မြန်မာစစ်တပ် လေတပ်စခန်းတွေ နိုင်ငံအနှံ့ ဖြန့်ကြက်ထား

မြန်မာ့လေတပ်ဟာ ၁၉၉၀ ပြည့်လွန် နှစ်ပိုင်းတွေကစပြီး လေတပ်စွမ်းရည်မြှင့်တင်ပြီး လေကြောင်း အတတ်သင်ရေးနဲ့ လေယာဉ်ထုတ်လုပ်ရေး ပစ္စည်း ဌာနချုပ်တွေပါ ထားရှိရုံမျှမက နိုင်ငံအနှံ့လေတပ်စခန်းတွေပါ ဖြန့်ကြက်ထားပါတယ်။

မြန်မာလေတပ်ကို ၁၉၄၇ ခုနှစ် စတင်ထူထောင်ချိန်ကစလို့ ဘယ်တုန်းကမှ လေကြောင်းက တိုက်ခိုက်မခံရတဲ့ ပြည်မဒေသတွေဟာ စစ်ကောင်စီလက်ထက်မှာမှ တိုက်ခိုက်တာ ခံရပါတယ်။

တိုင်းရင်းသား ဒေသတွေမှာသာ အရင်က ဝဲပျံတိုက်ခိုက်တဲ့ တိုက်လေယာဉ်၊ တိုက်ရဟတ်ယာဉ်တွေဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် အရင်က ယမ်းငွေ့မသန်းခဲ့တဲ့ ဒေသတွေမှာပါ ပစ်မှတ်ထား တိုက်ခိုက်လာတာလည်း ဖြစ်ပါတယ်။

သာမန်အရပ်သားတွေဟာ အရင်က မသိဖူး၊ မကြားဖူးတဲ့ တိုက်လေယာဉ်တွေ တိုက်ရဟတ်ယာဉ်တွေကို မျက်ဝါးထင်ထင် မြင်ရရုံသာမက လေကြောင်းက တိုက်ခိုက်တဲ့အခါ အသက်ဘေးက လွတ်အောင်ပြေးရပါတယ်။

"လေကြောင်းနဲ့ သူတို့က ဘယ်ပြည်သူမှန်မှန်ဆိုတဲ့ အနေအထား၊ အိုးအိမ်တွေမှာလည်း အများကြီး ပျက်စီးတယ်။ ပြည်သူလူထုတွေမှာလည်း ရဟတ်ယာဉ်နဲ့ ပစ်တော့ကျ ကြောက်လန့်ပြီး ထွက်ပြေးရတဲ့ အနေအထားမှာ ပြည်သူလူထုတွေမှာလည်း ရဟတ်ယာဉ် ကျည်ဆန်တွေ ထိနိုင်တဲ့အနေ အထားတွေ ရှိတယ်"လို့ စစ်ကိုင်းပုလဲမြို့နယ်က ဒေသခံတစ်ယောက်က ပြောပါတယ်။

အရင်တုန်းက မင်္ဂလာဒုံ၊ မှော်ဘီ၊ မိတ္ထီလာမှာသာ လေတပ်စခန်းတွေ ရှိခဲ့ပေမယ့် အခုဆိုရင် မြောက်ပိုင်း မြစ်ကြီးနားကနေ အလယ်ပိုင်း မကွေး၊ တောင်ပိုင်း မြိတ်အထိ လေတပ်စခန်းတွေ ထားရှိတာမို့ လက်တစ်ကမ်း သွားတိုက်နိုင်တယ်လို့ တချို့က ပြောပါတယ်။

လေကြောင်း အတတ်သင်၊ လေယာဉ်ထုတ်လုပ်ရေး ပစ္စည်း ဌာနချုပ်တွေ ရှိတယ်လို့လည်း စစ်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဗိုလ်လေးမိုးညိုက ပြောပါတယ်။

စစ်အာဏာတည်မြဲရေးမှာ လေတပ်က အရေးကြီးတာမို့ ပြည်ပရန် အရိပ်အယောင်မရှိဘဲ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး အပြီး ၁၉၉၀ ပြည့်လွန်ပိုင်းတွေကစလို့ လေတပ်ကို အားဖြည့်ပါတယ်။

စစ်ရေး နိုင်ငံရေး စီးပွားရေးမှာ စစ်တပ်က အားကိုးအားထားလုပ်ရတဲ့ တရုတ်နိုင်ငံကနေ လေယာဉ် အစင်း ၁၀၀ ကျော် ဝယ်ယူတယ်လို့ ကမ္ဘာ့စစ်ရေးစစ်ရာ စွယ်စုံကျမ်း military wiki ကဖော်ပြပါတယ်။

၂၀၀၀ ပြည့်နှစ် အရောက်မှာ မြန်မာလေတပ်အတွက် တရုတ်နိုင်ငံက F7 IIK ကြားဖြတ်တိုက်လေယာဉ် ၆၂ စင်း ရောက်လာပါတယ်။

000_1F43CI.jpg
Myanmar's fighter jets fly in a formation during a parade to mark the country's 74th Armed Forces Day in Naypyidaw on March 27, 2019. (Photo by Thet AUNG / AFP) (THET AUNG/AFP)

အစ္စရေးနိုင်ငံက F-7 တိုက်လေယာဉ်အားလုံးကို ပြင်ဆင်မွမ်းမံဖို့ ကန်ထရိုက်ရပြီး အနည်းဆုံး လေဆာရောင်ခြည်သုံး ဗုံးတွေတင်ပို့တယ်လို့ ကမ္ဘာ့စစ်ရေးစစ်ရာ စွယ်စုံကျမ်းက ပြောပါတယ်။

မြန်မာ့ လေတပ်မှာ အစ္စရေးလုပ် Elbit Skylark မောင်းသူမဲ့ ထောက်လှမ်းရေးလေယာဉ် ဒရုန်းရှိတယ်လို့ ပြောပေမယ့် အစင်းရေ အရေအတွက် မသိရဘူးလို့လည်း ပြောပါတယ်။

တရုတ်တိုက် လေယာဉ်တွေအပြင် ယူဂိုဇလားဗီးယားက လေ့ကျင့်ရေး ဂျက်လေယာဉ်တွေကို ၁၉၉၁ ခုနှစ်က ဝယ်ယူပြီး ၁၉၉၁ ကနေ ၁၉၉၇ ခုနှစ် အတွင်း ရုရှားနဲ့ ပိုလန်က ရဟတ်ယာဉ်တွေ ဝယ်ယူပါတယ်။

စစ်ကောင်စီ အခုလုပ်နေတဲ့ စစ်ဆင်ရေးတွေမှာ သုံးနေတဲ့ ရုရှားလုပ် Mi 17 အဲဒီအချိန်ကတည်းက မြန်မာလေတပ်မှာ ရှိနေပါတယ်။

000_1F438L.jpg
Myanmar's soldiers march in a formation during a parade to mark the country's 74th Armed Forces Day in Naypyidaw on March 27, 2019. (Photo by Thet AUNG / AFP) (THET AUNG/AFP)

အမေရိကန် ဒေါ်လာ သန်း ၅၇၀ ဖိုးရှိတဲ့ ရုရှားစစ်ရဟတ်ယာဉ်တွေ ဝယ်ဖို့ ၂၀၀၉ မှာ သဘောတူခဲ့ပြီး ၂၀၀၁ မှာ ရုရှားက Mig-29 တိုက်လေယာဉ် ဝယ်ယူပါတယ်။

ဒီတိုက်လေယာဉ် တိုက်ရဟတ်ယာဉ်တွေနဲ့ တိုင်းရင်းသားဒေသတွေမှာ တိုက်ခိုက်ပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်ရေး စွမ်းရည်တွေကို သုတေသနလုပ်တဲ့ Global Firepower အညွှန်းကိန်းမှာ ကမ္ဘာ့ ၁၄၂ နိုင်ငံအနက် ၃၄ နိုင်ငံမြောက်အဖြစ် မြန်မာလေတပ်မှာ လေယာဉ်အစင်း ၂၈၀ ရှိတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့ ၁၄၂ နိုင်ငံမှာ မြန်မာစစ်တပ်ရဲ့ စစ်ရေးစွမ်းရည်က အဆင့် ၃၉ မှာ ရှိတယ်လို့လည်း ပြောပါတယ်။

ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေရဲ့ ပစ်ခတ်နိုင်တဲ့ စွမ်းရည်တွေ ပိုင်ဆိုင်တဲ့ စစ်လက်နက်ပစ္စည်း စွမ်းရည်တွေ၊ လူ့စွမ်းရည်တွေပေါ် အခြေခံပြီး Global Firepower က ညွှန်းကိန်းအဆင့် သတ်မှတ်တာလည်း ဖြစ်ပါတယ်။

၁၄၂ နိုင်ငံမှာ မြန်မာလေတပ်ဟာ ကြားဖြတ်တိုက်လေယာဉ် ၅၅ စင်းနဲ့ အဆင့် ၃၅ မှာ ရှိပြီး သယ်ယူပို့ဆောင်ရေးလေယာဉ်က ၂၆ စင်းနဲ့ အဆင့် ၂၆၊ ရဟတ်ယာဉ် အစင်း ၈၀ နဲ့ အဆင့် ၄၃ မှာရှိပါတယ်။

000_1394A5.jpg
Russian MIG-29 fighter jets of the Myanmar Air Force fly in formation during a military parade in Naypyidaw on March 27, 2018 to mark the 73rd Armed Forces Day. (Photo by Thet AUNG / AFP) (THET AUNG/AFP)

ကမ္ဘာ့စစ်ရေးစစ်ရာ စွယ်စုံကျမ်းကတော့ မြန်မာလေတပ်မှာ တရုတ်၊ ရုရှား၊ ယူဂိုဆလားဗီးယား၊ ပိုလန်၊ ယူကရိန်းနိုင်ငံတွေက လေယာဉ်တွေအပြင် အိန္ဒိယ၊ အမေရိကား၊ ပြင်သစ်၊ ဆွစ်ဇလန်၊ ဗြိတိန်၊ နယ်သာလန်နိုင်ငံတွေက လေယာဉ်တွေရှိတယ်လို့ ဖော်ပြပါတယ်။

အနောက်နိုင်ငံတွေက လေယာဉ်တွေကို ဘယ်တုန်းက ဝယ်ထားသလဲဆိုတာ စာရင်းဇယားမှာ မတွေ့ရပါဘူး။

ဒါပေမဲ့ မြန်မာလေတပ်ဟာ ၁၉၇၅ ခုနှစ်မှာ အမေရိကန်က ပေးပို့တဲ့ Bell 295A ၁၈ စင်းနဲ့ Bell 206B ရဟတ်ယာဉ် ၇ စင်း လက်ခံရရှိတယ်လို့ ဖော်ပြပါတယ်။

ဒီရဟတ်ယာဉ်တွေကို နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေး အစီအစဉ်အရ အမေရိကန်က လွှဲပြောင်းပေးအပ်ခဲ့တာလို့လည်း ပြောပါတယ်။

မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက် အကူအညီယူပေမယ့် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဘိန်းအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံစာရင်းမှာ ပါဝင်နေပါတယ်။