရှင်လက်အောက်ကနေ စွန့်လွှတ်ပေးဆပ်မှုများစွာနဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်အောင် တည်ထောင်ခဲ့ရတာဖြစ်လို့ မြန်မာပြည်သူတွေကို တောင်ကိုးရီးယားပြည်သူတွေက ပိုမိုစာနာနားလည် ထောက်ခံကြတာ ဖြစ်တယ်လို့လည်း လေ့လာသူတွေက ပြောပါတယ်။
ဆိုးလ်တက္ကသိုလ်မှာ မနေ့ကကျင်းပခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို "နွေဦးတော်လှန်ရေးနဲ့ မြန်မာပြည်ရဲ့ အမျိုးသားညီညွတ်ရေး ခရီးရှည်" (Spring Revolution and Myanmar's Long Road Toward National Unity) လို့ အမည်ပေးထားပြီး တောင်ကိုရီးယားတက္ကသိုလ် ပါမောက္ခတွေနဲ့ တက်ကြွလှုပ်ရှားသူတွေအပြင် နိုင်ငံတကာက မြန်မာ့အရေးစိတ်ဝင်စားသူတွေလည်း အင်တာနက်အွန်လိုင်းက ပါဝင်တက်ရောက်ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ စစ်တပ်အာဏာသိမ်းမှုအပြီး ပေါ်ပေါက်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့လူမဆန်ရက်စက်မှုတွေ၊ တော်လှန်အင်အားစုတွေရဲ့ လှုပ်ရှားမှုတွေကို ပြည်တွင်းပြည်ပ ပညာရှင်တွေက စာတမ်းတွေ ဖတ်ကြားတင်ပြခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲကို တက်ရောက်တင်ပြဆွေးနွေးဖို့အတွက် NUG အမျိုးသားညီညွတ်ရေးအစိုးရ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းကို ဆိုးလ်တက္ကသိုလ်က ဖိတ်ကြားခဲ့ပါတယ်။
ဒီဆွေးနွေးပွဲဟာ NUG ရဲ့ အောင်ပွဲတစ်ခုဖြစ်ပြီး မြန်မာ့နွေဦးတော်လှန်ရေးရဲ့ ထူးခြားတဲ့ အချက်အလက်တွေကို သူတင်ပြခဲ့တယ်လို့ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက RFA ကို ပြောပါတယ်။
"ကျွန်တော်ကလည်း NUG ရဲ့ ပေါ်လစီလုပ်ဆောင်မှုအပြင် NUCC မှာ ကျွန်တော်တို့ ဘာတွေလုပ်နေလဲ ဆိုတာကို တင်ပြတယ်။ အထူးသဖြင့် ဒီတော်လှန်ရေးမှာ မြေပြင်သပိတ်တွေပါတယ်၊ CDM လှုပ်ရှားမှုပါတယ်၊ PDF လှုပ်ရှားမှုပါတယ်၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ ပါတယ်။ ပြီးတော့ ဒါတွေကို ဦးဆောင်ဖို့အတွက် CRPH ဆိုတာရှိတယ်၊ NUG ဆိုတာရှိတယ်၊ NUCC ဆိုတာရှိတဲ့ အကြောင်း ပြောတယ်။ NUCC ကို တော်တော်များများက အရမ်းကို စိတ်ဝင်စားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ NUCC ဆိုတာ သာမန်တပ်ပေါင်းစုတစ်ခု မဟုတ်ဘူး တိုင်းပြုပြည်ပြု လွှတ်တော်တစ်ခုကဲ့သို့ အလုပ်လုပ်နေတာဖြစ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီ ချာတာကို ရေးဆွဲပြီး ပြဌာန်းနိုင်ခဲ့တယ်။ ဒါတင်မက အခုအသွင်ကူးပြောင်းရေးကာလမှာ အခြေခံဥပဒေတွေပါ ရေးဆွဲနိုင်ခဲ့တယ်။ NUCC လို ကော်မတီကို ပြည်ထောင်စုသမိုင်းမှာ တစ်ခါမှ မပေါ်သေးဘူး။ ဆက်တိုက် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်နေတယ်။ ဦးဆောင်မှုတွေ ပေးနိုင်တယ်ဆိုပြီး ကျွန်တော်တင်ပြလိုက်လို့ အရမ်းကို စိတ်ဝင်စားကြတယ်။"
ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းဟာ တောင်ကိုရီးယားနိုင်ငံကို ဒီလ ၁၈ ရက်နေ့က ရောက်ရှိခဲ့တာပါ။ ခရီးရောက်မဆိုက်မှာပဲ တောင်ကိုရီးယားနိုင်ငံရဲ့ ဒီမိုကရေစီတော်လှန်ရေးအထင်ကရ ဂွမ်ဂျူးမြို့တော်ဝန် Kang Gi Jung နဲ့ သွားရောက်တွေ့ဆုံခဲ့ရာမှာ မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးကို သူတို့အပြည့်အဝထောက်ခံ ကြောင်း မြို့တော်ဝန်က ပြောကြားခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက ပြောပါတယ်။
"ဂွမ်ဂျူးမြို့တော်ဝန်အနေနဲ့ကတော့ ကျွန်တော်တို့ရဲ့ NUG အစိုးရကို သူ့ရဲ့တစ်သီးပုဂ္ဂလအနေနဲ့ ထောက်ခံတယ်၊ အားပေးတယ်။ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်တွေ အကုန်လုံးကိုလည်း ဂွမ်ဂျုးမြို့တော်အနေနဲ့က အင်တိုက်အားတိုက် ပံ့ပိုးကူညီတယ်ဆိုတာကို ကိုရီးယား မြန်မာကိုယ်စားလှယ်ရုံးကလည်း သိပါတယ်ဆိုတဲ့အကြောင်းကို ကိုရီးယားမှာရှိနေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကိုလည်း သူတို့အနေနဲ့ အတတ်နိုင်ဆုံး ကျောင်းတက်နေတဲ့ သူတွေကိုလည်း ကူညီတယ်ဆိုတဲ့အကြောင်းတွေကို ပြောပါတယ်။ ကျွန်တော်တို့ဝန်ကြီးကလည်း ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းနဲ့ ကိုရီးယားအစိုးရကိုလည်း ကျွန်တော်တို့ NUG အစိုးရကို တရားဝင်ထောက်ခံအားပေးဖို့ ပြောပေးပါဆိုပြီးတော့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ မြို့တော်ဝန်နဲ့တွေ့ပြီးတော့ ဝန်ကြီးက ဆက်လက်ပြီးတော့ ဂွမ်ဂျူးဖောင်ဒေးရှင်ေအဖွဲ့ နဲ့ တွေ့ပါတယ်။ ဂွမ်ကျုးဖောင်ဒေးရှင်းအဖွဲ့ဆိုတာ မေ ၁၈ အောက်မေ့ဖွယ်ဖောင်ဒေးရှင်းပါ။ လွန်ခဲ့တဲ့ ၁၉၈၀ ခုနှစ် မေလ ၁၈ ရက်နေ့မှာ ဖြစ်သွားခဲ့တဲ့ ချန်ဒူးဝမ်စစ်အုပ်စုကို ဖြုတ်ချခဲ့တဲ့ ဖောင်ဒေးရှင်းတစ်ခု ဖြစ်ပါတယ်။ အဲ့ဖောင်ဒေးရှင်းက ဥက္ကဌဖြစ်တဲ့ မစ္စတာ ဆန်းဆော့ဝမ်ကနေပြီးတော့ ထပ်ပြီးတော့ ဖိတ်ကြားတဲ့အတွက် သူ့ရဲ့ ရုံးခန်းကို သွားရပါတယ်။ ပြောရမယ်ဆိုရင် ဂွမ်ဂျူးဟာ ဒီမိုကရေစီမြို့တော်ဖြစ်တဲ့အတွက် ပလဲနံပသင့်ပါတယ်။ စဉ်ဆက်မပြတ် ထောက်ခံမှုတွေ မြန်မာနိုင်ငံကို ငွေအား၊ လူအား သူတို့ကိုယ်တိုင် နယ်စပ်ဒေသတွေ သွားရောက်ပြီးတော့ ကူညီထောက်ပံ့မှုတွေ ပြုလုပ်နေတဲ့ မြို့တစ်မြို့ပဲ ဖြစ်ပါတယ်။ သူတို့ကတော့ သူတို့ရဲ့ ကူညီထောက်ပံ့မှုတွေ မြန်မာ့ဒီမိုကရေစီရေးကို ဘယ်လိုအားပေးတယ်ဆိုတဲ့အကြောင်းတွေ ကျောင်းသားတွေ ပညာသင်ကြားဖို့ ကိစ္စရပ်တွေ ဝန်ကြီးနဲ့ အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။ ဝန်ကြီးကလည်း ဂွမ်ဂျူးရဲ့ သူရဲကောင်း ဗိမာန်ကို သွားရောက်ပြီးတော့ အလေးပြုတယ်ပေ့ါဗျာ။"
နောက်တစ်နေ့ဖြစ်တဲ့ အောက်တိုဘာ ၁၉ ရက်နေ့မှာတော့ ဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းဟာ ဆိုးလ်မြို့ပညာဝန် ချိုဟီယွန်းနဲ့ တောင်ကိုရီးယားနိုင်ငံတော် သုတေသနကောင်စီဥက္ကဌ ဂျောင်ဟီးဂုတို့ကို တွေ့ဆုံပြီး CDM မြန်မာကျောင်းသားတွေနဲ့ နယ်စပ်ရောက်လူငယ်တွေ တောင်ကိုရီးယားမှာ လာရောက် ပညာသင်ကြားရေးအတွက် ဆွေးနွေးခဲ့သလို တောင်ကိုရီးယားအာဏာရနဲ့ အတိုက်အခံပါတီတွေက လွှတ်တော်အမတ်တချို့နဲ့လည်း တွေ့ဆုံပြီး နွေဦးတော်လှန်ရေးအပေါ် သူတို့အနေနဲ့ ကူညီနိုင်မယ့် နည်းလမ်းတွေကို တိုင်ပင်ခဲ့တယ်လို့ ဆိုပါတယ်။
"သူတို့အနေနဲ့ မြန်မာ့ ဒီမိုကရေစီအရေး အားပေးထောက်ခံပြီးတော့ NUG အစိုးရအတွက်ဆိုပြီးတော့ လက်ရှိ အာဏာရရော အတိုက်အခံရော လွှတ်တော်အမတ်ပေါင်း ၈၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ ရှိတယ်ဆိုတဲ့ အကြောင်း၊ အဲအဖွဲ့က NUG အစိုးရကို စဉ်ဆက်မပြတ် ထောက်ခံပြီးတော့ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးဖို့ ဆောင်ရွက်နေပါတယ်ဆိုတဲ့အကြောင်းတွေ ပြောပါတယ်။ ပြီးတော့ ကိုရီးယားစီးပွားရေးသမားတွေ အနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးတွေ မလုပ်ဖို့ မြန်မာနိုင်ငံနဲ့ စီးပွားရေးတွေ လုပ်နေခြင်းဟာ စစ်အုပ်စုကို လက်နက်တပ်ဆင်ပေးရာ ကျရောက်တဲ့အကြောင်းတွေကို သူတို့အနေနဲ့ ဥပဒေပြုနေတဲ့အကြောင်း အဲဒီ ဥပဒေကို ကိုရီးယားလွှတ်တော်မှာ အတည်ပြုအောင် ပြုလုပ်မယ်ဆိုပြီးတော့ ဝန်ကြီးကို ပြောခဲ့ပါတယ်။"
ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက အခုကျင်းပတဲ့ ဆွေးနွေးဟောပြောပွဲနည်းတူ တခြားနိုင်ငံတွေကိုလည်း အလားတူ ဆက်လက်သွားရောက်တင်ပြဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။
"နိုင်ငံတကာမှာ အခုလို ပွဲမျိုးကို တစ်ခုပြီးတစ်ခုလုပ်ပြီး နိုင်ငံတကာရဲ့ ပညာရှင် ရှု့ဒေါင့် CSO တွေရဲ့ ရှုဒေါင့်ကနေပြီး မြှင့်တင်တယ်။ နိုင်ငံရေးပါတီတွေရဲ့ ဖိအားကို အစိုးရကနေပြီးတော့ ဆန့်ကျင်နိုင်မှာ မဟုတ်ဘူး၊ မျက်ကွယ်ပြုနိုင်မှာ မဟုတ်ဘူး။"
ဦးရန်နိုင်ထွန်းက အခုခရီးစဉ်အတွင်း တောင်ကိုရီးယားအစိုးရ၊ လွှတ်တော်ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုပွဲတွေမှာ ပြောဆိုခဲ့ကြတာတွေကို အသေးစိတ် ထုတ်ပြန်ပြောကြားဖို့ ငြင်းဆိုပါတယ်။
ဒီအတောအတွင်း အာဏာသိမ်းစစ်ကောင်စီက တောင်ကိုရီးယားအစိုးရအသိုင်းအဝန်းကို ဆက်သွယ်ပြီး မြန်မာ့တော်လှန်ရေးအင်အားစုတွေကို အားပေးကူညီမှုတွေ မပြုလုပ်ဘဲ မြန်မာပြည်က တောင်ကိုရီးယားစီးပွားရေးလုပ်ငန်းတွေနဲ့ လာရောက်လုပ်ကိုင်နေသူတွေရဲ့ လုံခြုံရေးကို အဓိကထားဖို့ သတိပေးပြောဆိုနေတယ်လို့ နိုင်ငံရေးအသိုင်းအဝန်းမှာ ပြောဆိုနေကြပါတယ်။ ဒါပေမယ့် ဒီလို ဖိအားပေးမှုတွေ ရှိနေတယ်ဆိုတာကို နှစ်နိုင်ငံလုံးက ထုတ်ဖော်ပြောဆိုတာ မရှိတဲ့အတွက် RFA အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။