သုံးနှစ်အတွင်း အရေးပေါ်အကူအညီ လိုအပ်သူ ၁၇ သန်းကျော်တိုးလာ

RFA Burmese
2024.02.08
သုံးနှစ်အတွင်း အရေးပေါ်အကူအညီ လိုအပ်သူ ၁၇ သန်းကျော်တိုးလာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးသဖြင့် ထွက်ပြေးနေကြသည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က တွေ့ရစဥ်။
ဒီပဲယင်းမြို့နယ်ညီနောင်များ

စစ်တပ်အာဏာမသိမ်းခင်က မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီလိုအပ်သူ တစ်သန်းကျော်သာရှိခဲ့ရာကနေ လက်ရှိမှာ ၁၈ သန်းအထိ တိုးလာပြီး၊ ဒါဟာ စုစုပေါင်း လူဦးရေရဲ့ သုံးပုံတစ်ပုံရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က အာဏာသိမ်း သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

အိုးမဲ့အိမ်မဲ့ဖြစ်မှု၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍကို ထိခိုက်မှု၊ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ အာဟာရချို့တဲ့မှု၊ အဓမ္မစစ်သားစုဆောင်းခံရမှု အပါအဝင် လုံခြုံမှုကင်းမဲ့တာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုစတဲ့ ဘေးဒုက္ခတွေကို မြန်မာပြည်သူ သုံးပုံတစ်ပုံ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဖော်ပြပါတယ်။

"စစ်တပ်က လာသတ်မယ့်အချိန်ကို စောင့်မျှော်နေရသလိုကို ဖြစ်နေတော့တာ"

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာတော့ အဓိကအစားအစာဖြစ်တဲ့ ဆန်ကို လူတိုင်းဝယ်မစားနိုင်တော့တာကြောင့် ပြောင်း၊ လူးနဲ့ ဆပ်လို စားကုန်တွေကိုပဲ အားထားနေရတယ်လို့ မင်းတပ်မြို့နယ်က ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးက RFA ကို ပြောပါတယ်။

“မနက်စာကျတော့ ဆပ်ဝါ ထမင်းရယ်၊ ပြောင်းဖူး ထမင်းရယ်၊ ပြောင်းဖူးကိုထောင်းပြီးတော့ ပြန်ချက်တာတို့၊ ညနေစာဆိုရင် မြောက်ဥပြုတ်တာတို့ အဲဒီလိုမျိုးတွေပေါ့။ ဆန်စားနိုင်တဲ့သူကတော့ အိမ်ခြေ ဆယ်အိမ်လောက်ပဲ ရှိမလားမသိဘူး။ အနည်းစုအိမ်ခြေကပဲ ဆန်နဲ့ ရောစားနိုင်ကြတာပါ။ ရောတယ်ဆိုရင်လည်း ဆပ်ဝါနဲ့ ဆပ်နီရောတာတို့ ဒါမဟုတ် လူးနဲ့ ဆပ်နီရောတာတို့ အဲဒီလိုမျိုးပါပဲ။ ကိုယ်ဗိုက်၀အောင်၊ ကိုယ့်ကလေးကို ဗိုက်၀အောင် ကျွေးနိုင်ရင်တောင်မှ အဲဒါ တကယ်ပိုပြီးအဆင်ပြေတဲ့သူကမှ ဗိုက်၀အောင် ကျွေးနိုင်တာပါ။ အဟာရတွေ၊ ဘာတွေတော့ မပြောလိုတော့ဘူး”

ပြည်တွင်းစစ်ကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်တာ၊ ကုန်စျေးနှုန်း ကြီးမြင့်တာနဲ့ စိုက်ပျိုးပြီး သီးနှံတွေ ရောင်းချနိုင်မယ့်စျေးကွက် မရှိတာတွေကြောင့် ဝင်ငွေနည်းလာရာကနေ အခက်မျိုးစုံကို ရင်ဆိုင်ခံစားနေရတယ်လို့ သူက ဆိုပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဖေဖော်ဝါရီ ၅ ရက် လုံခြုံရေးကောင်စီ အစည်းအဝေးအပြီး သတင်းစာရှင်းပွဲမှာ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် Barbara Woodward က "မြန်မာနိုင်ငံမှာ သုံးနှစ်အတွင်း လူ ၁၈ သန်းကျော် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေပါတယ်။ အမျိုးသမီးတွေ၊ ကလေးငယ်တွေ အပါအဝင် လူနည်းစု တိုင်းရင်းသားဒေသတွေထံ အကူအညီပေးရေးပစ္စည်းတွေ အဟန့်အတားမရှိ ပို့ခွင့်ရဖို့ ထပ်မံတောင်းဆိုပါတယ်” လို့ ပြောခဲ့ပါတယ်။

အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ အမြန်ဆုံးပေးနိုင်ဖို့ တောင်းဆိုထားပါတယ်။

စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်ချိန် နိုင်ငံတစ်ဝန်း အရပ်ဒေသအားလုံးနီးပါးမှာ တိုက်ပွဲတွေဖြစ်နေပြီး ရှမ်းမြောက်ဒေသက ယာယီအပစ်ရပ်တဲ့ ကိစ္စဟာလည်း ခိုင်မာမှု မရှိသလို ရခိုင်ပြည်နယ်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲလို့ UNOCHA က ပြောပါတယ်။

ရှမ်းမြောက်ဒေသမှာ အပစ်ရပ်လိုက်ချိန် စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေး ပြန်စလာပြီး ညှဉ်းပန်းနှိပ်စက်မှု၊ ဖမ်းဆီးသတ်ဖြတ်မှု၊ အိုးအိမ်အဆောက်အအုံ ဖျက်ဆီးမှုတွေကြောင့် အရပ်သားပြည်သူတွေ ဘေးလွတ်ရာကို ထပ်မံထွက်ပြေးနေရပါတယ်။

လက်ရှိမှာ စစ်ကိုင်းတိုင်းက ပြည်သူတွေဟာ နိုင်ငံတကာကပေးတဲ့ အထောက်အပံ့အနည်းငယ်ကို စားသောက်ပြီး စစ်ကောင်စီတပ် လာရောက်သတ်ဖြတ်မယ့်အချိန်ကို စောင့်နေရသလို ဖြစ်နေတယ်လို့ ရေဦးမြို့နယ် ဒေသခံ တစ်ဦးက ပြောပါတယ်။

“တောင်သူတွေကလည်း အခုချိန်မှာ ကိုယ်ရတဲ့စပါးလေး ကိုယ့်ဝမ်းစာ တစ်နှစ်ပေါက်စာကိုတောင် လှောင်မထားရဲဘူးဗျ အပိုမပြောနဲ့။ ဘာလို့ဆို မီးရှို့သွား၊ ဘာရှို့သွားနဲ့ဆိုတော့ အကုန်ဆုံးရှုံးတာလေ။ စပါးစိုက်တဲ့ တောင်သူတွေကိုယ်တိုင်က ဆန်ဝယ်စားရတဲ့အဖြစ်ပေါ့ဗျာ။ လူသားခစာနာကနေပြီးတော့ စားစရာ၊ သောက်စရာတွေ ပေးတယ်၊ ရောက်တာလည်း နည်းပါတယ်၊ အဆင့်ဆင့်နဲ့ ဆိုတော့လေ။ ကျွန်တော်တို့ ပြည်သူတွေက ကမ္ဘာကြီးကပေးတဲ့ လူသားစာနာ စားစရိတ်တွေစားပြီးတော့ စစ်တပ်က လာသတ်မယ့်အချိန်ကို စောင့်မျှော်နေရသလိုကို ဖြစ်နေတော့တာ။ အသက်ရှင်ရတာ ဘာမှအဓိပ္ပာယ်မရှိတော့ဘူးပေါ့”

ပညာရေးကဏ္ဍမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွင့်ထားပေးတဲ့ စာသင်ကျောင်းတွေရှိပေမယ့် မကြာခဏ စစ်ကြောင်းထိုးမှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးတွေ ပုံမှန်စာမသင်နိုင်ကြဘူးလို့ ဆိုပါတယ်။

ကျန်းမာရေးကိစ္စက ပိုဆိုးနေပြီး ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု မရတဲ့အပြင် သာမန်ဖျားနာကိစ္စတွေအတွက်တောင် ဆေးမကုနိုင်တာ၊ ဆေးဝါးအလွယ်တကူ ဝယ်မရတာတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

UN OCHA ကလည်း မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍဟာ အကျပ်အတည်းထဲ ကျရောက်နေပြီး သန်းနဲ့ချီတဲ့ လူတွေဟာ နေရေးအတွက် လုံခြုတဲ့အမိုးအကာမရှိသလို သောက်သုံးရေလည်း မရရှိကြဘူးလို့ ပြောထားပါတယ်။ စီးပွားရေးမကောင်းလို့ မိသားစုတွေ ငွေကြေးပိုကျပ်တည်းလာသလို စိုက်ပျိုးရေးကဏ္ဍထိခိုက်မှုနဲ့ ငွေကြေးဖောင်းပွမှု မြင့်တက်လာတာကလည်း လူတွေကို အစားအစာရရှိဖို့ ပိုခက်ခဲစေပြီး အဟာရချို့တဲ့မှုကို ပိုဆိုးလာစေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းကာလ သုံးနှစ်ပြည့်လာချိန်မှာ အခြေခံလူတန်းစားတွေရဲ့ဘ၀ဟာ အရင်ကထက် အဆပေါင်းများစွာ ပိုဆိုးလာတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

“သူတို့ အာဏာသိမ်း သုံးနှစ်ပြည့်တာပဲရှိတာ၊ အခြေခံလူတန်းစားဘ၀ကတော့ ငတ်သထက်ငတ်၊ ပြတ်သထက်ပြတ်ပြီးတော့ အတိဒုက္ခရောက်နေကြတာ လူတိုင်းပဲ။ အခြေခံလူတန်းစားတွေဘ၀ ဘယ်လောက်သနားဖို့ ကောင်းလဲဆို မိသားစုလိုက် ထွက်တောင်းစားနေရတဲ့ဘ၀တွေ ရောက်နေပြီ။ ဒါတွေလည်း သူတို့ မသိတာ မဟုတ်ဘူး။ သနားဖို့ အရမ်းကောင်းတယ်။ ကားမှတ်တိုင်တွေမှာ တောင်းနေကြတယ်။ လမ်းဆုံလမ်းခွတွေမှာ တောင်းနေကြရတယ်။ သက်ကြီးရွယ်အိုတွေကစ ထွက်တောင်းနေရတယ်။ ဘာလို့ဆို အလုပ်အကိုင် အခွင့်အလမ်းတွေလည်း မရှိဘူးလေ။ အဲဒီလိုမျိုး ဖြစ်နေတာပေါ့နော်”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားသိနိုင်ဖို့ စစ်ကောင်စီအဖွဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ဖေဖော်ဝါရီလ ၅ ရက်နေ့ကတော့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ UN OCHA ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Sajjad Mohammad Sajid နဲ့ တွေ့ဆုံပြီး အကူအညီလိုအပ်နေတဲ့ ပြည်သူတွေထံ လူသားချင်း စာနာမှုအကူအညီတွေ ပေးနိုင်ရေး၊ စစ်ကောင်စီနဲ့ ကုလသမဂ္ဂအေဂျင်စီတွေအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်နေ့မှာလည်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဟာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်နိုင်ရေကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနကတော့ အာဏာသိမ်း သုံးနှစ်အတွင်း လူသာချင်းစာနာမှုအကူအညီ ကျပ်ငွေ ၁၀ ဒသမ ၅၁ ဘီလီယံ (အမေရိကန် ဒေါ်လာ ၅ ဒသမ ၀၁ သန်းခန့်) ကူညီပံ့ပိုးပေးခဲ့တယ်လို့ ဖေဖော်ဝါရီ ၂ ရက် အွန်လိုင်းကပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေ၊ စစ်ဘေးဒုက္ခည်တွေ၊ လက်နက်ကိုင်ပဋိပက္ခတွင်း ထိခိုက်ဒဏ်ရသူတွေနဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ၊ ထိခိုက်လွယ် ပြည်သူတွေ၊ သဘာဝေးဒဏ် ကြုံရသူတွေ၊ CDM ဝန်ထမ်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ကျောက်ကြီးမြို့နယ်မှ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ကျောက်ကြီးမြို့နယ်မှ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ဒီထောက်ပံ့မှုတွေဟာ ပြည်သူကနေ ပြည်သူထံ လှူဒါန်းထောက်ပံ့တဲ့ငွေကြေးတွေဖြစ်ပြီး နိုင်ငံတကာက အကူညီအထောက်ပံ့မှုတွေ တိုးရနိုင်အောင်လည်း လုပ်ဆောင်နေတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းက ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။

“ဒီထောက်ပံ့မှုတွေဟာ တော်လှန်ရေးကို ရှေးရှုပြီး ယနေ့အထိ တစ်စိုက်မတ်မတ် ပါဝင်ပေးလှူကြတဲ့ ပြည်သူမှ ပြည်သူသို့ လှူဒါန်းတဲ့ အလှူငွေများပဲဖြစ်ပါတယ်။ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီတွေအတွက်လည်း အလှူရှင်နိုင်ငံတွေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ရော ကုလသမဂ္ဂနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှု အဖွဲ့အစည်းတွေနဲ့ရော တောက်လျှောက်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကမ်းလှမ်းဆောင်ရွက်လျှက်ရှိပါတယ်။ ယခု ၂၀၂၄ ခုနှစ်မှာတော့ နိုင်ငံတကာအကူအညီ ရရှိရေးကို ပိုပြီးတော့ အားစိုက်လုပ်ဆောင်ရမှာဖြစ်ပါတယ်”

၂၀၂၄ ခုနှစ် မြန်မာနိုင်ငံမှာ အကူအညီပေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေက ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်းတစ်ထောင်နီးပါး (၉၉၄ သန်း) တောင်းခံထားတယ်လို့ UN OCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အကူအညီလိုအပ်သူ ၁၈ သန်းအထိ တိုးလာပေမယ့် ရန်ပုံငွေ အခက်အခဲကြောင့် လုံလောက်စွာ အကူအညီမပေးနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် မြန်မာနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို နိုင်ငံတကာရဲ့ အာရုံစိုက်မှုနဲ့ ပံ့ပိုးကူညီမှုတွေ ပိုလုပ်ပေးနိုင်ဖို့ လိုအပ်တယ်လို့ UN OCHA က သတိပေးထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
တောင်ကိုရီးယားမှာ သမ္မတ စစ်အုပ်ချုပ်ရေးကြေညာပြီး လွှတ်တော်က ပယ်ဖျက်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။