UAE မှာ အလုပ်သွားလုပ်တဲ့ မြန်မာမိန်းကလေးတွေ နှိပ်စက်ညှဉ်းပန်းခံနေရ

2022.09.23
UAE မှာ အလုပ်သွားလုပ်တဲ့ မြန်မာမိန်းကလေးတွေ နှိပ်စက်ညှဉ်းပန်းခံနေရ အာရပ်စော်ဘွားများနိုင်ငံ ဒူဘိုင်းမြို့၏ ညနေခင်းမြင်ကွင်းတချို့ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က တွေ့ရစဉ်။
Photo: ASSOCIATED PRESS

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မွှေ့လယ်ရွာက ၁၇ နှစ်အရွယ် မခင်မူထွေးနဲ့ အသက် ၂၀ ကျော် အရွယ် မသိင်္ဂီထွန်း တို့ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် သူတို့ရွာမှာ လက်နက် ကိုင် ပဋိပက္ခတွေ ပြင်းထန်ပြီး စားဝတ်နေရေး ခက်ခဲလွန်းတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ပွဲစားကတစ်ဆင့် UAE အာရပ်စော်ဘွားများနိုင်ငံ ဒူဘိုင်းမြို့ကို သွားရောက်ခဲ့တာပါ။

ဒါပေမဲ့ ဒူဘိုင်းကို မရောက်ခင် UAE နိုင်ငံ မြို့တော်အဘူဒါဘီမှာကတည်းက အလုပ်အကိုင် အဆင်မပြေတာကြောင့် ပွဲစားရဲ့ ရိုက်နှက်တာကို ခံခဲ့ရတယ်လို့ မခင်မူထွေးက ပြောပါတယ်။

"တော်တော် ခက်ခဲပါတယ်ရှင်၊ အခုလည်း ညီမအိမ်သာထဲမှာ အင်တာဗျူး ဖြေနေ ရတာပါ၊ RFA နဲ့ ဆက်သွယ်ဖို့ရာကို ညီမလေး ဖုန်းကို သူတို့မသိအောင် ခိုးကြောင်ခိုးဝှက် လုပ်ပြီး ယူရပါတယ်၊ ည ၁၂ နာရီဆို အိပ်တယ်၊ မနက်လေးနာရီ၊ ငါးနာရီ ထတယ်၊ ထမင်းက တစ်နေ့ကို တစ်နပ်ပဲ ကျွေးတယ်၊ မနက်စာနဲ့ ညစာ လုံးဝမကျွေးဘူး၊ ညနေ လေးနာရီမှပဲ ကျွေးပါတယ်"

အာဏာမသိမ်းခင်က မိဘတွေနဲ့အတူ ရွာမှာပဲ အေးအေးချမ်းချမ်း တောင်ယာလုပ်၊ ကျောင်းတက် ပညာသင်ခဲ့ကြပေမယ့် အခုချိန်မှာတော့ မိဘတွေက စစ်ဘေးဒုက္ခသည်တွေ ဖြစ်နေပါတယ်။

စားဝတ်နေရေး ကျပ်တည်းလွန်းတာကြောင့် သူတစ်ပါးနိုင်ငံမှာ စွန့်စွန့်စားစား သွားရောက် အလုပ်လုပ်ပြီး မိသားစုကို ထောက်ပံ့ဖို့ ဆုံးဖြတ်ခဲ့တာလို့ မခင်မူထွေးက ဆိုပါတယ်။

အဘူဒါဘီမြို့က ပွဲစားထံမှာ အခန်းထဲ လက်ပြန်ကြိုးတုပ် ပိတ်လှောင်ပြီး ရိုက်နှက် ခံရတာကြောင့် အခုနှစ် ဩဂုတ်လထဲမှာတော့ ပွဲစားအိမ်ကနေ ထွက်ပြေးပြီး ဒူဘိုင်းမြို့က နေရာတစ်ခုမှာ ခေတ္တခိုလှုံခဲ့ပါတယ်။ ဒါပေမဲ့ သူတစ်ပါးနိုင်ငံမှာ အလုပ်လည်းမရှိ အသိအကျွမ်းလည်း မရှိတာမို့ အဘူဒါဘီက ပွဲစားအိမ်ကိုပဲ ပြန်ရောက်ပြီး ထပ်မံ နှိပ်စက်ခံရပါတယ်။

အခုတော့ အဘူဒါဘီက အလုပ်ရှာပေးတဲ့ ပွဲစားထံကနေ ထပ်မံထွက်ပြေးခဲ့ရတယ်လို့ မခင်မူထွေးက ပြောပါတယ်။

"အေဂျင်စီ တစ်ခုကို ပို့တာ၊ အဲဒီပွဲစားမက အဆင်မပြေလို့ ပြန်ခဲ့တာ အမရယ်။ ကားဒရိုင်ဘာအိမ်မှာ ထားခဲ့တယ်။ ညီမလေးကို ဆံပင်တွေဆွဲ၊ ရိုက်တာ၊ ထိုးတာ နှက်တာတွေ လုပ်တယ်။ ဆံပင်တွေဆွဲ၊ ပါးတွေချ၊ ဆောင့်ကန်တာရော၊ ဆွဲလိမ်တာ တွေရော၊ ပွဲစားမကရော ပါးတွေချတယ်။ ပွဲစားမနဲ့ ကားဒရိုင်ဘာက ညီမလေးလက်ကို ကြိုးတုပ်ထားတယ်။ ပါးချတယ်၊ အဲဒီလိုနှိပ်စက်ပြီးကာမှ ကြိုးကို ဖြည်ပေးတယ်။ ထမင်းလည်း မကျွေးဘူး၊ ပွဲစားမနဲ့ ကားဒရိုင်ဘာ လာလို့ရှိရင် အရမ်းလန့်တယ်။ ဒူးတွေတုန်တယ်၊ အရမ်းကြောက်လာတယ်။ အဖေကယ်ပါ၊ အမေကယ်ပါ အော်နေရ တယ်။ အရမ်းနှိပ်စက်လာလို့ မခံနိုင်တော့လို့ ထွက်ပြေးလာတာ။ ပတ်စပိုစ့်က လက်ထဲမှာ မရှိဘူး။ အေးဂျင့်ဆီမှာ ကျန်ခဲ့တာ"

မွှေ့လယ်ရွာမှာ ကျန်ရစ်ခဲ့တဲ့ မခင်မူထွေးရဲ့ မိခင် ဒေါ်ကြည်ကြည်မောင်က စားဝတ်နေရေး ခက်ခဲလွန်းတာကြောင့် အသက် ၁၇ နှစ်အရွယ် သမီးဖြစ်သူကို သူတစ်ပါးနိုင်ငံကို စေလွှတ် ခဲ့မိတဲ့အတွက် နောင်တရမိတယ်လို့ ပြောပါတယ်။

"ဒီမှာလည်း တကယ်ကို ခက်ခဲလွန်းလို့ သူများတကာတွေလည်း သွားပါတယ်၊ သွားချင် ပါတယ်ပြောလို့ လွှတ်လိုက်တာ၊ တကယ်ကို တစ်နေ့လုပ်မှ တစ်နေ့စားဆိုတော့ အိမ်မှာလည်း မပြေလည်မှန်းသိလို့ သွားချင်တာလေ၊ မျှော်ရတာပါ ကျမတို့မှာလည်း၊ အခုကို ရောက်စေချင်တယ်လို့ ကိုယ့်သမီးကိုလေ၊ ဘယ်လိုမှကို သွားကူလို့လည်းမရ၊ သွားခေါ်လို့လည်း မရနဲ့၊ ကိုယ့်ဆီသာ ရောက်လို့ကတော့ ရေရှိ ရေပဲသောက်နေရအောင် ဘယ်မှမလွှတ်တော့ဘူးလို့ ကျမကတော့ ဆုံးဖြတ်ထားတယ်၊ ဘယ်မှမလွှတ်တော့ဘူး၊ ရောက်ဖို့သာ အဓိကပါလို့၊ ရောက်ရင်တော်ပါပြီ သမီးရယ်လို့ အဲဒီလိုပြောနေရတယ်"

မခင်မူထွေးလိုပဲ တစ်ရွာတည်းနေတဲ့ အသက်၂၇ နှစ် အရွယ် မသိင်္ဂီထွန်းလည်း အခု လောလောဆယ် ဒူဘိုင်းမြို့မှာ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။

khinmuhtwe-thaingisoe.jpg
မကွေးတိုင်း ဂန့်ဂေါမြို့နယ် မွှေ့လယ်ရွာမှ မခင်မူထွေး (ဝဲဘက်) နှင့် မသိင်္ဂီထွန်း တို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ပေးပို့)

သူအိမ်အကူအဖြစ် လုပ်ကိုင်နေတဲ့ လက်ရှိ ဒူဘိုင်းက နေအိမ်မှာ ထမင်းမစားရတာ၊ အိပ်ချိန် အပြည့်အဝ မရတာတွေကြောင့် ပွဲစားကိုပြောပြတဲ့အခါ ဒူဘိုင်းမှာ အလုပ် ဆက်မလုပ်နိုင်ရင် အိုမန်ကို ပို့မယ်ဆိုပြီး ခြိမ်းခြောက်ခံနေရတယ်လို့ မသိင်္ဂီထွန်းက ပြောပါတယ်။

"အေးဂျင့်က ပြောတယ်၊ နင် ဒီအိမ်မှာ အဆင်မပြေရင် အိုမန်ကို ပို့ပစ်မယ်လို့ ပြောတယ်။ သမီးက အိုမန်ကိုလည်း မသွားချင်ဘူး။ အိမ်ရှင်အိမ်မှာလည်း အဆင်မပြေဘူး။ ပြန်လည်း မပြန်ရဲဘူး။ ပြန်တဲ့အခါကျရင် သူတို့က ထမင်းလည်း မကျွေးဘူး၊ အခန်းထဲ မှာပဲ ပိတ်ထားတယ်။ အဲဒါဆို ကြောက်တယ်။ ကြောက်တော့ မပြန်ရဲဘူး။ ဒီမှာက ဝိုင်ဖိုင် ပေးတယ်ဆိုတော့ အဆက်အသွယ်တွေ ပြတ်မှာစိုးလို့ ဒီမှာပဲနေတယ်။ ဒီအိမ်မှာ လည်း အဆင်မပြေဘူး။ ထမင်းကိုလည်း တစ်နပ်ပဲ စားရတယ်"

သူ နေ့စဉ်ကြုံတွေနေရတဲ့ အခက်အခဲတွေဟာ ငရဲခန်းလိုဖြစ်နေတာကြောင့် ဘယ်လိုနည်း နဲ့ ပြန်ရပြန်ရ၊ အိမ်ပြန်ချင်တယ်လို့ မသိင်္ဂီထွန်းက ပြောပါတယ်။

မသိင်္ဂီထွန်းဟာ မကွေးတိုင်း ပခုက္ကူတက္ကသိုလ်မှာ ပထဝီဘာသာရပ်ကို ဆည်းပူးနေတဲ့ တက္ကသိုလ် ကျောင်းသူ ဖြစ်ပြီး၊ အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေး မတည်ငြိမ်မှုတွေ ကြောင့် ကျောင်းဆက်မတက်နိုင်ဘဲ အာရပ်စော်ဘွားများနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ရွေးချယ်ခဲ့တာပါ။

ဒူဘိုင်းကို မထွက်ခင် မြန်မာပြည်မှာကတည်းက သူတို့နှစ်ဦး ပွဲစားကို အကျိုးဆောင်ခ ကျပ် ၁၀ သိန်းစီ ပေးခဲ့ရပေမယ့် အလုပ်အဆင်မပြေလို့ မြန်မာပြည်က ပွဲစားကို ပြန်ဆက်သွယ် တဲ့ အခါ မဖြေရှင်းပေးဘဲ အိမ်ပြန်ချင်ရင် လျော်ကြေး ကျပ် သိန်း ၇ဝ ကျော် ပေးရမယ်လို့ ပွဲစားက ပြန်ပြောတယ်လို့ ဆိုပါတယ်။

ဆင်းရဲကျပ်တည်းလွန်းတာကြောင့် သမီးကို ပွဲစားလက်ထဲကနေ ပြန်ရွေးထုတ်ဖို့ ခက်ခဲ လွန်းနေတယ်၊ အခုချိန်မှာ သမီးလေးမျက်နှာကိုပဲ ပြန်မြင်ချင်ပါတယ်လို့ မသိင်္ဂီထွန်းရဲ့ ဖခင် ဦးဘိုမင်းက ပြောပါတယ်။

"ဒုက္ခရောက်နေတယ်လို့ ပြောတယ်ဗျာ။ ပွဲစားတွေကလည်း အလုပ်မပေးဘူးဗျာ။ အခု ထမင်းစားရတာကအစ ထမင်းမကျွေးလို့ အစာအိမ်ရောဂါ ဖြစ်တယ်တဲ့။ ပြန်ခေါ်ချင်တာ ပေါ့ဗျာ။ အမှန်က သူကပါသွားလည်း အလုပ်ကမရ၊ လျော်ရမယ်လို့ ပြောတယ်ဗျာ။ သိန်း ၆၀၊ သိန်း ၇၀ လျော်ရမယ် ပြောတယ်။ ကျနော် တို့က ၆၀၊ ၇၀ မပြောနဲ့ တစ်သိန်း တောင် ရှာလို့မရဘူး၊ မလွယ်ဘူး။ ဘာပဲဖြစ်ဖြစ် လက်ရှိအခြေအနေအရ ကိုယ့်သမီး မျက်နှာလေး ပြန်မြင်ရရင် တော်ပါပြီ"

"ဘာပဲဖြစ်ဖြစ် လက်ရှိအခြေအနေအရ ကိုယ့်သမီး မျက်နှာလေး ပြန်မြင်ရရင် တော်ပါပြီ"

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကို RFA ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံ ဖြေကြားခြင်း မရှိပါဘူး။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ဒုက္ခရောက်နေတဲ့ မြန်မာ အမျိုးသမီးတွေကို ကူညီပေးနေတဲ့ ဆော်ဒီအာရေဗျနိုင်ငံ၊ ရိယာဒ်မြို့က မြန်မာသံရုံးကို RFA က အီးမေးလ်ကတစ်ဆင့် စာရေးမေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

အခုလို သူတစ်ပါးနိုင်ငံရောက်ပြီး နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ မြန်မာအမျိုးသမီးတွေကို စစ်ကောင်စီ တာဝန်ရှိသူတွေ၊ သူတို့ရောက်နေတဲ့နိုင်ငံက မြန်မာသံရုံးနဲ့ မြန်မာမိသားစု အားလုံးကပါ အမြန်ဆုံး ဝိုင်းဝန်းကယ်တင်ဖို့ လိုအပ်တယ်လို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ပြောရေးဆိုခွင့်ရှိသူ မနန်းမို့မို့က ပြောပါတယ်။

"အထူးသဖြင့် ဒီလူကူန်ကူးမှုနဲ့ ပတ်သက်ရင် ရောက်သွားတဲ့ အိမ်နီးချင်းနိုင်ငံ ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် ရောက်တဲ့နေရာမှာ သူတို့ရောက်တဲ့ နိုင်ငံရဲ့ အစိုးရတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ ရောက်သွားတဲ့ အမျိုးသမီးတွေကို ကူညီဖို့ အရမ်းလိုတယ်လို့ ကျမမြင်တယ်၊ သူတို့ရဲ့ အခြေခံ အခွင့်အရေး၊ တရားမဝင်ဘဲ ရောက်လာရောက်လာ၊ သူတို့မှာ အခြေခံ လူ့အခွင့်အရေးတွေ ရှိတယ်၊ အဲဒီတော့ သူတို့ရဲ့ အခြေခံ အခွင့်အရေး ကို လေးစားလိုက်နာပြီးတော့ စောင့်ရှောက်ထားပေါ့၊ သူတို့တွေ တကယ် လုံလုံခြုံခြုံနဲ့ လူကုန်ကူးခံရတဲ့ အနေအထားက လွတ်မြောက်ဖို့၊ တကယ်ကို အစီအစဉ် ကျကျနဲ့ အိမ်ကို ပြန်ရောက်ဖို့ ကိစ္စတွေက ကူညီပေးဖို့ လုပ်ဆောင်ပေးဖို့၊ အရမ်းလိုပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့အခါမှာလည်း အရပ်ဘက် အဖွဲ့အစည်းတွေက လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး တိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ သေချာလေး ပူးပေါင်းပြီး လုပ်ဆောင့်သင့်တယ်လို့ အကြံပြုချင်ပါတယ်"

မခင်မူထွေးတို့လိုပဲ ဒူဘိုင်းမှာ အလုပ်သွားလုပ်ပြီး နှိပ်စက်ညှဉ်းပန်းခံရတဲ့ မြန်မာအမျိုးသမီး ခုနစ်ဦးကတော့ ဆိုရှယ်မီဒီယာကတစ်ဆင့် အကူအညီ တောင်းခဲ့တာကြောင့် ဆော်ဒီ အာရေဗျနိုင်ငံ၊ ရိယာဒ်မြို့က မြန်မာသံရုံးနဲ့ နိုင်ငံတကာ ရဲတပ်ဖွဲ့တို့ ပူးပေါင်းကယ်တင်ခဲ့လို့ စက်တင်ဘာလ ၉ ရက်နေ့က မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာကြောင်း စစ်ကောင်စီ က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဆင်းရဲငတ်မွတ်မှုကြောင့် အာရပ်စော်ဘွားများနိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံနဲ့ အိုမန်နိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်းဒေသမှာ သွားရောက်အလုပ်လုပ်နေတဲ့ မြန်မာ အမျိုးသမီး ၁၀၀ ခန့်ရှိပြီး အားလုံးနီးပါး အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ မခင်မူထွေးနဲ့ မသိင်္ဂီထွန်းတို့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။