ဝန်ကြီးအပြောင်းအလဲတွေနဲ့ အာဏာတည်မြဲရေး စစ်ခေါင်းဆောင် ကြိုးစားလာ
2023.08.09
အရေးပေါ်ကာလ ခြောက်လသက်တမ်းတိုးပြီး ရက်ပိုင်းအကြာ ဩဂုတ်လ ၃ ရက်နေ့မှာပဲ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ကာကွယ်ရေးနဲ့ ပြည်ထဲရေး အပါအဝင် ထိပ်တန်းဝန်ကြီးနေရာတွေကို ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီလို့ခေါ်တဲ့ ကာလုံအဖွဲ့ထဲမှာ အဖွဲ့ဝင် တစ်နေရာရတဲ့ အရေးပါတဲ့ ကာကွယ်ရေးဝန်ကြီးနေရာကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို ခန့်အပ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကိုတော့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးအဖြစ် နေရာချင်း လဲခဲ့တာပါ။
"သူ ရှေ့ဆက်လျှောက်ရမယ့် ကာလအတွက်ကို သူပြင်ဆင်ရတာပေါ့နော်"
ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် နေရာမှာတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ဦးဆောင်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကတော့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တာဝန်ယူခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁) ရဲ့ ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရပါတယ်။
အရင် ခြောက်လကတာဝန်ယူခဲ့တဲ့ စစ်ကောင်စီအဖွဲ့ဝင် သုံးဦး၊ ပြည်ထောင်စုအဆင့်ရှိသူ ရှစ်ဦးကို ရာထူးကနေ ဖယ်ရှားခဲ့ပြီး ပြောင်းလဲခန့်အပ်တာတွေလည်း ရှိခဲ့ပါတယ်။
အခုအပြောင်းအလဲတွေကို ကြည့်မယ်ဆိုရင် အသစ်ခန့်တာနည်းပြီး အရင်လူတွေကိုပဲ ဌာနချင်းရွှေ့ပြောင်း တာဝန်ပေးတာတွေကိုပဲ စစ်ကောင်စီက ပြုလုပ်ခဲ့တာပါ။
ဒီခန့်အပ်မှုတွေအရ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူယုံကြည်ရတဲ့သူတွေကို အရေးပါတဲ့ ဝန်ကြီးဌာနတွေမှာ ခန့်ထားသလို လာမယ့်အရေးပေါ်ကာလမှာ သူရင်ဆိုင်ရနိုင်တဲ့ အရာတွေအတွက် ကြိုတင်ပြင်ဆင်တာလို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ထားတဲ့ ညွှန်ကြားရေးမှူး တစ်ဦးက RFA ကို ပြောပါတယ်။
“သူစိတ်ချယုံကြည်ရတဲ့သူတွေကို သူ့ဘေးနားမှာထားတယ်လို့လည်း ပြောလို့ရတယ်။ နောက်တစ်ချက်ကတော့ သူ ရှေ့ဆက်လျှောက်ရမယ့် ကာလအတွက်ကို သူပြင်ဆင်ရတာပေါ့နော်။ ဗိုလ်ချုပ်ကြီးမြထွန်းဦးကို ပို့ဆက်ကို ရွှေ့လိုက်တယ်ပေါ့။ ဒီလိုရွှေ့တာလည်း ပြင်ဆင်တဲ့သဘောပါပဲ။ ကာကွယ်ရေးဆိုတာက အမှန်တိုင်းပြောရရင် တပ်ချုပ်ရဲ့အောက်မှာ စာပေးစာယူရုံးအဆင့်လောက်ပဲ ရှိတာကိုး။ အဲဒီတော့ တကယ်အဓိကကျတဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ဒီရှေ့မှာ သူအဓိကသုံးရမယ့် ပို့ဆောင် ဆက်သွယ်ရေးဆိုတာ ဒါက အရေးကြီးတယ်လေ။ သူ့အတွက် လေယာဉ်ကိစ္စတွေ၊ နောက်ဆက်သွယ်ရေး ဆက်သွယ်ရေးဆိုတာ အခုကြုံတွေ့နေရတဲ့ ဆိုက်ဘာကိစ္စတွေ၊ ဒီအတွက်လည်း အရေးပါတဲ့နေရာကို ရွှေ့လိုက်တာပေါ့။ သူ့အတွက် အရေးတကြီး လှုပ်ရှားပေးမယ့် နေရာကို ပြောင်းလိုက်တယ်လို့ပဲ သုံးသပ်တာပေါ့”
နောက်ထပ်အရေးပါတဲ့ ပြည်ထဲရေးဝန်ကြီးနေရာကိုလည်း ကျန်းမာရေးမကောင်းတဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် အစား ပိုပြီးလုပ်နိုင်ကိုင်နိုင်ရှိတဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ အစားထိုးပြီး ရှေ့ခြောက်လမှာ စစ်ကောင်စီ ယန္တရားလည်ပတ်မှု ပိုပြီးအားကောင်းအောင် လုပ်လာခဲ့တာလို့ သူကဆိုပါတယ်။
သူဟာ စစ်တပ်ထဲမှာ ၂၁ နှစ်ကြာတာဝန်ထမ်းပြီးမှ ဗိုလ်ကြီးရာထူးနဲ့ အရပ်ဘက်ကို ပြောင်းလာပြီးနောက် ညွှန်ကြားရေးမှူးရာထူးအထိ ဆယ်နှစ်နီးပါး လုပ်ကိုင်ခဲ့တာပါ။ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှာတော့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။
အခုလို ထိပ်ပိုင်းခေါင်းဆောင်ရာထူးတွေမှာ စစ်ဗိုလ်ချုပ်တွေက နေရာယူထားသလို ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း စစ်ကောင်စီက ဒုတိယ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်ရှိသူ အယောက် လေးဆယ်ကိုလည်း အရပ်ဘက်ဝန်ကြီးဌာနတွေဆီ ပြောင်းရွှေ့ခဲ့တယ်လို့ အပတ်စဉ်ထုတ် မြန်မာနိုင်ငံ ပြန်တမ်းတွေမှာ ဖော်ပြပါတယ်။
ဒုတိယဗိုလ်မှူးကြီး တစ်ဦး၊ ဗိုလ်မှူးကိုးဦးနဲ့ ဗိုလ်ကြီး အယောက်သုံးဆယ်ကို မြန်မာ့စီးပွားရေးဘဏ်၊ ရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဆောက်လုပ်ရေး၊ စက်မှု၊ စီးပွားကူးသန်း၊ အားကစားနဲ့ လူငယ်ရေးရာ၊ ဟိုတယ်ခရီး၊ ရန်ကုန်နဲ့နေပြည်တော်က စည်ပင်သာယာရေးကော်မတီ စတဲ့ဌာနမျိုးစုံကို ပြောင်းရွှေ့ခဲ့တာပါ။
မြန်မာ့စီးပွားရေးဘဏ်ကို အများဆုံးပြောင်းရွှေ့ခဲ့ပြီး ဗိုလ်မှူးငါးဦးက မန်နေဂျာရာထူး၊ ဗိုလ်ကြီး ၁၆ ဦးက လက်ထောက်မန်နေဂျာရာထူး ရယူထားပါတယ်။
ရာထူးအလိုက် ဗိုလ်ကြီးအဆင့်ရှိသူကို ဦးစီးအရာရှိ၊ ဗိုလ်မှူးအဆင့်ရှိသူကို လက်ထောက် ညွှန်ကြားရေးမှူး၊ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူကို ဒုတိယညွှန်ကြားရေးမှူးအဆင့်တွေ ခန့်အပ်ထားပါတယ်။
ဒါဟာ အရပ်ဘက်ဌာနဆိုင်ရာ ယန္တရားလည်ပတ်မှုကိုပါ စစ်တပ်ကထိန်းချုပ်တာလို့ CDM တပ်မတော်သား ဗိုလ်ကြီးကောင်းသူဝင်းက ပြောပါတယ်။
“ရာထူးကြီးကြီးပေးတဲ့အပိုင်းပေါ့နော် ဥပမာ ညွှန်ကြားရေးမှူးတို့ အဲဒီလိုမျိုးဟာတွေ ကတော့ အဓိကလုပ်ငန်းပိုင်းမှာလည်း သူတို့ အကုန်ထိန်းချုပ်ချင်တယ်ပေါ့နော်။ ခေါင်ကနေ အကုန်လုံးကို ထိန်းချုပ်ချင်တယ်။ သူတို့ ညွှန်ကြားချက်တွေကို ပိုပြီးတော့လုပ်လို့ရတဲ့ အနေအထားမျိုးကြောင့် ဒါ ခေါင်ပိုင်းကို ပေးတယ်ပေါ့နော်။ အောက်က အရာရှိငယ်တွေ ပြောင်းတဲ့အပိုင်းကျတော့လည်း စစ်တပ်ကိုပြန်ပြီးတော့ လိုအပ်တဲ့အချက်အလက်တွေ အဲဒီလိုမျိုးတွေ ပြန်ပေးလို့ရအောင်ဆိုတဲ့ အနေအထားမျိုးတွေ ပေးထားတယ်”
စစ်တပ်ကနေ အဲဒီလိုပြောင်းရွှေ့လာသူတွေကို အရပ်သားအစိုးရဝန်ထမ်းတွေက မိုးကျရွှေကိုယ်တွေအဖြစ် သတ်မှတ်ခေါ်ဝေါ်လေ့ ရှိပါတယ်။ ဒီလိုလုပ်ရပ်တွေကို အရင် စစ်အစိုးရတွေ လက်ထက်ကလည်း လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ထက်မှာ အများဆုံးပြောင်းရွှေ့ တာလို့ CDM အရာရှိ ဗိုလ်ကြီးကောင်းသူဝင်းက ပြောပါတယ်။
စစ်ကောင်စီရဲ့ ထိပ်ပိုင်းဝန်ကြီးဌာ အပြောင်းအလဲတွေပါအဝင် စစ်ဘက်အရာရှိတွေ အရပ်ဘက်ကို ပြောင်းလာတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ စစ်ကောင်စီအဖွဲ့ဝင်တွေ၊ ဝန်ကြီးဌာနတွေနဲ့ တိုင်းနဲ့ ပြည်နယ်အဆင့် အကြီးအကဲတွေကို တာဝန်ပေးတဲ့အခါ အတွေ့အကြုံရှိပြီးသူတွေ၊ ဒေသနဲ့ကိုက်ညီသူတွေကို စိစစ်ပြီး စစ်ဘက်၊ အရပ်ဘက် မျှမျှတတတာဝန်ခွဲဝေပေးတယ်လို့ အသစ်ပြန်ဖွဲ့ထားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ဩဂုတ်လ ၇ ရက်နေ့မှာတွေ့ဆုံစဉ် ပြောခဲ့ပါတယ်။
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကလည်း အုပ်ချုပ်ရေးယန္တရားမှာ ပိုပြီးတောင့်တင်းခိုင်မာဖို့ ဒီလိုရွှေ့ပြောင်းတာလို့ ပြောပါတယ်။
“အဓိကက ဗျူရိုကရေစီယန္တရားဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်ရေးကို အဆင်ပြေ ချောမွေ့အောင်လုပ်တဲ့ ယန္တရားဖြစ်တယ်။ အဲဒီယန္တရား လည်ပတ်နိုင်ဖို့အတွက်ဆိုရင် အဲဒီယန္တရားထဲက လူတွေအကုန်လုံးက နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်တို့ ပြောရရင် လုပ်ငန်းဆောင်တာအကုန်လုံးကို ချောချောမွေ့မွေ့ လည်ပတ်နိုင်ဖို့ အရေးကြီးတယ်။ အဲဒီအတွက်က ဒီအလုပ်ပေါ်မှာ စူးစိုက်ပြီးတော့ တကယ်လုပ်နိုင်တဲ့သူတွေ အဓိက လိုအပ်တယ်။ အဲဒီအတွက်ကြောင့် အုပ်ချုပ်ရေးပိုင်းယန္တရားမှာ ပိုပြီးတောင့်တင်းခိုင်မာဖို့ အတွက် ပိုပြီးစိတ်ချရတဲ့လူတွေထည့်တယ်၊ အဓိကအချက်က အဲဒါပါ”
လက်ရှိ အစိုးရယန္တရားအတော်များများမှာ လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုတွေရှိနေတဲ့ အတွက် စိတ်ချရမယ့် သူတွေနဲ့ အစားထိုးတာလို့လည်း သူကဆက်ပြောပါတယ်။
ထိပ်ပိုင်းဝန်ကြီးရာထူးတွေ အပြောင်းအလဲဖြစ်တာကတော့ ဒီထက်ပိုကောင်းတဲ့အရွေ့ တစ်ခုဖြစ်လာဖို့ အပြောင်းအလဲပြုလုပ်တာလို့ ဦးသိန်းထွန်းဦးက ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးကတည်းက အရပ်ဘက်ဝန်ကြီးဌာနတွေရဲ့ ထိပ်တန်းရာထူးနေရာ တွေမှာ စစ်ဗိုလ်ချုပ်တွေက နေရာယူထားပြီးသားဖြစ်ပါတယ်။ အခု အာဏာသိမ်းနှစ်နှစ် ကျော်ချိန်မှာ အလယ်အလတ်နဲ့ အောက်ခြေအရာရှိငယ် ရာထူးပိုင်းမှာပါ စစ်တပ် အရာရှိတွေ နေရာဝင်ယူလာတာပါ။
ထိပ်ပိုင်းရာထူးတွေကစလို့ အောက်ခြေက အရပ်ဘက်ရာထူးတွေထိ စစ်ဘက်ဆိုင်ရာ အရာရှိကြီးငယ်တွေကို ခန့်ထားတာဟာ အစိုးရယန္တရားတစ်ခုလုံးကို စစ်ဘက်က လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ ကြိုးစားလာတာလို့ နိုင်ငံရေး၊ စစ်ရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“militarize လုပ်တယ်လို့ ခေါ်တာပေါ့ဗျာ။ အကုန်လုံးကို စစ်ဘက်ကလွှမ်းမိုးပြီးတော့ စစ်ဘက်က ထိန်းချုပ်ထားတဲ့ အနေအထားဖြစ်အောင် လုပ်တဲ့သဘောပါ။ အခုအခြေအနေက NUG ဦးဆောင်တဲ့ PDF တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းထားတဲ့ အင်အားစုတွေဟာ စစ်တပ်နဲ့ အပြင်းအထန်တိုက်ပွဲတွေ နေရာအနှံ့မှာ ဖြစ်နေတဲ့အချိန်မှာ ယုံကြည်စိတ်ချရသူချင်း ကျောချင်းကပ်ဖို့က သိပ်အရေးကြီးတယ်။ အဲဒီလို ကာလမှာ အရပ်သားတွေကို ဦးစားပေးပြီး နေရာပေးလို့မဖြစ်ဘူး။ သူတို့ စစ်သားထဲမှာတောင် စစ်သားတိုင်း မဖြစ်ဘူး။ သူတို့ ယုံကြည်စိတ်ချရတဲ့ အင်အားစုနဲ့ အလုပ်လုပ်ရမှ သူတို့ နောက်ကျောလုံမှာပေါ့ဗျာ။ ဒါကြောင့်မို့ အရေးကြီးတဲ့ နေရာမှန်သမျှကို သူတို့ယုံကြည်စိတ်ချရတဲ့ စစ်ဗိုလ်၊ စစ်သားတွေနဲ့ အကုန်လုံးကို လုံခြုံရေးအရ တာဝန်ယူထားဖို့ ကြံစည်တဲ့လက္ခဏာပဲဖြစ်ပါတယ်”
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ခြောက်လက စစ်ဘက်အရာရှိ အယောက်လေးဆယ် မပြောင်းရွှေ့ခင် ၂၀၂၂ ခုနှစ် ဇွန်လ ၆ ရက်နေ့ကလည်း ဒုတိယဗိုလ်မှူးကြီးခြောက်ဦးကို ဗဟိုဘဏ်မှာ ဒုတိယညွှန်ကြားရေးမှူးတွေအဖြစ် ခန့်အပ်ခဲ့ပါသေးတယ်။
အဲဒီနှစ် ဇွန်လအတွင်းမှာပဲ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့် ၁၃ ဦးကိုလည်း ရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးရုံးတွေကို ပြောင်းရွှေ့ခဲ့ပါတယ်။ သူတို့အထဲက တစ်ဦးဖြစ်တဲ့ စစ်တက္ကသိုလ်က ဒုတိယဗိုလ်မှူးကြီး ကျော်ကိုလတ်ကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒုတိယညွှန်ကြားရေးမှူးရာထူးနဲ့ ပြောင်းရွှေ့ခဲ့တာပါ။
၂၀၂၂ ခုနှစ် နိုဝင်ဘာလကလည်း ဗိုလ်ကြီးအဆင့်ကနေ ဗိုလ်မှူးကြီးအဆင့်ရှိ စစ်ဘက်အရာရှိ ၁၃ ဦးကို ဒုတိယညွှန်ကြားရေးမှူးချုပ်တွေအဖြစ် အရပ်ဘက်ကို ပြောင်းရွှေ့ခဲ့ပါတယ်။
ဒီပြောင်းရွှေ့မှုတွေဟာ စစ်တပ် အာဏာရေရှည်တည်မြဲရေးအတွက် စနစ်တကျ လုပ်ဆောင်နေတာဖြစ်ပြီး တော်လှန်ရေးကြောင့် စစ်ကောင်စီ ပြုတ်ကျသွားရင်တောင်မှ အစိုးရဌာနဆိုင်ရာ ယန္တရားတစ်ခုလုံးမှာ စစ်တပ် အသွင်ပြောင်းတွေ ကျန်ရှိနေအောင်နဲ့ စစ်တပ်ရဲ့ အကျိုးစီးပွားကို ရတဲ့နည်းနဲ့ ဆက်လက်ကာကွယ်ဖို့ ဖြစ်တယ်လို့ အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။