ထိုင်းလွှတ်တော်မှာ မြန်မာ့အရေးဆွေးနွေးမှု နိုင်ငံရေးလှုပ်ရှားသူတွေကြိုဆို

ထိုင်းလွှတ်တော်မှာ မတ်လ ၂ ရက်ကနေ ၃ ရက်နေ့အထိ မြန်မာအတိုက်အခံတွေ ပါဝင်တဲ့ ပထမဆုံးအကြိမ် မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပခဲ့တဲ့အပေါ် နိုင်ငံရေးအကဲခတ်တွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ကြိုဆိုလိုက်ပါတယ်။

ဒီဆွေးနွေးပွဲကို ထိုင်းအတိုက်အခံပါတီ Move Forward က ဦးဆောင်ပြီး "မြန်မာအာဏာသိမ်း သုံးနှစ်အကြာ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပခဲ့တာပါ။

ဆွေးနွေးပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူး၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ် ဦးကျော်မိုးထွန်းနဲ့အတူ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေကို ဖိတ်ကြားခဲ့ပါတယ်။

ထိုင်းလွှတ်တော်အမတ်တွေ မြန်မာ့အရေးကို စိတ်ဝင်စားပြီး မြန်မာအတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးတာဟာ ရှေ့ဆက်ဖို့ အကောင်းဆုံးခြေလှမ်းဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH) ရဲ့ အတွင်းရေးမှူးချုပ် Debbie Stothard က ပြောပါတယ်။

"ထိုင်းလွှတ်တော်အမတ်တွေ မြန်မာ့အရေးဆွေးနွေးဖို့နဲ့ စစ်ကောင်စီအတိုက်အခံတွေနဲ့ တွေ့ဆုံအဖြေရှာဖို့ စိတ်ဝင်စားလာတာက အချိန်အခါကောင်းပဲ ဖြစ်ပါတယ်။ ဒါက ထိုင်းနိုင်ငံရဲ့ ရွေးကောက်ခံလွှတ်တော်အမတ်တွေက ရွေးကောက်ခံမြန်မာအစိုးရနဲ့ လွှတ်တော်အမတ်တွေကို ထိတွေ့ဆက်ဆံတဲ့သဘောပါ။ ဒါဟာ ရှေ့ဆက်ဖို့အတွက် အကောင်းဆုံး ခြေလှမ်းတစ်ရပ်ပါ"

စစ်ကောင်စီကတော့ ထိုင်းလွှတ်တော်မှာ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီး မြန်မာ့အရေး ဆွေးနွေးခဲ့တာဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေတယ်ဆိုပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနထံ စာပို့ကန့်ကွက်ခဲ့ပါတယ်။

"ထိုင်းလွှတ်တော်အမတ်တွေ မြန်မာ့အရေးဆွေးနွေးဖို့နဲ့ စစ်ကောင်စီအတိုက်အခံတွေနဲ့ တွေ့ဆုံအဖြေရှာဖို့ စိတ်ဝင်စားလာတာက အချိန်အခါကောင်းပဲ ဖြစ်ပါတယ်"

ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကို RFA က မတ်လ ၅ ရက်နေ့ကတည်းက အီးမေးလ်ပို့ မေးမြန်းထားပေမယ့် အကြောင်းမပြန်ပါဘူး။ ထိုင်းအစိုးရဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတစ်ဘက်တည်းကိုသာ ဦးစားပေးဆက်ဆံခဲ့တာပါ။

အခု မြန်မာအတိုက်အခံတွေကိုဖိတ်ပြီး ထိုင်းလွှတ်တော်အတွင်း ဆွေးနွေးလာတာဟာ မြန်မာနိုင်ငံက အခြေအနေတွေကိုကြည့်ပြီး ပြောင်းလဲလာတာမျိုးဖြစ်နိုင်ပေမယ့် သိပ်စိုးရိမ်စရာမရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ စစ်တပ်အရာရှိဟောင်းတစ်ဦးက ပြောပါတယ်။

"လက်ရှိ နစကအစိုးရက စစ်ရေးအရ ရှုံးနိမ့်မှုတွေ ရင်ဆိုင်နေရတယ်လေ။ ဒါကတော့ နိုင်ပါတယ်လို့ ပြောလို့မရဘူး။ လက်ရှိမှာတော့ ဘာပဲပြောပြော ရှုံးနိမ့်တဲ့အခါကျတော့ ပြောရရင်တော့ ယုံကြည်မှု ကျဆင်းတာပေါ့နော်။ ယုံကြည်မှုကျဆင်းတဲ့အတွက်ကြောင့် ဟိုလူ (ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ) တွေအပေါ်မှာလည်း နည်းနည်းပါးပါးတော့ ပြောဆိုဆက်ဆံတာတွေမျိုးတွေတော့ ရှိနိုင်တယ်။ သို့သော် ဒါက သိပ်ပြီးတော့ ဆိုးဆိုးရွားရွားကြီးတော့ မဟုတ်သေးပါဘူး။ အဲဒီတော့ ရလဒ်ကိုကြည့်ပြီးတော့ ဆက်ဆံတာပေါ့။ အဲလိုပဲပြောလို့ရတယ်"

အဲဒီဆွေးနွေးပွဲဟာ ထိုင်းအစိုးရနဲ့ စစ်ကောင်စီကြား ဆက်ဆံရေးကို အဖုအထစ် ဖြစ်စေလိမ့်မယ်လို့ သူက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်ကတော့ ဆွေးနွေးပွဲမှာ လူသားချင်း စာနာမှုအကူအညီပေးရေး၊ မြန်မာ့ဒီမိုကရေစီအရေး၊ ထိုင်း-မြန်မာ နယ်စပ်ဒေသ လုံခြုံရေးကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တဲ့အတွက် အကျိုးရှိတယ်လို့ ပြောပါတယ်။

"လုံခြုံရေးကိစ္စ၊ လူသားချင်းစာနာမှု အထောက်အကူပေးရေးကိစ္စ၊ ဒီကြုံတွေ့နေရတဲ့ ဒီမိုကရေစီလှုပ်ရှားမှုအရေးမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ပြီးတော့ ထိုင်းနိုင်ငံရဲ့လုံခြုံရေး၊ အထူးသဖြင့် နယ်စပ်ဒေသ လုံခြုံရေးကိစ္စတွေကို တော်တော်ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်"

ထိုင်းလွှတ်တော်တွင် ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးကြသူများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ The Reporters)
ထိုင်းလွှတ်တော်တွင် ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးကြသူများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ The Reporters)

ဆွေးနွေးပွဲဖြစ်မြောက်ရေး ဆောင်ရွက်ခဲ့တဲ့ ထိုင်းလွှတ်တော် အမျိုးသားလုံခြုံရေးကော်မတီဥက္ကဋ္ဌ ရန်စီမန်ရုမ်း (Rangsiman Rome) ကလည်း ဒီဆွေးနွေးပွဲဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းနိုင်ပြီး ရေရှည်တည်တံ့အောင် လမ်းခင်းပေးတာလို့ ပြောဆိုကြောင်း မတ်လ ၂ ရက် ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။

ဒီဆွေးနွေးပွဲအပြီးမှာ လက်ရှိ အာဏာရပါတီနဲ့ ထိုင်းအစိုးရက မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေအတွက် ဘယ်လောက်အကျိုးရှိအောင် ဆောင်ရွက်လာမလဲဆိုတာကို စောင့်ကြည့်ရမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။

"ထိုင်းရဲ့လက်ရှိအာဏာရထားတဲ့အစိုးရကနေ ထပ်ပြီး ချမှတ်လာမယ့်ကိစ္စတွေ၊ ပြီးတော့ နယ်စပ်ဒေသကနေပြီးတော့ ဆက်တိုက်ဝင်နေတဲ့ မြန်မာတွေကို သူတို့ ဘယ်လိုပုံစံမျိုးနဲ့ လက်ခံလဲ။ ပြီးရင် မြန်မာတွေ ကူညီကယ်ဆယ်ရေးရရှိဖို့အတွက် သူတို့ ဘယ်လိုထောက်ပံ့မှုတွေလုပ်မလဲ ကျွန်တော်တို့ အများကြီး စောင့်ကြည့်ရဦးမယ်"

ထိုင်းလွှတ်တော်မှာ မြန်မာ့အရေးဆွေးနွေးပြီးနောက် ထိုင်း Move Forward ပါတီခေါင်းဆောင် ပီတလင်ဂျာ ရွန်ရက်က မြန်မာ့နိုင်ငံရေးကို အနီးကပ်စောင့်ကြည့်လေ့လာနေပြီး ပြည်သူလူထုရဲ့ အကျပ်အတည်းဒုက္ခတွေကို ကူညီပေးသွားမယ်လို့ သူ့ရဲ့ လူမှုကွန်ရက်တွစ်တာစာမျက်နှာကတစ်ဆင့် ပြောဆိုထားပါတယ်။