အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကြောင့် အထည်ချုပ်လုပ်ငန်းတွေ ထွက်ခွာမှု ပိုများလာနိုင်

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.08.30
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကြောင့် အထည်ချုပ်လုပ်ငန်းတွေ ထွက်ခွာမှု ပိုများလာနိုင် ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ခုမှ အလုပ်ခွင်မြင်ကွင်းအား ၂ဝ၁၅ ခုနှစ် စက်တင်ဘာလအတွင်းက တွေ့ရစဉ်။
AFP

မြန်မာနိုင်ငံမှာ ကုမ္ပဏီရဲ့ စံချိန်စံညွှန်းတွေနဲ့ အညီ အဝတ်အထည်တွေ ထုတ်လုပ်ဖို့ ပိုပြီး ခက်သထက် ခက်လာနေတဲ့အတွက် မြန်မာနိုင်ငံကထွက်ခွာဖို့ ဆုံးဖြတ်ထားတယ်လို့ ဆွီဒင်နိုင်ငံမှာအခြေစိုက်တဲ့ H&M ကုမ္ပဏီရုံးချုပ်က သြဂုတ်လ ၁၈ ရက်မှာ RFA ကို ပြောပါတယ်။ မြန်မာနိုင်ငံက အပြီးသတ်ထွက်ခွာမယ့် အချိန်ကိုတော့ အတိအကျမပြောပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လကပဲ၊ နိုင်ငံတကာမှာ လူသိများတဲ့ Zara အမှတ်တံဆိပ်အဝတ်အထည်လုပ်ငန်းကို ပိုင်ဆိုင်တဲ့ Inditex ကုမ္ပဏီဟာ ကမ္ဘာ့အလုပ်သမားသမဂ္ဂအဖွဲ့တွေရဲ့ တောင်းဆိုမှုကြောင့် မြန်မာနိုင်ငံက ချုပ်လုပ်ပေးနေတဲ့အဝတ်အထည်တွေကို ဝယ်ယူတာရပ်တော့မယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အခြား နိုင်ငံတကာအဝတ်အထည်အမှတ်တံဆိပ်တွေ ဖြစ်တဲ့ Tesco, Primark, Mango, Marks & Spencer နဲ့ C&A တို့ကလည်း သူတို့အတွက် အဝတ်အထည်တွေအတွက် ချုပ်လုပ်ပေးနေတဲ့ မြန်မာနိုင်ငံက စက်ရုံတွေမှာ လူ့အခွင့်အရေးနဲ့ လုပ်သားအခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်လို့ စွပ်စွဲမှုတွေကြောင့် မြန်မာနိုင်ငံကလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ကြပြီး ဖြစ်ပါတယ်။

အခုလို H&M မြန်မာနိုင်ငံက ထွက်ခွာမယ့် ဆုံးဖြတ်ချက်ကြောင့် စိတ်ထိခိုက်မိပေမယ့် အံ့သြစရာတော့ မဟုတ်ဘူးလို့ Myanmar Centre for Responsible Business က ညွှန်ကြားရေးမှူး ဗစ်ကီ ဗိုမန်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် အလုပ်သမားသမဂ္ဂတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ဖမ်းဆီးလာတဲ့အကြောင်း၊ မကြာခင်က စက်ရုံတွေက အလုပ်သမားအခွင့်အရေး ဆောင်ရွက်ပေးနေတဲ့ Action Labor Rights ရဲ့ အဖွဲ့ဝင် တွေကို ဖမ်းဆီးလိုက်တဲ့နောက်၊ H&M နဲ့ အခြား နာမည်ကြီးအမှတ်တံဆိပ်လုပ်ငန်းတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ဖိအားပေးခံလာရတာ ဖြစ်တဲ့အကြောင်း သူက ပြောပါတယ်။

Burma Campaign UK အဖွဲ့က Mark Farmaner ကတော့ မြန်မာနိုင်ငံက အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေအတွက် နိုင်ငံတကာ အလုပ်သမားရေးရာ အဖွဲ့ ILO က စုံစမ်းစစ်ဆေးနေပြီး၊ အစီရင်ခံစာထွက်လာရင် မြန်မာနိုင်ငံက လုပ်ငန်းတွေ ထွက်ခွာမှု ပိုများလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“အခုအချိန်မှာ ILO ကလည်း စုံစမ်းစစ်ဆေးနေပါတယ်။ မြန်မာနိုင်ငံက စက်ရုံတွေမှာ အလုပ်သမားတွေရဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေးနေပါတယ်။ စစ်ကောင်စီဟာ မြန်မာအလုပ်သမားတွေအပေါ် ဆိုးဆိုးဝါးဝါး ပြုမူ ဆက်ဆံနေတဲ့အတွက်၊ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မြန်မာစက်ရုံတွေမှာ ကျင့်ဝတ်နဲ့ညီညွတ်တဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုတွေ လုပ်ဖို့ မဖြစ်နိုင်တော့ကြောင်း ကြေညာဖို့ ကုလသမဂ္ဂကို တိုက်တွန်းဖို့ အလားအလာရှိနေပါတယ်။ အခုနှစ်ကုန်လောက်မှာ ဒီလို ကြေညာချက်ထွက်လာရင် ကျန်နေသေးတဲ့ အခြားလုပ်ငန်းတွေလည်း ထပ်ထွက်ကြဖို့ ဖြစ်နိုင်ပါတယ်။ တရုတ်နိုင်ငံဟာလည်း ILO အဖွဲ့ဝင်ဖြစ်တဲ့အတွက် အနောက်နိုင်ငံတွေက ကုမ္ပဏီတွေအပြင် တရုတ်ကုမ္ပဏီတွေပါ ထွက်ခွာကြဖို့ ဖြစ်နိုင်ပါတယ်။ မြန်မာစစ်တပ်ကြောင့် အထည်ချုပ်လုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ကြရမယ့် အလားအလာက ပိတ်ဆို့အရေးယူမှုတွေကြောင့် ဖြစ်တာထက် ပိုများပါတယ်။ မြန်မာစစ်တပ်ရဲ့ မတရားဖမ်းဆီးဖိနှိပ်မှုတွေကြောင့် အခုလို ပြည်ပလုပ်ငန်းတွေ ထွက်ခွာကြတာဆိုတာ ပြောချင်ပါတယ်”

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့လယ်တွင်ရှိသည့် H&M ဖက်ရှင်ဆိုင်ခွဲကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: Reuters)
ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့လယ်တွင်ရှိသည့် H&M ဖက်ရှင်ဆိုင်ခွဲကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: Reuters)

မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံ ၄၀ လောက်မှာ H&M ဆီက လာတဲ့ အမှာစာကို မှီခိုပြီး ချုပ်လုပ်နေတဲ့ အလုပ်သမား သုံးသောင်းလောက်အထိ ရှိနိုင်ပြီး အလုပ်သမားအဖွဲ့တွေရဲ့ ပြောကြားချက်အရ H&M ကုမ္ပဏီဟာ မြန်မာနိုင်ငံက အလုပ်သမား အခွင့်အရေးချိုးဖောက်မှု အမှုအနည်းဆုံး ၂၀ လောက်မှာ ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံမှာ အခြေစိုက်ပြီး နိုင်ငံတကာအလုပ်သမား အခွင့်အရေး လေ့လာစောင့်ကြည့်တဲ့ Business and Human Rights Resource Center က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ H&M အတွက် အဝတ်အထည်တွေ ချုပ်လုပ်ပေးနေတဲ့ အထည်ချုပ်စက်ရုံတွေမှာ ထုတ်လုပ်မှု သတ်မှတ်ချက် မပြည့်မီရင် အလုပ်သမားတွေကို ဒူးထောက်ပြီး လမ်းလျှောက်ခိုင်းတာအပါအဝင် ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေရှိခဲ့ပြီး ကိုယ်ဝန်ဆောင်အလုပ်သမတွေကို ခွဲခြားဆက်ဆံမှုနဲ့လုပ်ခမပေးဘဲ စေခိုင်းမှုတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။

H&M ကုမ္ပဏီဟာ လုပ်သားအခွင့်အရေး ချိုးဖောက်ခံနေရတဲ့အကြောင်း အင်တာနက်ကနေ တိုင်ကြားနိုင်ဖို့ စီစဉ်ထားပေမဲ့ အမှန်တကယ်မတိုင်ကြားဖြစ်အောင် အလုပ်ရှင်သူဌေးတွေက ခြိမ်းခြောက်ထားတာ၊ သတင်းအမှားတွေ ဖြန့်ထားတာတွေ ရှိနေတယ်လို့ H&M အတွက် ချုပ်လုပ်ပေးရတဲ့ အထည်ချုပ်စက်ရုံ အချို့က အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေအတွက် လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ Action Labor Rights အဖွဲ့က ကိုသူရိန်အောင်က ဆိုပါတယ်။

H&M မြန်မာနိုင်ငံက ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တဲ့နောက် နာမည်ကြီး အဝတ်အထည်လုပ်ငန်းတွေထဲမှာ Bestseller, Adidas, Lidl နဲ့ Carhartt တို့ မြန်မာနိုင်ငံမှာ ဆက်ရှိနေပါသေးတယ်။

H&M ထွက်ခွာသွားတဲ့နောက် အခြားလုပ်ငန်းတွေကလည်း မြန်မာနိုင်ငံကနေ ထွက်ခွာနိုင်တဲ့အတွက် အလုပ်အကိုင်ဆုံးရှုံးမှုတွေ ပိုဆိုးလာနိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။

ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် H&M အမှတ်တံဆိပ်ပါ ဈေးဝယ်အိတ် ကိုင်ဆောင်လာသည့် အမျိုးသမီးတစ်ဦးကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Reuters)
ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် H&M အမှတ်တံဆိပ်ပါ ဈေးဝယ်အိတ် ကိုင်ဆောင်လာသည့် အမျိုးသမီးတစ်ဦးကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Reuters)

RFA က ဆက်သွယ်စကားပြောခဲ့တဲ့ စက်ရုံလုပ်သားတစ်ယောက်ဆိုရင် H&M အတွက် ချုပ်လုပ်ပေးတဲ့ Myanmar York Garment 3 ဆိုတဲ့ စက်ရုံမှာ အလုပ်လုပ်တာ ငါးနှစ်လောက် ရှိပါပြီ။ သူ့ အမေနဲ့ ညီမလေးတွေဟာ သူ အထည်ချုပ်စက်ရုံက ရတဲ့လစာကို မှီခိုနေရတာပါလို့ ပြောပါတယ်။

သူတို့အထည်ချုပ်စက်ရုံဟာ H&M အပြင် Bestseller တံဆိပ်အတွက်လည်း အထည်တွေ ချုပ်လုပ်ပေးနေတာပါ။ သူအပါအဝင် စက်ရုံလုပ်သား နှစ်ထောင်လောက်ကတော့ H&M ဆီက အမှာစာတွေ မရတော့ပေမဲ့ အခြားလုပ်ငန်းတွေဆီက အမှာစာနဲ့ ဆက်လက်လည်ပတ်နိုင်ပြီး အလုပ်မပြုတ်ဖို့ မျှော်လင့်နေရပါတယ်။

အခုအချိန်မှာ စက်ရုံကအလုပ်သမားအားလုံး အရမ်းစိုးရိမ်နေကြတယ်လို့ လုံခြုံရေးကြောင့် နာမည်မဖော်ပြဖို့ တောင်းဆိုထားတဲ့ အဲဒီ လုပ်သားက ပြောပါတယ်။

အခုအချိန်မှာ စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံက ထွက်နေကြပါတယ်။ ဒါက ပြဿနာအတွက် အဖြေမဟုတ်ပါဘူး။ ဒီလို လုပ်ငန်းကြီးတွေ ထွက်ကုန်ကြရင် အများဆုံး ထိခိုက်ခံစားရမှာ ကျွန်တော်တို့ မြန်မာပြည်သူတွေပါပဲ လို့ သူက RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။