နန်စီပလိုစီရဲ့ထိုင်ဝမ်ခရီး စစ်ကောင်စီကန့်ကွက်မှု တရုတ်ကိုစည်းရုံးတာလို့ လေ့လာသူသုံးသပ်

"ဒီနေ့ကမ္ဘာကြီးဟာ ဒီမိုကရေစီစနစ်နဲ့ အာဏာရှင်စနစ်ကို ရွေးချယ်ရမယ့် အခြေအနေနဲ့ ကြုံနေပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့က ထိုင်ဝမ်မှာရော ကမ္ဘာတစ်ဝန်းမှာပါ ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်ဖို့ သန္နိဋ္ဌာန်ချထားပါတယ်" လို့ အမေရိကန်ရဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီက ထိုင်ဝမ်ခရီးစဉ်အတွင်း ပြောကြားလိုက်ပါတယ်။

နန်စီပလိုစီရဲ့ပြောဆိုချက်ဟာ စစ်အာဏာရှင်ရဲ့ဒဏ်ကို လတ်တလောခံနေရတဲ့ မြန်မာပြည်က လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာလည်း ရေပန်းစားခဲ့တာပါ။

“သိသာတာကတော့ တရုတ်က စစ်ကောင်စီကို ထောက်ခံတာတွေ လျှော့သွားပြီ။ အဲ့ဒီအချိန်မှာ တရုတ်ရဲ့ ထောက်ခံမှုတွေရဖို့ စစ်ကောင်စီကရှာနေတာ”

ထိုင်ဝမ်ကိုသွားရင် စစ်ရေးအရ လက်တုံ့ပြန်သွားမယ်လို့ တရုတ်အစိုးရဘက်က စစ်ရေးလှုပ်ရှားမှုတွေပြပြီး အကြိမ်ကြိမ် သတိပေးခဲ့တဲ့ကြားက နန်စီပလိုစီ ထိုင်ဝမ်ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ဒီခရီးစဉ်ကို မြန်မာပြည်သူတွေကလည်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့တာပါ။

နန်စီပလိုစီရဲ့ပြောဆိုချက်ဟာ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေက အာဏာရှင်တွေကို တပ်လှန့်လိုက်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

"ဒီလိုအလေးအနက်ပြောဆိုတာဟာ မြန်မာစစ်ကောင်စီရဲ့တည်ရှိမှု အပါအဝင် တချို့သော အရှေ့တောင်အာရှနိုင်ငံတွေမှာရှိနေတဲ့ စစ်အာဏာရှင်တွေကို တပ်လှန့်လိုက်တဲ့သဘောပေါ့ဗျာ။ နန်စီပလိုစီက အမေရိကန်အောက်လွှတ်တော်ရဲ့ဥက္ကဋ္ဌဖြစ်တော့ အရှေ့တောင်အာရှနဲ့ပတ်သက်ပြီး အရေးကြီးတာတွေ ဆုံးဖြတ်တဲ့နေရာမှာ အရေးကြီးတဲ့ အဆောက်အအုံတစ်ခုဖြစ်တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက NUG က ပြောထားတဲ့ မြန်မာပြည်တော်လှန်ရေးကို ယူကရိန်းလို စစ်အင်အားတွေ လက်နက်အင်အား အကူအညီပေးဖို့ အဆိုပြုထားတာရှိပါတယ်။ အဲဒါကို အမေရိကန်က စဉ်းစားတဲ့နေရာမှာ အောက်လွှတ်တော်မှာ ဥက္ကဋ္ဌဖြစ်တဲ့ နန်စီပလိုစီရဲ့အခန်းကဏ္ဍက အရေးကြီးတယ်"

နန်စီပလိုစီရဲ့ ခရီးစဉ်ဟာ နှစ်ပေါင်း ၂၅ နှစ်အတွင်း အမေရိကန်ရဲ့ရာထူးမြင့်အကြီးအကဲတစ်ဦး ထိုင်ဝမ်ကို လာတဲ့ သမိုင်းဝင်ခရီးစဉ်လည်း ဖြစ်ပါတယ်။

တရုတ်ဘက်ကတော့ ထိုင်ဝမ်ကို သူ့ရဲ့ပိုင်နက်နယ်မြေလို့ သတ်မှတ်ထားတာပါ။

နန်စီပလိုစီ ထိုင်ဝမ်ရောက်နေချိန်အတွင်း ထိုင်ဝမ်ရေလက်ကြားမှာ တရုတ်ဂျက်လေယာဉ်တွေ ပျံသန်းနေကြောင်း တရုတ်အစိုးရပိုင် မီဒီယာတွေကလည်း ဖော်ပြခဲ့ပါတယ်။

မြန်မာစစ်ကောင်စီကတော့ နန်စီပလိုစီရဲ့ထိုင်ဝမ်ခရီးစဉ်ကို ကန့်ကွက်ရှုတ်ချပါတယ်။ ဒီခရီးစဉ်ဟာ ဒေသတွင်း မတည်ငြိမ်အောင်လုပ်ဖို့နဲ့ တခြားနိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ ရည်ရွယ်တာလို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ ခွဲထွက်လို့မရတဲ့ အစိတ်အပိုင်းလို့သာ သတ်မှတ်ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထောက်ခံတယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။

ASIA-PELOSI7.jpg
ထိုင်ဝမ်နိုင်ငံကို ရောက်ရှိနေသည့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi နှင့် ထိုင်ဝမ်သမ္မတ Tsai Ing-wen တို့ ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၃ ရက်နေ့က တိုင်ပေရှိ သမ္မတရုံးတွင် တွေ့ဆုံကြစဉ်။ (Photo: AFP) (HANDOUT/AFP)

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က အခုနောက်ပိုင်း စစ်ကောင်စီဟာ အိမ်နီးချင်းပေါက်ဖော် တရုတ်ရဲ့ထောက်ခံမှုတွေ မရဖြစ်နေတာကြောင့် ဒီထိုင်ဝမ်ကိစ္စမှာ တရုတ်ဘက်က ရပ်ပြပြီး ထောက်ခံမှုပြန်ရအောင် ကြိုးစားနေတာလို့ ဆိုပါတယ်။

"စစ်ကောင်စီ အဓိက အားကိုးတဲ့ တရုတ်နဲ့ရုရှား။ အဲဒီထဲမှာ တရုတ်က စစ်ကောင်စီကို ကုလလုံခြုံရေးကောင်စီမှာလည်း မထောက်ခံတဲ့သဘော တွေ့လာရတယ်။ ဝမ်ယိ မြန်မာပြည်လာတုန်းကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မတွေ့ဘူး။ သိသာတာကတော့ တရုတ်က စစ်ကောင်စီကို ထောက်ခံတာတွေ လျှော့သွားပြီ။ အဲ့ဒီအချိန်မှာ တရုတ်ရဲ့ ထောက်ခံမှုတွေရဖို့ စစ်ကောင်စီကရှာနေတာ၊ အဲဒီလိုရှာနေချိန်မှာ နန်စီပလိုစီလာတာနဲ့ ပတ်သက်လို့ တရုတ်ကို ရန်စတဲ့သဘော တရုတ်ကို ရှုပ်ထွေးအောင်လုပ်တဲ့သဘော ပြပြီးဆန့်ကျင်ပါတယ်။ နန်စီပလိုစီလာတာကို ထကန့်ကွက်ရင် တရုတ်ဘက်ကများ သူတို့ကို နားလည်သဘောပေါက်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်တယ်လို့ ကျနော်က ယူဆပါတယ်"

တရုတ်ဘက်က စစ်ရေးလေ့ကျင့်မှုတွေ လုပ်ပြပြီး နန်စီပလိုစီရဲ့ ခရီးစဉ်ကို သတိပေးခဲ့ပေမယ့် နန်စီပလိုစီနဲ့အဖွဲ့ကတော့ ထိုင်ဝမ်မှာ တစ်ညအိပ်ပြီး ထိုင်ဝမ်သမ္မတ၊ ထိုင်ဝမ် ဥပဒေပြုရေးလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီးနောက် ခရီးစဉ်အောင်အောင်မြင်မြင်နဲ့ ပြန်လည်ထွက်ခွာခဲ့ပါတယ်။