ဘိန်းစိုက်ပျိုးမှု မြန်မာတဆင့်လျော့ကျ

သက်စုအောင်
2020.02.04

မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ ကမ္ဘာမှာ ဒုတိယအဆင့်ကနေ တတိယအဆင့်ကို လျော့ကျလာပေမယ့် ဓာတုပစ္စည်းသုံး မူးယစ်ဆေးဝါးထုတ်လုပ်မှုကတော့ ကြီးမားလာတယ်လို့  ပြည်ထဲရေးဝန်ကြီးဌာနက ပြော ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာလည်း မူးယစ်ဆေးဝါးသုံးစွဲသူတွေက တိုးလာနေပါတယ်။

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ကျဆင်းခဲ့တာဟာ နိုင်ငံတော်ကနေ ဘဏ္ဍာငွေ အမြောက်အများအကုန်ကျခံပြီး ဘိန်းအစားထိုးသီးနှံစီမံကိန်းနဲ့ ဒေသဖွံ့ဖြိုးရေးကို အကောင်အထည်ဖေါ်ခဲ့တာကြောင့်ဖြစ်တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ပြောပါတယ်။

ဒီကနေ့ နေပြည်တော် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဗဟိုအဖွဲ့နဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှု ဆိုင်ရာရုံး UNODC တို့ ပူးပေါင်းကျင်းပတဲ့  "၂၀၁၉ ခုနှစ်အတွက် မြန်မာနိုင်ငံ တရားမဝင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အစီရင်ခံစာ ထုတ်ပြန်ခြင်း" အခမ်းအနားမှာ  ဗိုလ်ချုပ်အောင်သူ က ပြောခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုက ၂၀၁၅ ခုနှစ်မှာ ဟတ်တာ ၅၅၀၀၀၊ ၂၀၁၇ ခုနှစ်မှာ ဟတ်တာ ၄၁၀၀၀၊ ၂၀၁၈ခုနှစ်မှာ ဟတ်တာ ၃၇၃၀၀ နဲ့ ၂၀၁၉ ခုနှစ်မှာ ဟတ်တာ ၃၃၁၀၀ ထိ ကျဆင်းခဲ့တယ်လို့ဆိုပါတယ်။

ဒါကြောင့် ၂၀၁၈ ခုနှစ် ဘိန်းစိုက်ပျိုးမှုနဲ့ ၂၀၁၉ ဘိန်းစိုက်ပျိုးမှုကို နှိုင်းယှဉ်ရင် ၁၁ ရာခိုင်နှုန်း လျော့ကျခဲ့တာကို တွေ့ရတယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။

ကမ္ဘာမှာ ဘိန်းစိုက်ပျိုးမှု အမြင့်ဆုံးသုံးနိုင်ငံရှိပြီး မြန်မာက တတိယနေရာကို ရောက်သွားရတဲ့ အကြောင်းအရင်းကို အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံးဌာနေကိုယ်စားလှယ် မစ္စတာ Jeremy Douglas က ရှင်းပြပါတယ်။

"ကမ္ဘာမှာ အမြင့်ဆုံးသုံးနိုင်ငံကတော့  အာဖဂန်နစ္စတန်၊ မြန်မာနဲ့ မက္ကဆီကိုဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အစီအစဉ် အရ  အဲဒီနေရာတွေအားလုံးမှာ တညီတညွတ်တည်း လေ့လာဆန်းစစ်ပါတယ်၊ ဒါပေမဲ့ ကမ္ဘာ့ဘိန်းဖြူဈေးကွက် မှာတော့ အနည်းငယ်အပြောင်းအလဲရှိတာကို တွေ့ရပါတယ်။ အခြေခံအားဖြင့်တော့ မက္ကဆီကိုမှာ ဓာတုဗေဒ သုံးပြီး မူးယစ်ဆေးဝါး အမြောက်အမြား ထုတ်လုပ်တာကို တွေ့ရပါတယ်။ ဒါကြောင့် မြန်မာက တတိယနေရာကို လျော့ကျသွားတာဖြစ်ပါတယ်"

ဘိန်းစိုက်ပျိုးမှုလျော့ကျသလို မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုဟာလည်း လျော့ကျလာပါတယ်။ ဘိန်းထုတ် လုပ်မှုက  ၂၀၁၅ခုနှစ်မှာ ၆၄၇ မက်ထရစ်တန်ရှိရာကနေ  ၂၀၁၉ ခုနှစ်မှာ ၅၀၈ မက်ထရစ်တန်ရှိခဲ့တယ်လို့ ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူက  ပြောပါတယ်။

ဘိန်းစိုက်ပျိုးမှုတွေကို လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ တောင်တန်းဒေသတွေဖြစ်တဲ့ ရှမ်းပြည်နယ်မှာ အများဆုံးစိုက်ပျိုးပြီး ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တွေမှာလည်း စိုက်ပျိုးနေတယ်လို့ ဗိုလ်ချုပ်အောင်သူ က ပြေပါတယ်။

မြန်မာမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဘိန်းစိုက်ပျိုးမှု လျော့ကျပေမယ့်လည်း ကချင်ဒေသလို နေရာမျိုးမှာတော့ ဧကအနည်းငယ် တိုးစိုက်လာတာတွေ့ရတယ်လို့ Jeremy Douglas (ဂျရမီ ဒေါက် ဂလက်စ်)ကပြောပါတယ်။

"ကျနော်အစောကပြောခဲ့သလိုပဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့  စုစုပေါင်း ၁၁ ရာခိုင်နှုန်း ကျသွားတယ်၊ ဒါပေမဲ့ ၂၀၁၈ ကနေ ၂၀၁၉ အတွင်း ကချင်ဒေသမှာ ဟတ်တာ ၁၀၀ လောက်တော့ ဘိန်းစိုက်ပျိုးမှုတိုးလာတယ်၊ အထူးသဖြင့် စစ်မက်ဖြစ်ပွားပြီး တိုက်ပွဲတွေနဲ့ မငြိမ်မသက်ဖြစ်နေတဲ့နေရာတွေပေါ့။ အဲဒီနေရာတွေက အစိုးရက စုံစမ်းစစ်ဆေးဖို့ လက်လှမ်းမမှီတဲ့နေရာတွေဖြစ်ပါတယ်"

ကချင်ပြည်နယ်မှာ ဘိန်းစိုက်မှုတွေ တိုးလာနေတာက အစိုးရရဲ့ ဘိန်းနှိမ်နင်းမှုအားနည်းလို့ ဖြစ်ရတာလို့ ကချင်ပြည်နယ် အမျိုးသမီးကွန်ယက်ကို တည်ထောင်သူ ဒေါ်နန်ပူ ကပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်း လူလုပ်မူးယစ်ဆေးဝါးတွေဖြစ်တဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၆ သန်းကျော် ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၉မှာတော့ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၈.၇ သန်းကျော်တိုးပြီး ဖမ်းဆီးရမိခဲ့တယ်လို့ ပြည် ထဲရေးဝန်ကြီးဌာနက စာရင်းထုတ်ပြန်ထားပါတယ်။ တဘက်မှာ အခုလိုဖမ်းဆီးနေတယ်ဆိုပေမဲ့ မြန်မာ နိုင်ငံအတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေက တနေ့တခြား တိုးပွားလာနေတာကြောင့် အစိုးရတင်မက အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကပါ မူးယစ်ဆေးဖြတ်စခန်းတွေကို တိုးချဲ့ထူထောင်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။