စစ်ကောင်စီ ဘာကြောင့် သေဆုံးသူတွေဆီက ကိုယ်တွင်းအင်္ဂါတွေ ထုတ်ယူနေသလဲ

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021.06.09

ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးခေါ်ဆောင်သွားတာ ခံရပြီးတဲ့နောက်၊ အသက်သေဆုံးသွားတဲ့ သူအချို့ရဲ့ အလောင်းကို ပြန်လည်ထုတ်ယူရာမှာ ခန္ဓာကိုယ်ကို ခွဲစိတ်ထားပြီး၊ ကိုယ်တွင်းအင်္ဂါအချို့ကို ထုတ်ယူထားတဲ့ အထောက်အထားတွေ တွေ့ရတဲ့အကြောင်း မိသားစုဝင်တွေနဲ့ ကိုယ်တွေ့ကြုံခဲ့သူ အချို့က ပြောပါတယ်။ ဒီလို ကာယကံရှင်ရဲ့ မိသားစုဝင်တွေ ခွင့်မပြုဘဲ ကိုယ်အင်္ဂါတွေ ခွဲစိတ် ဖြတ်တောက်ထားတဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီးတော့လည်း ကောလာဟလအချို့ ပေါ်ထွက်နေပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့က ကဗျာဆရာ ခက်သီ ခေါ် ကိုဇော်ထွန်းဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရာမှာ ရှေ့တန်းက ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး မေလ ၈ရက်နေ့က ရွှေဘိုမြို့မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာပါ။ ကျန်းမာရေးကောင်းမွန်တဲ့ ကဗျာဆရာ ခက်သီဟာ အဖမ်းခံရပြီး ၂၄ နာရီ မပြည့်ခင် နောက်တစ်ရက် မေလ ၉ ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေရဲ့ လက်ထဲမှာ ကွယ်လွန်သွားခဲ့ပြီး မိသားစုဝင်တွေကို အလောင်းလာထုတ်ဖို့ အကြောင်းကြားလာပါတယ်။ စစ်ကြောရေး စခန်းကနေ မုံရွာဆေးရုံကြီးကို ပြန်ပို့လိုက်တဲ့ ကဗျာဆရာ ခက်သီရဲ့ အလောင်းမှာ တကိုယ်လုံးညိုမဲနေသလိုပဲ ခန္ဒာကိုယ်တွင်းက ကိုယ်တွင်းအင်္ဂါအချို့ ပြန်ပါမလာတော့ဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

khetthi.jpg
ကဗျာဆရာခက်သီရဲ့ ဈာပန။

ကဗျာဆရာ ခက်သီလိုပဲ ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်က NLD ပါတီ ရပ်ကွက် ဥက္ကဋ္ဌ ဦးခင်မောင်လတ်နဲ့ ရွှေပြည်သာမြို့နယ်က NLD ပါတီ စု အသက်မွေးပညာသင်ကျောင်း တာဝန်ခံ ဦးဇော်မြတ်လင်းတို့ဟာလား အလားတူပဲ စစ်ကောင်စီ တပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားတာခံရပြီး နောက်တစ်နေ့မှာ ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေ၊ ရင်ကို ခွဲစိတ်ခံထားရတဲ့ ချုပ်ရိုးရှည်နဲ့ အလောင်းကို မိသားစုဝင်တွေက လက်ခံရရှိခဲ့တာပါ။

အခုလို စစ်ကောင်စီ က ဖမ်းဆီးခေါ်ဆောင်သွားပြီး အသက်သေဆုံးတဲ့နောက် ခန္ဓာကိုယ်ကို ခွဲစိတ်ပြီးထားတဲ့ ဖြစ်ရပ်တွေကို ပြည်သူတွေအကြားမှာ အကြောက်တရားဖန်တီးဖို့ လုပ်နေတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများစောင့်ကြည့်အရေးအသင်း AAPP က ကိုဘိုကြည်က ပြောပါတယ်။

မတ်လ ၁၄ရက်နေ့က ရန်ကုန်မြို့မှာ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို အင်အားသုံး ဖြိုခွင်းမှုတွေအတွင်း အသက်သေဆုံးခဲ့တဲ့ ဆေးတက္ကသိုလ် ကျောင်းသား ကိုခန့်ညားဟိန်းကိုလည်း အာဏာပိုင်တွေက အလားတူ ရင်ခွဲစစ်ဆေးဖို့ ကြိုးစားခဲ့ပေမယ့် မိဘတွေက အချိန်မီ ဟန့်တားနိုင်ခဲ့လို့ အခွဲမခံလိုက်ရဘူးလို့ ပြောပါတယ်။

"အခုအချိန်အထိတော့ ကောလာဟလ အဆင့်ပဲ ရှိပါသေးတယ်။ ဒီလိုလုပ်ပြီး ပြန်ရောင်းထားတဲ့ အထောက်အထားတွေ ပေါ်ထွက်လာရင်တော့ တော်တော်ကို စိုးရိမ်စရာ အခြေအနေဖြစ်လာမှာပါ"

ပြီးခဲ့တဲ့ မတ်လက အိန္ဒိယစာနယ်ဇင်း အင်စတီကျုအဖွဲ့နဲ့ ပြုလုပ်တဲ့ အွန်လိုင်း အစည်းအဝေးတစ်ခုမှာတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားသူတွေကို နှိမ်နှင်းရာမှာ ရည်ရွယ်ချက်ရှိရှိ နဲ့ ဦးခေါင်းကို ပစ်ခတ်သတ်ဖြတ်တာဖြစ်ပြီး၊ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို မှောင်ခိုဈေးကွက်မှာ ပြန်လည် ရောင်းချနေတာဖြစ်တယ်လို့ NLD ပါတီဝင်တစ်ဦးက ပြောသွားတဲ့အကြောင်း အိန္ဒိယစာနယ်ဇင်းတွေက ဖော်ပြခဲ့ပါတယ်။

လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က Phil Robertson ကတော့ အခုလို အာဏာပိုင်တွေက ထိန်းသိမ်းထားစဉ်မှာ ကွယ်လွန်သွားသူတွေရဲ့ အလောင်းကနေ ကိုယ်အင်္ဂါ ထုတ်ယူထားတဲ့ ကိစ္စထက်စာရင် အပြစ်မရှိဘဲ ဖမ်းဆီးထိန်းသိမ်းခံရတာ ဖမ်းဆီးထားပြီး စစ်ဆေးနေစဉ်မှာ ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်ခံရပြီး အသက်သေဆုံးတဲ့ ဖြစ်ရပ်တွေဟာ ပိုအရေးကြီးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

ကွယ်လွန်သူတွေရဲ့ အလောင်းကနေ ကိုယ်အင်္ဂါထုတ်ယူထားရတဲ့ အကြောင်းကို ရှင်းရှင်းလင်းလင်း မသိရပေမယ့်၊ ပြန်ရောင်းစားတယ်ဆိုတဲ့ ယူဆချက်အနေနဲ့ကတော့ ခိုင်လုံတဲ့ အထောက်အထား မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

index.jpg“ ကာယကံရှင်နဲ့ မိသားစုဝင်တွေဆီက ခွင့်ပြုချက် မရှိဘဲ အလောင်းကနေ ကိုယ်အင်္ဂါ ထုတ်ယူခွင့်မရှိပါဘူး။ ဒါဟာ မလုပ်သင့်တဲ့ အရာပါ။ ဒီလို ကိုယ်အင်္ဂါ ထုတ်ယူထားတာဟာ အာဏာပိုင်တွေက သူတို့ ကျူးလွန်တဲ့ ပြစ်မှုတစ်ခုခုကို ဖုံးချင်တဲ့အတွက် ဖြစ်နိုင်ပါတယ်။ အာဏာပိုင်တွေဟာ ကွယ်လွန်သွားသူတွေဆီက ကိုယ်အင်္ဂါထုတ်ယူထားပြီး ပြန်ရောင်းတယ်ဆိုတဲ့ ကောလာဟလတွေနဲ့ ပတ်သက်လို့တော့ ခိုင်လုံတဲ့ အထောက်အထား မတွေ့ရသေးပါဘူး။ ကျွန်တော် နားလည်သလောက်ကတော့ မြန်မာနိုင်ငံမှာ ဒီလို ရှုပ်ထွေးတဲ့ ကိုယ်အင်္ဂါအစားထိုးမှုတွေ လုပ်နိုင်တဲ့ facility တွေ များများမရှိပါဘူး။ ဒီလို ကိုယ်အင်္ဂါအစားထိုး ကုသချင်တဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းတို့ စင်္ကာပူတို့လို နိုင်ငံတွေကို သွားပြီး လုပ်နေရတာပါ။ အခုအချိန်အထိတော့ ကောလာဟလ အဆင့်ပဲ ရှိပါသေးတယ်။ ဒီလိုလုပ်ပြီး ပြန်ရောင်းထားတဲ့ အထောက်အထားတွေ ပေါ်ထွက်လာရင်တော့ တော်တော်ကို စိုးရိမ်စရာ အခြေအနေဖြစ်လာမှာပါ"

တရုတ်နိုင်ငံဟာဆိုရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေနဲ့ ဝီဂါလူမျိုး လူနည်းစုတွေဆီက ကိုယ်အင်္ဂါတွေ ထုတ်ယူပြီး တရားမဝင် ရောင်းချတာကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေတဲ့အတွက် အထူးပဲ စိုးရိမ်ပူပန်ကြောင်း အမေရိကန် အောက်လွှတ်တော်နဲ့ ဥရောပသမဂ္ဂပါလီမန်တွေကနေ ကြေညာချက် ထုတ်ပြန်ပြီး စွပ်စွဲထားတာ ရင်ဆိုင်နေရပါတယ်။

တရုတ်နိုင်ငံကတော့ ဒီစွပ်စွဲချက်တွေအားလုံး မမှန်ကန်ကြောင်း ငြင်းဆိုထားပေမယ့်၊ သေဆုံးတဲ့ အကျဉ်းသားတွေဆီက ကိုယ်အင်္ဂါထုတ်ယူတာကို ၂၀၁၄ ခုနှစ်ရောက်မှာပဲ တရားဝင် ဥပဒေထုတ်ပြန်ပြီး တားမြစ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ လည်း လူ့ကိုယ်တွင်း အင်္ဂါတွေ ထုတ်ယူပြီး တရားမဝင် ရောင်းချတဲ့ မှောင်ခို ဈေးကွက်ရှိနေဆဲတဲ့ တရုတ်နိုင်ငံနဲ့ နီးနီးကပ်ကပ်တည်ရှိနေတဲ့အတွက် အခုလို အာဏာပိုင်တွေကိုယ်တိုင်က ကွယ်လွန်သူတွေရဲ့အလောင်းကနေ ကိုယ်တွင်းအင်္ဂါ ထုတ်ယူပြီး ရောင်းချနေတဲ့ စွပ်စွဲချက်တွေ မဖြစ်နိုင်ဘူးလို့ ငြင်းဖို့ ခက်ကြောင်း အမေရိကန် နိုင်ငံရောက် မြန်မာဆရာဝန်တစ်ဦးက RFA ကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ကတော့ ဒီလို စွပ်စွဲချက်တွေ နဲ့ ပက်သက်ပြီး တုံ့ပြန်တာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။