မြန်မာနိုင်ငံမှာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ခံရမှု ပိုဆိုးလာ

RFA Burmese
2025.01.09
မြန်မာနိုင်ငံမှာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ခံရမှု ပိုဆိုးလာ ဖုန်းအင်တာနက် အသုံးပြုနေသူတစ်ဦးကို တွေ့ရစဥ်။
AFP

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက် လွတ်လပ်ခွင့်နဲ့ လုံခြုံရေး ဖိနှိပ်ခံရမှုဟာ တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာတယ်လို့ ဒီဂျစ်တယ် လွတ်လပ်ခွင့်ဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်နေတဲ့အဖွဲ့တွေက ပြောပါတယ်။

၂၀၂၄ ခုနှစ်အတွင်းမှာတင် တိုင်းနဲ့ပြည်နယ် ဆယ်ခုက မြို့နယ် ၈၂ ခုမှာ အင်တာနက်ဖြတ်တောက်မှု အကြိမ်ပေါင်း ၁၃၀ ကျော် ကြုံတွေ့ခဲ့ရတယ်လို့ ဒီဂျစ်တယ် လွတ်လပ်ခွင့်ဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်နေတဲ့ ထိုင်းနိုင်ငံအခြေစိုက် Myanmar Internet Project အဖွဲ့က ဇန်နဝါရီ ၇ ရက်နေ့မှာ အစီအရင်ခံစာ ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ နှစ်ကုန်အထိဆိုရင် မြို့နယ်ပေါင်း တစ်ရာကျော် အင်တာနက် ဖြတ်တောက်ခံထားရတယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အင်တာနက် ဖြတ်တောက်ခံထားရတာကြောင့် ပြည်သူတွေရဲ့လူမှုဘဝကို ကြီးကြီးမားမား ထိခိုက်နေတယ်လို့ Myanmar Internet Project အဖွဲ့ရဲ့ နည်းပညာကျွမ်းကျင်သူ ဦးဟန်က RFA ကို ပြောပါတယ်။

“လူအခွင့်ရေးဆိုင်ရာ အချက်ပေါင်း သုံးဆယ်မှာ အခြေခံအကျဆုံး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မှာ အကျုံးဝင်နေတဲ့ အင်တာနက်လွတ်လပ်ခွင့်ကို ပိတ်ပင်လိုက်ခြင်းအားဖြင့် ကျန်တဲ့အခွင့်အရေးအကုန်လုံးကို ပိတ်ပင်ကန့်သတ်လိုက်တာနဲ့ နည်းတူပဲပေါ့နော်။ အဲဒီတော့ လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်အကုန်လုံးပေါ်မှာ ချိုးဖောက်လိုက်တာမျိုး ဖြစ်တယ်ပေါ့။ ဒီပညာရေးနဲ့ ပတ်သက်တဲ့ဟာမှာလည်း ထိခိုက်နစ်နာဆုံးရှုံးမှုတွေ အများကြီး တွေ့ရတယ်။ ထိုနည်းတူပဲ စီးပွားရေးလည်း တွေ့ရတယ်။ ကျန်းမာရေး ကိစ္စမျိုးမှာလည်း တွေ့ရတယ်။ လူမှုရေးကိစ္စမျိုးတွေမှာလည်း တွေ့ရတယ်။ နောက်တစ်ခုက စစ်ရေးပဋိပက္ခ ရှိတဲ့နေရာတွေမှာလည်း အင်တာနက်ဖုန်းလိုင်းတွေ ဖြတ်တောက်တာ ဖြစ်တဲ့အတွက် စစ်ရေးနဲ့ပတ်သက်တဲ့ သတင်းအချက်လက်တွေ မရတာဖြစ်တဲ့အတွက် လူမှုဘဝဖူလုံဖို့ လူမှုဘဝကို အထောက်ပံ့ဖြစ်စေတဲ့ အချက်အလက်တွေ မရရှိတဲ့အခြေအနေမျိုး တွေ့ရတယ်”

စစ်ကောင်စီတပ်ဟာ နယ်မြေအများအပြား ဆုံးရှုံးထားတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်နဲ့ ရှမ်းမြောက်အပြင် အညာဒေသ စစ်ကိုင်း၊ မကွေး စတဲ့ ဒေသတွေက မြို့တွေကို အဓိကထားပြီး အင်တာနက် ဖြတ်တောက်ထားတာပါ။

ရန်ကုန်၊ မန္တလေးအပါအဝင် စစ်ကောင်စီဘက်က ထိန်းချုပ်ထားတဲ့မြို့တွေမှာ အင်တာနက် ဖြတ်တောက်ခံရတာ မရှိပေမဲ့ လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဝေဖန်ရေးသား၊ မျှဝေသူတွေကို ဖမ်းဆီးအရေးယူနေပြီး ၂၀၂၄ တစ်နှစ်အတွင်း လူပေါင်း ၃၇၄ ဦး ဖမ်းဆီးအရေးယူခံထားရတယ်လို့ MIP အဖွဲ့က ပြောပါတယ်။

“စစ်ကောင်စီရဲ့ အခုလို ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် စီးပွားရေး ထိခိုက်နေရပါတယ်”

Facebook၊ TikTok စတဲ့ လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီနဲ့ပတ်သက်ပြီး ဝေဖန်ရေးသား၊ မျှဝေသူတွေ အများဆုံး ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အင်တာနက်ကို အသုံးပြုပြီး စီးပွားရေးလုပ်ကိုင်နေသူတွေလည်း အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။

လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်ကနေ ဈေးရောင်းချနေတဲ့ ရန်ကုန်မြို့ခံ တစ်ဦးကတော့ စစ်ကောင်စီရဲ့ အခုလို ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် စီးပွားရေး ထိခိုက်နေရတယ်လို့ RFA ကိုပြောပါတယ်။

“ရောင်းတဲ့ ကာစတန်မာကတော့ အွန်လိုင်းကို အသုံးပြုလို့ မရရအောင်လို့တော့ လိုင်းကို အသုံးပြုပြီး ရောင်းကြတယ်။ သို့ပေမဲ့ ကြည့်ရှုသူတွေ အွန်လိုင်းက ဝယ်သူတွေက အရမ်းနည်းသွားတယ်။ နည်းသွားတော့ စီးပွားရေး ကျပ်တည်းမှုတွေက အွန်လိုင်းနဲ့ ရောင်းတဲ့သူဆီမှာလည်း ကျပ်တည်းမှုက ဖြစ်လာတယ်။ VPN ဆိုလည်း အရင်တုန်းကသုံးတဲ့ အလကားသုံးရတဲ့ (Free VPN) အားလုံးကို ကြိုက်တဲ့ဟာ သုံးလို့ရတယ်။ အဆင်ပြေတယ်။ အခုနောက်ပိုင်း တဖြည်းဖြည်း တင်းကျပ်လာတော့ အလကား (Free VPN) သုံးရတာတွေ လျော့သွားတယ်။ ပိုက်ဆံနဲ့ ပေးသုံးရတဲ့ VPN တွေ ပေါ်လာတယ်။ ပိုက်ဆံနဲ့ ပေးဝယ်ရတဲ့ VPN တွေတောင်မှ အလုပ်လုပ်နေတဲ့အချိန်မှာ လိုင်းရပ်တန့်သွားတာတို့ ဆာဗာပြုတ်ကြသွားတာတို့ အများကြီး ပေါ်လာတော့ ကျွန်တော်တို့ လုပ်ငန်းတွေလည်ပတ်မှုမှာ တော်တော် နှောင့်နှေးမှုရှိတယ်”

လူမှုကွန်ရက် အသုံးပြုရာတွင် ချိတ်ဆက်အသုံးပြုကြသည့် VPN ဆော့ဝဲလ်များအား တွေ့ရစဉ်။ (RFA Photo)
လူမှုကွန်ရက် အသုံးပြုရာတွင် ချိတ်ဆက်အသုံးပြုကြသည့် VPN ဆော့ဝဲလ်များအား တွေ့ရစဉ်။ (RFA Photo)

ဇန်နဝါရီ ၁ ရက်နေ့ကလည်း အီလက်ထရွန်နစ် နည်းပညာအသုံးပြုပြီး အလွဲသုံးစားလုပ်တာ၊ အွန်လိုင်း လောင်းကစားစနစ် တည်ဆောက်တာနဲ့ Virtual Private Network (VPN) ဝန်ဆောင်မှု ပေးတာတွေအတွက် ထောင်ဒဏ်နဲ့ ငွေဒဏ် ချမှတ်နိုင်မဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို စစ်ကောင်စီက အတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်။


ဆက်နွှယ်သောသတင်းများ

ကမ္ဘာမှာ မြန်မာက အင်တာနက်လွတ်လပ်ခွင့် အကင်းမဲ့ဆုံးနိုင်ငံ ဘာကြောင့်ဖြစ်တာလဲ

စစ်ကောင်စီကို ဝေဖန်ရေးသားမှုကြောင့် လူ ၁၉၀၀ နီးပါး ဖမ်းဆီးခံရ

ဆိုက်ဘာလုံခြုံရေးဥပဒေဟာ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို ထိန်းချုပ်ဖို့သာဖြစ်


ဆိုက်ဘာတိုက်ခိုက်မှုကြောင့် နိုင်ငံ့အချုပ်အခြာအာဏာနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်မှုကနေ ကာကွယ်ဖို့နဲ့ ဆိုက်ဘာမှုခင်းတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့အတွက် ပြဋ္ဌာန်းတာလို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဥပဒေပညာရှင် တစ်ဦးကတော့ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်ဟာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး ရပ်ဆိုင်းနေတာလို့ RFA ကို ပြောပါတယ်။

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း နစကထုတ်ပြန်တဲ့ အမိန့်ညွှန်ကြားချက်တွေမှာ နိုင်လွတ်လုံ ဥပဒေမှာပါတဲ့ အရေးကြီးဆုံး ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ-၅၊ ၆၊ ၈ပေါ့။ ဒါတွေကို ယာယီအားဖြင့် ရပ်ဆိုင်းထားတယ်ဆိုတဲ့ အခါကျတော့ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်က အဲဒီနေ့ကစပြီး ရပ်ဆိုင်းသွားတယ်။ ဒါရဲ့ အခြေခံအကြောင်းအရင်းတွေက အာဏာထိန်းသိမ်းထားတဲ့ အစိုးရတစ်ရပ်နဲ့ အဲဒီအစိုးရကို ဆန့်ကျင်နေကြတဲ့ အဖွဲ့အစည်းအသီးသီးရဲ့ကြားမှာ နိုင်ငံရေးအားပြိုင်မှု၊ စစ်ရေးအားပြိုင်မှု ပြင်းထန်လာတဲ့အတွက် အဲဒီအကျိုးဆက်ကို ကျွန်တော်တို့ နိုင်ငံသားတွေ ခံစားနေရခြင်းဖြစ်တယ်လို့ မြင်ပါတယ်”

Myanmar Internet Project အဖွဲ့ရဲ့စာရင်းအရ စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်မှာလည်း တိုင်းနဲ့ပြည်နယ် ဆယ်ခုက မြို့နယ် ၆၂ ခုကို အင်တာနက်နဲ့ ဖုန်းလိုင်းဖြတ်တောက်မှု ၇၂ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သလို လူမှုကွန်ရက်ကနေ ဝေဖန်ရေးသားလို့ဆိုပြီး လူပေါင်း ၅၅၀ ထက်မနည်းကိုပါ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံပေါင်း ၇၂ နိုင်ငံကို စစ်တမ်းကောက်ယူထားတဲ့ အမေရိကန်နိုင်ငံအခြေစိုက် သတင်းလွတ်လပ်ခွင့်အဖွဲ့ (Freedom House) ရဲ့ အောက်တိုဘာ ၁၆ ရက်နေ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ အင်တာနက်လွတ်လပ်ခွင့် ဆုံးရှုံးမှု အဆိုးရွားနိုင်ငံထဲ ပါဝင်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။