မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ဖို့ မဏိပူရ်အာဏာပိုင်တွေ ဖိအားပေး

RFA Burmese
2024.11.08
မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ဖို့ မဏိပူရ်အာဏာပိုင်တွေ ဖိအားပေး အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် နယ်စပ်မှ မြန်မာစစ်ဘေးဒုက္ခသည်များအား ၂ဝ၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နေစဉ်။
N. Biren Singh/Twitter Photo

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ ခိုလှုံနေရတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တချို့ကို အခုနှစ် ဒီဇင်ဘာလ ၁၀ ရက် မတိုင်ခင် နေရပ်ပြန်ဖို့ မဏိပူရ်အာဏာပိုင်တွေက ပြောထားတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ပွဲကြောင့် စစ်ကိုင်းတိုင်း တမူးမြို့နယ်ထဲမှာရှိတဲ့ ဒေသခံတွေဟာ မဏိပူရ်ပြည်နယ်ထဲက ခရိုင်လေးခုဆီ ထွက်ပြေးခိုလှုံနေကြရတာပါ။

"အထက်ပိုင်းမှာဆို နန်းအောင်‌‌မော် တစ်ရွာလုံး‌မီးရှို့ခံနေရတယ်"

အဲဒီအထဲက အော့ခရူခရိုင်နဲ့ ကမ်းဂျွန်ခရိုင်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို အောက်တိုဘာလ ၂၃ ရက်နေ့မှာ အစည်းဝေးခေါ်ပြီး နေရပ်ပြန်ဖို့ပြောခဲ့တာလို့ စစ်ဘေးဒုက္ခသည် တစ်ဦးက RFA ကို ပြောပါတယ်။


ဆက်နွှယ်သော သတင်းများ

လေကြောင်းရန်ကြောင့် မြန်မာဒုက္ခသည်ငါးထောင်ကျော် မဏိပူရ်ပြည်နယ်ထဲ ထွက်ပြေးခိုလှုံ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို မြန်မာစစ်ဘေးဒုက္ခသည် နှစ်ရာကျော် ထပ်မံခိုလှုံလာ

အိန္ဒိယနယ်စပ်ခြံစည်းရိုးကြောင့် ဒေသခံတွေ အခက်ကြုံ


"နယ်စပ်တစ်လျှောက်ပေါ့၊ ဒီအထက်ပိုင်းကျတော့ ဖိုင်လင်း နယ်စပ်တစ်လျှောက်ကတော့ ကမ်းဂျွန်ခရိုင်ပေါ့၊ ကမ်းဂျွန်ခရိုင်၊ နောက်ပြီးတော့ အော့ခရူခရိုင်ရယ် ကျန်ဒီခရိုင်ရှိတာပေါ့။ ကျန်တဲ့ခရိုင်မှာကျတော့ အခုနေရပ်ပြန်ဖို့ မကြားရဘူး။ ကမ်းဂျွန်ခရိုင်မှာနေတဲ့ စစ်ဘေးရှောင်တွေကျတော့ ကမ်းဂျွန်ခရိုင် အုပ်ချုပ်ရေးမှူးက ပြီးခဲ့တဲ့လ ၂၃ ရက်နေ့မှာ အစည်းဝေးခေါ်တယ်။ ခေါ်ပြီးတော့ ဒီဇင်ဘာလ ၁၀ ရက်နေ့ မတိုင်ခင်ပေါ့၊ နေရပ်ပြန်သွားဖို့တော့ ဖိအားပေးထားတာပေါ့၊ အဲလိုလေးတော့ရှိတယ်။ အဲလိုရှိတဲ့အခါကျတော့ ကမ်းဂျွန်ခရိုင်မှာနေတဲ့ စစ်ဘေးရှောင်တွေကြတော့ နေရပ်ပြန်ဖို့ အခုပြင်ဆင်နေကြတယ်"

လက်ရှိ မဏိပူရ်ပြည်နယ်မှာ မြန်မာစစ်ဘေးဒုက္ခသည် ငါးထောင်လောက်ခိုလှုံနေပြီး အော့ခရူခရိုင်နဲ့ ကမ်းဂျွန်ခရိုင်မှာတော့ စစ်ဘေးဒုက္ခသည် သုံးထောင်လောက်ရှိတယ်လို့ ဆိုပါတယ်။

ကျောင်သားရှိတဲ့ မိသားစုတွေကိုတော့ ကျောင်းစာမေးပွဲပြီးမဲ့ ၂၀၂၅ ခုနှစ်၊ မတ်လလောက်အထိ နေခွင့်ပေးထားပြီး ကျန်တဲ့သူ‌အားလုံးကို နေရပ်ပြန်ဖို့ ပြောထားတာလို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

လက်ရှိ ခါမ်းပါတ်နဲ့ မြို့သစ်မြို့ကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတာကြောင့် နေရပ်ပြန်ဝင်လို့ရပေမဲ့ မီးရှို့ခံရတဲ့နေအိမ်တွေ ပြန်လည်ထူထောင်ရေး အခက်ခဲရှိတယ်လို့ စစ်ဘေးဒုက္ခသည် တစ်ဦးက RFA ကို ပြောပါတယ်။

"အထက်ပိုင်းမှာဆို နန်းအောင်‌‌မော် တစ်ရွာလုံး‌မီးရှို့ခံနေရတယ်။ အောင်ဇေယျမှာ စုသာယာရပ်ကွက် ဆိုတာလည်းရှိသေးတယ်။ အဲဒီဟာတွေက အိမ်တွေအကုန်လုံး မီးရှို့ခံနေရတာကို သူတို့လေးတွေက ပြန်ဖို့က ပြန်တော့ပြန်ကြမှာ ၁၁ လပိုင်းအတွင်းမှာ နေရပ်ပြန်ဖို့ စီစဉ်နေပြီးပြီ။ နေလို့ရမဲ့ အိမ်ပေါ့၊ အခိုင်အမာတော့ မဟုတ်ဘူး။ ဝါးတွေခုတ်ပြီးတော့ ပြန်လည်ထူထောင်ရေးတော့ လုပ်ရမှာ။ အဲဒီအတွက်တော့ နည်းနည်းအခက်အခဲရှိတယ်"

တမူးမြို့ပေါ်ကိုတော့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ စိုးမိုးထားတာကြောင့် မပြန်ရဲကြဘူးလို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံ၊ လောင်တလိုင်ခရိုင်၊ ကာကီဆွာ စစ်ဘေးဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ပလက်ဝဒေသခံများအား ၂၀၂၄ ခုနှစ် ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။ (Facebook/ Paletwa IDPs and Humanitarian Supporting Photo)
အိန္ဒိယနိုင်ငံ၊ လောင်တလိုင်ခရိုင်၊ ကာကီဆွာ စစ်ဘေးဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ပလက်ဝဒေသခံများအား ၂၀၂၄ ခုနှစ် ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။ (Facebook/ Paletwa IDPs and Humanitarian Supporting Photo)

ကဘော်ဒေသ ဗမာပြည်ဒုက္ခသည်များဆိုင်ရာကော်မတီ တာဝန်ရှိသူ တစ်ဦးကတော့ နယ်စပ်ကတိုက်ပွဲတွေနဲ့ လူမျိုးရေးကိစ္စတွေပါ ဖြစ်လာနိုင်တာကြောင့် အခုလိုပြန်ခိုင်းတာ ဖြစ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။

"နာဂနဲ့ ပတ်သက်တဲ့ ခရိုင်ဖြစ်တဲ့ခါကြတော့ သူတို့ဘက် နာဂလက်နက်ကိုင်တွေက တမူးနယ်စပ်ကိုဝင်၊ ဗမာပြည်ထဲကို ဝင်ပြီးတော့မှ စကစနဲ့ ပူးပေါင်းပြီး တိုက်ပွဲတွေမှာ သေတဲ့ဟာ၊ အဖမ်းခံတဲ့ဟာရှိတယ်။ ဒီဟာတွေလည်းရှိတယ် နောက် ကသည်းတွေလည်း အဖမ်းခံရတာတွေ၊ တိုက်ပွဲမှာကျတဲ့ဟာတွေလည်း ရှိတဲ့အခါကျတော့ လူမျိုးရေးကိစ္စပုံစံမျိုးနဲ့ ဝင်လာတဲ့အတွက် အဲဒီအရှိန်လေးတွေလည်း ပါမယ်လို့ထင်တယ်"

ဒီကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံမှာရှိတဲ့ UNHCR ရုံးနဲ့ မြန်မာသံရုံးအပြင် ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကို RFA က အီးမေးလ်ကနေတစ်ဆင့် မေးမြန်းထားပေမဲ့ အကြောင်းပြန်တာ မရှိသေးပါဘူး။

မဏိပူရ်မှာခိုလုံနေရတဲ့ စစ်ဘေးဒုက္ခသည်တွေကတော့ ‌‌နေအိမ်တွေမီးရှို့ခံထားရသလို စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ ဗုံးကြဲခံရမှာကိုပါ စိုးရိမ်နေတာကြောင့် နေရပ်မပြန်ချင်သေးဘူးလို့ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။