၂၀၂၃ နှစ်သစ်အပေါ် ပြည်သူတွေရဲ့ သုံးသပ်မျှော်လင့်ချက်များ

RFA Burmese
2023.01.04
၂၀၂၃ နှစ်သစ်အပေါ် ပြည်သူတွေရဲ့ သုံးသပ်မျှော်လင့်ချက်များ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြစဉ်။
Democracy Movement Strike Committee-Dawei

အာဏာသိမ်းပြီးနောက် နှစ်နှစ်နီးပါးကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရတာ၊ နေအိမ်မီးရှို့ ဖျက်ဆီးခံရတာ၊ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေနဲ့ ဖြတ်သန်းခဲ့ကြရပြီးနောက် အခု ၂၀၂၃ ခုနှစ်အတွင်းမှာလည်း ဒီအခြေအနေတွေက ရပ်တန့်သွားဦးမှာမဟုတ်ဘူးလို့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားလေ့ရှိတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာတော့ အခုနှစ်သစ်မှာ တိုက်ပွဲပိုပြင်းထန်လာနိုင်တယ်လို့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံက RFA ကို ပြောပါတယ်။

"စစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲက နီးကပ်လာပြီဖြစ်လို့ ၂၀၂၃ က မြေပြင်မှာ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ ဒီထက်ဖြစ်လာမယ့် အလားအလာတွေရှိတယ်။ ကျနော်တို့ကတော့ မျှော်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ရဖို့အတွက် အသက်ပေးပြီးတော့ ၂၀၂၂ ခုနှစ်ထက် ၂၀၂၃ ခုနှစ်မှာ ပိုပြီးတော့ ခုခံသွားမယ့် အလားအလာတွေ လုပ်ထားတာတော့ ရှိတာပေါ့နော်။ အခု စစ်ရေးပိုင်းဆိုင်ရာတွေ လက်နက်ခဲယမ်း မီးကျောက်ကိစ္စတွေ အားလုံးဖြည့်တင်းထားပြီး ဖြစ်ပါတယ်"

၂၀၂၂ ခုနှစ်အတွင်းမှာ သူတို့အဖွဲ့အနေနဲ့ ရဲဘော် သုံးဦးလောက် ဆုံးရှုံးခဲ့ရသလို မြို့နယ်အတွင်းမှာလည်း စစ်ကောင်စီကြောင့် အရပ်သားတွေ သေဆုံးတာ၊ အိမ်တွေ မီးရှို့ခံရတာ၊ ဖုန်းလိုင်းနဲ့ အင်တာနက်ဖြတ်တောက်ခံရတာတွေကို ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

burned-ahlelsho-village.jpg
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အလယ်ရှိုရွာမှ နေအိမ်များ မီးရှို့ခံထားရသည်အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ ၂၀၂၃ ခုနှစ်ရဲ့ အခြေအနေဟာ ရွေးကောက်ပွဲရလဒ်အပေါ် မူတည်နေလိမ့်မယ်လို့ သုံးသပ်ပါတယ်။

"အောင်မြင်မှုရှိသလား ပြောရရင်တော့ ဆူပူမှုဖြစ်လာတယ်၊ ဆူပူမှုကနေ လက်နက် ဆွဲကိုင်တဲ့အပိုင်းရောက်လာတော့ ထိန်းကွပ်မှုအပိုင်းမှာ အားနည်းချက်လေးတွေ ရှိခဲ့တာရှိတယ်။ ဒါပေမဲ့ နှစ်နှစ်စာကို ပြန်ကြည့်ရရင်တော့ အရမ်း ဆိုးဆိုးရွားရွား ဖြစ်ခဲ့တဲ့အချိန်တစ်ခုကနေ တစ်စုံတစ်ခုသောအတိုင်းအတာကို Recovery ပြန်လုပ်နိုင်တယ်ပေါ့နော်။ နည်းနည်းသက်သာရာရမယ့်အခြေအနေ၊ အဲဒီလမ်းကြောင်း ကိုပဲ ဦးတည်နေပြီလို့တော့ သုံးသပ်လို့ရမယ်။ လာမယ့် ၂၀၂၃ ခုနှစ်မှာပဲ အထွေထွေ ရွေးကောက်ပွဲလုပ်မယ်။ ရွေးကောက်ပွဲ ရလဒ်ကိုကြည့်ပြီး ဘာဆက်ဖြစ်နိုင်မလဲ ဆက်စောင့်ကြည့်ရဦးမှာပါ"

ပြည်တွင်းငြိမ်းချမ်းရေးဟာလည်း တရုတ်နိုင်ငံနဲ့ အမေရိကန် နှစ်နိုင်ငံကြားက အားပြိုင်မှုကြောင့် တချို့အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးမှာ ပါဝင်လာအောင်လုပ်ဖို့ ခက်ခဲနေတာဖြစ်ပြီး လက်ရှိ စစ်ကောင်စီအနေနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ ဆက်ဆံရေးကိုသာ ဆက်လက်ထိန်းသိမ်းရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA- PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) စတဲ့ တိုင်းရင်းသားလက်နက်ကိုင် ငါးဖွဲ့နဲ့ ဟာ စစ်ကောင်စီရဲ့  ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲကို လက်ခံထားကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းမှုမှာ ပါဝင်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ရဲ့ ဗဟိုကော်မတီဝင်၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ရဲ့ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းကတော့ စစ်ကောင်စီဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို သူ့ရဲ့ထွက်ပေါက် အတွက် လုပ်တာသာဖြစ်တယ်လို့ ပြောပါတယ်။

"တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးအခြေခံကတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးပါပဲ။ စစ်အာဏာရှင်စနစ် မချုပ်ငြိမ်းဘဲနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မဖြစ်ထွန်းနိုင်ပါဘူး။ ဒါကြောင့်မို့လို့ စစ်ကောင်စီက လုပ်နေတဲ့ ဆွေးနွေးမှုတွေဆိုတာကတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ရဖို့လုပ်တာ မဟုတ်ဘဲနဲ့ စစ်ကောင်စီက သူ့ရဲ့ထွက်ပေါက်အတွက်ကို လုပ်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အတုအယောင် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကလည်း အောင်မြင်စရာအကြောင်း မရှိပါဘူး။ ထိုနည်းတူပဲ ရွေးကောက်ပွဲဆိုတာကလည်း စစ်ကောင်စီမှာ ရွေးကောက်ပွဲကျင်းပခွင့် မရှိပါဘူး"

ဦးခွန်မြင့်ထွန်းဟာ PNFC ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှာ အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရာမှာ ပါဝင်ဖို့တည်ထောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း မွန်ပြည်နယ်၊ သထုံမြို့နယ်က သူ့မိဘပိုင် နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပါတယ်။

တိုင်းရင်းသားတွေဟာ အလုံးစုံ အာဏာရှင်စနစ် ပြုတ်ကျရေးကိုသာ မျှော်လင့်နေတာ ဖြစ်တယ်လို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

ပြည်သူတွေ နိုင်ငံခြား ထွက်ခွာကြတာတွေနဲ့၊ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ် ကြတာတွေကြောင့် သပိတ်လှုပ်ရှားမှုတွေဘက်မှာ အင်အားနည်းပါးနေပြီး ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှာ မြေပြင်သပိတ်တွေ နည်းသွားနိုင်တယ်လို့ တနင်္သာရီတိုင်းထဲက ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"၂၀၂၂ ခုနှစ်နောက်ပိုင်းမှာ လူငယ်တွေ တော်တော်နည်းလာတယ်လို့ ပြောရမယ်။ သပိတ်တွေက တော်တော် ရုန်းကန်ခဲ့ရတာပေါ့ နော်။ လူထုထောက်ခံမှုလည်း ရအောင်၊ သပိတ်က ဘာလို့လိုအပ်နေသေးတယ်ဆိုတာ လူထုကို နားလည်လာအောင် စည်းရုံးရတဲ့ဟာမျိုး တွေ့ရတယ်ပေါ့နော်။ ၂၀၂၃ ခုနှစ် အရှေ့ပိုင်းမှာတော့ (သပိတ်တွေ) ဆက်ပြီးတော့ ရှိဦးမယ်လို့ မြင်တယ်။ ရွေးကောက်ပွဲ မတိုင်ခင်အထိ အင်အား ကောင်းကောင်းနဲ့ ရှိဦးမယ်လို့မြင်တယ်။ အဲဒီနောက်ပိုင်းဆိုလို့ရှိရင်တော့ တော်တော်လေးတောင်မှ (သပိတ်တွေ) အားနည်းသွားမယ်လို့မြင်တယ်"

စစ်ကောင်စီက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ၂၀၂၃ ခုနှစ်၊ ရွေးကောက်ပွဲဟာလည်း တရားဝင်မှု မရှိသလို ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့တောင် စစ်ကောင်စီက အတော်ကြိုးစားရမယ့် အခြေအနေဖြစ်တယ်လို့ သူက ပြောပါတယ်။

၂၀၂၂ ခုနှစ်အတွင်းမှာ အဓိကနိုင်ငံခြားငွေဖြစ်တဲ့ အမေရိကန်ဒေါ်လာ ဈေးမြင့်တက်တာ၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေ စံချိန်တင်မြင့်တက်တာတွေ ရှိခဲ့ပြီး ဒါတွေကိုထိန်းချုပ်ဖို့ စစ်ကောင်စီဟာ မူဝါဒအပြောင်းအလဲတွေ ပြုလုပ်ခဲ့ပါတယ်။

"၂၀၂၃ ခုနှစ်မှာ ပြည်သူတစ်ယောက်အနေနဲ့ ဘာကိုမျှော်လင့်လဲဆိုရင် တော်လှန်ရေးကို မြန်မြန်အောင်ချင်ပြီး မူလအခြေအနေကို ပြန်ပြီးတော့ ရောက်ချင်ပါတယ်"

ဒါပေမဲ့ စစ်ကောင်စီလက်ထက် စီးပွားရေးအခြေအနေက ၂၀၂၃ ခုနှစ်မှာလည်း ပိုကောင်းလာဖို့ လမ်းမမြင်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးပညာရှင် တစ်ဦးက သုံးသပ်ပါတယ်။

"ပိုဆိုးဖို့ပဲ ရှိတာပါပဲ အခြေအနေကတော့။ အခုဟာက ကုန်ဈေးနှုန်းတွေ တက်သည်ထက် တက်လာတာပဲလေ။ ကျတယ်ရယ်လို့ မရှိဘူး။ ကုန်ဈေးနှုန်းတွေက အခုလိုတက်နေတဲ့အတွက် တိုင်းပြည်ရဲ့ စီးပွားရေက ပိုပြီးတော့ ဆိုးဖို့ပဲရှိတယ်။ အထူးသဖြင့် ဆင်းရဲသူ၊ ဆင်းရဲသား၊ လက်လုပ်လက်စားတွေ၊ နောက်ပြီးတော့ လခစားသမားတွေ၊ အဲဒါတွေအတွက်က ပိုပြီးတော့ ဆိုးဖို့ပဲ ရှိတယ်ပေါ့နော်"

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးကတော့ ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီဖြုတ်ချနိုင်ပြီး ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ မျှော်လင့်မိတယ်လို့ ပြောပါတယ်။

"၂၀၂၃ ခုနှစ်မှာ ပြည်သူတစ်ယောက်အနေနဲ့ ဘာကိုမျှော်လင့်လဲဆိုရင် တော်လှန်ရေးကို မြန်မြန်အောင်ချင်ပြီး မူလအခြေအနေကို ပြန်ပြီးတော့ ရောက်ချင်ပါတယ်။ ဒီလိုမျိုး New Normal ဖြစ်နေတဲ့အခြေအနေကို ရပ်တန့်ပြီးတော့ ကလေးတွေကိုလည်း စာသင်နေတုန်း ပြေးရလွှားရ မဖြစ်စေချင်ဘူး။ နောက်ပြီး ကျောင်းတစ်ပိုင်းဖြစ်နေတဲ့ လူငယ်တွေကိုလည်း စာသင်ခန်းထဲကို ပြန်ပြီးရောက်စေချင်နေပြီ။ အိမ်မပြန်နိုင်တဲ့ သူတွေကိုလည်း အိမ်ကိုပြန်ရောက်စေချင်နေပါပြီ"

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလကတော့ ၂၀၂၃ ခုနှစ်မှာ တော်လှန်ရေးအရှိန် မြှင့်တင်သွားမှာဖြစ်သလို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုလည်း တော်လှန်သွားရမှာဖြစ်တယ်လို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က နှစ်သစ်ကူး မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

စစ်ကောင်စီကတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး တစ်နှစ်ထပ်တိုးတယ်လို့ ဇန်နဝါရီလ ၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။