ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်ခံရတဲ့ နိုင်ငံတွေထဲ မြန်မာပါဝင်


2019.05.01
uscrif-622 USCIRF အဖွဲ့ရဲ့ ၂ဝ၁၉ ခုနှစ် ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာ ထုတ်ပြန်ပွဲမှာ မိန့်ခွန်းပြောကြားနေတဲ့ အမေရိကန် အောက်လွှတ်တော်အမတ် Jim Mc Govern ကို တွေ့ရစဉ်
Photo: RFA

ကမ္ဘာမှာ အဆိုးဝါးဆုံး ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှုနိုင်ငံ ၁၆နိုင်ငံထဲမှာ မြန်မာနိုင်ငံပါဝင်တယ်လို့ မနေ့ကထုတ်ပြန်တဲ့ USCIRF နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် စောင့်ကြည့်ရေး အမေရိကန်ကော်မရှင်ရဲ့ ၂၀၁၉ ခုနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်အပေါ် မြန်မာပြည်က ဘာသာရေးခေါင်းဆောင်တချို့ရဲ့ သဘောထားတွေကို RFA သတင်းထောက် ကိုကျော်လွင်ဦး က တင်ပြထားပါတယ်။


အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှုဆိုင်ရာအဖွဲ့ က ထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ်အတွင်း ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုခံရတဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်ချက်အပေါ်မှာ မြန်မာပြည်က ဘာသာရေးခေါင်းဆောင်တွေကလည်း ထောက်ခံကြပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ ဝတ်ပြုဆုတောင်းဖို့နေရာ အခက်အခဲတွေရှိနေပြီး ဘာသာရေးလွတ်လပ်ခွင့်ဆုံးရှုံးနေတယ်လို့ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်ဥက္ကဋ္ဌ ဦးညွှန်မောင်ရှိန် က ပြောပါတယ်။

“ကျနော်တို့ ရန်ကုန်တိုင်းမှာဆိုရင် မြို့နယ်အတော်တော်များများမှာ ဘုရားဝတ်ပြုဖို့နေရာမရှိဘူး၊ တခါစာသင်ကျောင်းတွေ ပိတ်ထားတယ်၊ မြန်မာတနိုင်ငံလုံးမှာ ရခိုင်ပြည်နယ်အပါအဝင် ပြည်နယ်ပြည်မမှာရှိတဲ့ အစ္စလာမ်ဘာသာရေးဗလီ အကြောင်းအမျိုးမျိုးကြောင့်ပိတ်ထားတယ်၊ ဒီနေ့အထိမဖွင့်ပေးသေးဘူး၊ ဒီဘာ သာရေး လွတ်လပ်ခွင့်မှ မရှိဘူးဆိုရင် ကျနော်တို့ကဘယ်နေရာမှာ ဘုရားရှိခိုးမလည်း ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့တော့ မွတ်စလင်တွေဟာ ဆုံးရှုံးလျက်ပဲရှိတယ်လို့ ကျနော်ပွင့်ပွင့်လင်းလင်းပဲ ပြောလိုပါတယ်”

မကွေးတိုင်းဒေသကြီးချောက်မြို့နယ်မှာရှိတဲ့ ဗလီနှစ်ခုဟာ ပြီးခဲ့တဲ့၂၀၀၆ခုနှစ်က ပြဿနာရှိခဲ့တာကြောင့် ပိတ်သိမ်းခံခဲ့ရပြီး ဒီဗလီပြန်ဖွင့်ပေး တောင်းဆိုတာတွေကြောင့် တိုင်းအစိုးရအဖွဲ့က ပြန်ဖွင့်ခွင့်ပေးခဲ့ပေမယ့် အောက်ခြေမှာရှိတဲ့ဌာနဆိုင်ရာတွေက ဗလီတွေပြန်ဖွင့်ခွင့်ပေး၊ မပေးကို မဲခွဲဆုံးဖြတ်တာမျိုး ပြုလုပ်ခဲ့တာကြောင့် ဒီနေ့အထိ ဗလီတွေ ပြန်ဖွင့်ခွင့်မပေးသေးဘူးလို့ ဦးညွှန်မောင်ရှိန်က ပြောပါတယ်။

အစ္စလာမ်ဥပုဒ်လလည်းနီးတာကြောင့် နိုင်ငံတော်သမ္မတအပါအဝင် ပြည်ထောင်စုလွှတ်တော်၊ သာသနာရေးဝန်ကြီးဌာနတွေကို ဗလီတွေပြန်ဖွင့်ခွင့်ပေးဖို့ စာပို့တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အပါအဝင် တနိုင်ငံလုံးမှာ အစ္စလာဘာသာဝင်တွေ ဝတ်ပြုဆုတောင်းတဲ့ ဗလီအလုံး ၂၀၀နီးပါးဟာ အကြောင်းအမျိုးမျိုးကြောင့် အပိတ်ခံထားရသလို အဆောက်အအုံတွေမှာလည်း ပျက်စီးနေတယ်လို့ ဦးညွှန့်မောင်ရှိန်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် ဖိနှိပ်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေတာကို မြန်မာအစိုးရနဲ့ တပ်မတော်က ငြင်းပယ်ကာ တာဝန်ယူမှုမရှိကြောင်း၊ အမေရိကန်အစိုးရနဲ့ မဟာမိတ်နိုင်ငံတွေဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးတုန်းရှင်းလင်း မှုတွေ၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က အကျယ်အပြန့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိတဲ့ မြန်မာ့တပ်မတော်က တာဝန်ရှိသူတချို့ကို ကန့်သတ်ပိတ်ဆု့ိမှု အနည်းငယ်မျှသာချမှတ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီလိုအဖြစ်မျိုးကို ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တချို့ကလည်း အသိအမှတ်ပြု ပြောကြားထားတာရှိပါတယ်။

ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ လူနည်းစုအစ္စလာမ်နဲ့ ပတ်သက်ပြီး သတိထားဆက်ဆံတာမျိုးတွေရှိတယ်လို့ ကက်သလစ်ဂိုဏ်းချုပ်ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုက ပြီးခဲ့တဲ့ရက်ပိုင်းက RFA ကိုပြောကြားခဲ့ပါတယ်။

“ဒီမွတ်စလင်တွေနဲ့ပတ်သက်လို့တော့ ခုနပြောတဲ့ ဗုဒ္ဓဘာသာအုပ်စုကြီးက နည်းနည်းတော့ ကြောက်လန့်တဲ့သဘောမျိုးတော့ ခံစားရတယ်ပေါ့နော်၊ ဘေးပတ်ဝန်းကျင်မှာရှိတဲ့နိုင်ငံတွေမှာဆိုရင် အရင်ကဗုဒ္ဓဘာသာတွေဖြစ်ပြီး တဖြည်းဖြည်းနဲ့ နောက်ပိုင်းမှာ မွတ်စလင်တွေဖြစ်လာတဲ့အခါမှာ လူတွေက နည်းနည်းစိုးရိမ်ကြောင့်ကျပြီးတော့ အစ္စလာမ်မိုင်းစေးရှင်းပေါ့၊ နောက် ISIS တွေအကြောင်းကြားတယ်၊ အကြမ်းဖက်မှုတွေ အကြောင်းကြားတဲ့အခါမှာ သူတို့အနေနဲ့ စိုးရိမ်ကြောင့်ကြပြီးတော့ မွတ်စလင်တွေကို လန့်တယ်”


မြန်မာပြည်နဲ့ ပတ်သက်ပြီး ၂ဝ၁၆ ခုနှစ်က သမ္မတအမိန့်နဲ့ တားမြစ်ရပ်ဆိုင်းခဲ့တဲ့ အရေးပေါ် နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုဥပဒေကို ပြန်လည်ပြဌာန်းကာ လက်ရှိ ပြဌာန်းထားတဲ့ လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်တားမြစ်ချက်ကို ဆက်လက်ထားရှိဖို့ ထောက်ခံတင်ပြကြောင်း စသဖြင့် ဒီကနေ့ ဧပြီ ၂၉ ရက်နေ့ ထုတ်ပြန်တဲ့ US CIRF ရဲ့ ၂ဝ၁၉ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာဘာသာရေးကိုအခြေခံ မှိုင်းတိုက်နေတာတွေရှိနေပြီး ထိရောက်စွာ အရေး မယူတာကြောင့် အစ္စလာမ်ဘာသာဝင်တွေဟာ လွတ်လပ်စွာကိုးကွယ် ဆုံးရှုံးနေတယ်လို့ (ရိုဟင်ဂျာ) အစ္စလာမ်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဦးသာအေးက ပြောပါတယ်။

“မှိုင်းတိုက်နေတဲ့အခါကျတော့ လွတ်လွတ်လပ်လပ် မလုပ်ရဲတော့ဘူးလေ ဘာသာရေးကိုအခြေခံပြီးတော့မှ ပြဿနာဖန်တီးမှာ စိုးရိမ်နေရတာပေါ့နော်၊ ဆုံးရှုံးတဲ့အဆင်ပဲလိုပြောလို့ရတယ် ဘာဖြစ်လို့လည်းဆိုတော့ လက်တွေမှာ တချိုနေရာတွေမှာ ဗလီတက်ခွင့်မရှိသေးတာတွေ ရှိနေသေးတယ်”

ဒါ့အပြင် အဲဒီ အစီရင်ခံစာမှာ မွတ်စလင်တွေအပေါ်သာမက ခရစ်ယာန်အပါအဝင် တခြားလူနည်းစု ဘာသာဝင်တွေအပေါ် ဖိနှိပ်မှုတွေ ဆက်လက်ပေါ်ပေါက်နေကြောင်းနဲ့ အဲဒီလို ဘာသာရေးလွတ်လပ်ခွင့်ကို တားမြစ်ပိတ်ပင်တားဆီးနေတဲ့ အဖွဲ့အစည်းတွေထဲမှာ UWSA လို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည် တွေလည်း ပါဝင်နေကြောင်း၊ ဝတပ်ဖွဲ့တွေဟာ ခရစ်ယန်ဘုရားကျောင်းတွေကို ပိတ်ပင်ဖျက်ဆီးခြင်း ဘုန်းတော်ကြီးတွေ အပါအဝင် ခရစ်ယာန်တွေကို ဖမ်းဆီးခြင်းတွေ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒီ ဘာသာရေးလွတ်လပ်ခွင့် မရှိဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး သာသနာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းကို RFAက ဆက်သွယ်မေးမြန်းရာမှာတော့

“ကျနော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံဥပဒေမှာလည်း ပါပြီးသားပါ လွတ်လပ်စွာကိုးကွယ်ခွင့်ကိုလည်း ပေးထားပြီးသားပါ၊ ရခိုင်ပြည်နယ်တခုတည်းကြည့်ပြီး ပြောလို့မရပါဘူး”

တဆက်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တပ်မတော်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ICC နိုင်ငံတကာရာဇဝတ်မှုခုံရုံးက စစ်ဆေးအရေးယူနိုင်ရေးအတွက် အမေရိကန်အစိုးရက ပါဝင်ထောက်ခံဖို့လည်း USCIRF က တိုက်တွန်းထားပါတယ်။

အမေရိကန် လွှတ်တော်နှစ်ရပ်နဲ့ ပါတီနှစ်ရပ်ပေါင်းက အမတ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှုဆိုင်ရာအဖွဲ့ဟာ အစိုးရကိုထောက်ခံတင်ပြတဲ့အဖွဲ့ဖြစ်ပြီး ပိတ်ဆို့မှုတွေကို အဖွဲ့ကိုယ်တိုင်ကတော့ ပြဌာန်းခွင့် မရှိပါဘူး။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံကို CPC ခေါ် ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံစာရင်းမှာ အဆင့် ၁ အဖြစ် သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံနဲ့ အတူ အဆင့် (၁) မှာ တရုတ်၊ မြောက်ကိုရီးယား၊ ရုရှားနဲ့ ဗီယက်နမ်စတဲ့ နိုင်ငံတွေ ပါဝင်ပြီး အဆင့် (၂) မှာတော့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား နဲ့ လာအိုစတဲ့ နိုင်ငံတွေ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။