ဆောင်းရာသီမှာ စစ်ဘေးဒုက္ခသည်‌တွေ ဖျားနာပြီး သေဆုံးတဲ့အထိ ရှိလာ

RFA Burmese
2024.12.11
ဆောင်းရာသီမှာ စစ်ဘေးဒုက္ခသည်‌တွေ ဖျားနာပြီး သေဆုံးတဲ့အထိ ရှိလာ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဥ်။
Khine Murn Chun

မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ စစ်ဖြစ်တဲ့နေရာတွေ ပိုများလာတာနဲ့အမျှ စစ်ဘေးဒုက္ခသည်တွေလည်း များလာပါတယ်။ ဒါပေမဲ့ အကူအညီတွေ နည်းလာတဲ့အတွက် အခု ဆောင်းဦးပေါက် ရာသီမှာတင် ဖျားနာတဲ့သူတွေ များနေသလို အနွေးထည်၊ စောင်နဲ့ ဆေးဝါး မလုံလောက်တဲ့အတွက် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတဲ့သူတွေလည်း ရှိလာတယ်လို့ စစ်ဘေးဒုက္ခသည်တွေနဲ့ ကူညီနေသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ အသက်ဆုံးရှုံးတဲ့ဖြစ်ရပ်တွေ ရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ လေးဝတီမျိုးသျှစ် (ချစ်) လူငယ်ပရဟိတ အသင်းသား ကိုနိုင်နိုင်ဇော်က ပြောပါတယ်။

“အခုချိန် ဒီရခိုင်မှာက ဆေးဝါးတွေ အပါအဝင် စားသောက်ကုန်တွေရော အကုန်လုံးက ဒီရှားပါးမှုတွေ ကြုံနေရတယ်ဆိုတော့ ပိုက်ဆံရှိရင်တောင် ဆေးဝါးနဲ့ပတ်သက်ပြီးတော့ ဝယ်ချင်ရင်တောင် ဝယ်လို့မရတဲ့အခြေအနေပေါ့ဗျာ။ တချို့ဆိုရင် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတာတွေ ရှိတယ်ပေါ့။ သက်ကြီးရွယ်အိုပိုင်းတွေ ဆုံးရှုံးတာတွေရှိတယ်။ ပြီးရင် ဒီကလေးသူငယ်တွေပေါ့နော်။ အသက် လေးနှစ် ငါးနှစ်ဝန်းကျင် သေဆုံးမှုတွေ ရှိတယ်”

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေထဲမှာလည်း ဖျားနာတာတွေ များနေပြီး သေဆုံးတဲ့သူတွေ ရှိနေတယ်လို့ ကူညီနေတဲ့သူ တစ်ဦးက ပြောပါတယ်။

“ဆေးဝါးလိုအပ်ချက်၊ ဒီအနွေးထည် ဘာညာမပါတော့ ကျန်းမာရေး မကောင်း။ နေမကောင်းတော့ ဆေးဝါးလိုအပ်တာကို ကိုယ်က ဖြည့်မပေးနိုင်ဘူး။ ကျွန်တော်တို့ (နေမကောင်းတာ) တစ်ပတ်ပတ်လည်ပြီးဆိုရင် လူဦးရေ ခုနစ်ဆယ်၊ ရှစ်ဆယ်၊ တစ်ရာ၊ ပတ်ချာလည်ရှိတယ် လူဦးရေက။ တချို့ကျလည်း ဘယ်လိုပြောမတုန်း ဝမ်းလျှောတာတို့ ဝမ်းသွားတာတို့ သောက်သုံးရေ မရတာလေ အဲဒါလေးတွေရော”

ပြီးခဲ့တဲ့ နိုဝင်ဘာလက ငါန်းဇွန်မြို့နယ်မှာ ရာသီဥတုဒဏ်ကြောင့် ဖျားနာနေကြပြီး ကောင်းကောင်းမွန်မွန် ဆေးမကုရတဲ့အတွက် ကလေးငယ်တစ်ဦး အပါအဝင် သက်ကြီးရွယ်အို စစ်ဘေးဒုက္ခသည် ခြောက်ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

“စစ်ဘေးဒုက္ခသည်တွေအတွက် နေစရာ၊ ဆေးဝါး၊ အစားသောက်နဲ့ အဝတ်အစားတွေ လိုအပ်နေပါတယ်”

ကချင်ပြည်နယ် ပူတာအိုမြို့နယ်က ဆွမ်ပီယန်၊ ဝဒတ်နဲ့ အင်စီယန်ရွာတွေက ဒေသခံတွေလည်း စစ်ပွဲတွေ စဖြစ်ခဲ့တဲ့ မေလကတည်းက တောတောင်တွေထဲမှာ တိမ်းရှောင်နေရပြီး ဒီနေ့အထိ အိမ်မပြန်နိုင်သေးပါဘူး။ ဒါကြောင့် အေးလွန်းတဲ့ရာသီကြားမှာ ဖျားနာတာတွေ ရှိနေတယ်လို့ စစ်ဘေးဒုက္ခသည် တစ်ဦးက ပြောပါတယ်။

“အခုနေတဲ့နေရာ အေးလွန်းတော့ စစ်ဘေးရှောင်တွေ ချောင်းဆိုးရင်ကျပ်တွေဖြစ်ပြီး ကလေးတွေဆိုလည်း ည ၁၂ လောက်ဆို ချောင်းတအားဆိုးပြီး အိပ်လို့မရကြတော့ဘူး။ အော်ပဲ ငိုပဲ ငိုနေကြတယ်။ အဝတ်အစားတွေမရှိ၊ စောင်အထူ အနွေထည်တွေ မရှိတော့ ကောင်းကောင်း အိပ်မပျော်ကြဘူး။ အဲဒီလို ဖြစ်တယ်လို့ထင်တယ်။ ကလေးတွေ သက်ကြီးရွယ်အိုတွေ နေမကောင်းတာတွေရှိတယ်”

ဗန်းမော်မြို့နားမှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး မြို့ပေါ်ကိုရောက်လာတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် နေစရာ၊ ဆေးဝါး၊ အစားသောက်နဲ့ အဝတ်အစားတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်လည်း အခုအချိန်ထိ နေရပ်မပြန်နိုင်သေးတဲ့အတွက် ဆောင်းတွင်းမှာ အကူအညီ လိုအပ်နေတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့ဝင် ကိုကျော်စိုးက ပြောပါတယ်။

“အခုလောလောဆယ်ကတော့ မပြန်နိုင်တဲ့ မိဘပြည်သူတွေကတော့ ဖျားနာမှုတွေ ဖြစ်နေတာပေါ့နော်။ ဆေးဝါးလိုတာလေးတွေ၊ နောက်တစ်ခါ ကလေးသူငယ်တွေလည်း များတယ်။ လူလတ်ပိုင်းတွေလည်း တချို့ပါတယ်။ သက်ကြီးရွယ်အိုတွေလည်း ပါတယ်ဆိုတော့ ကျွန်တော်ကိုယ်တိုင် ကွင်းဆင်းပြီးတဲ့အခါမှာ ကူညီပံ့ပိုးနိုင်သလောက်တော့ ကူညီပံ့ပိုးပါတယ်”


ဆက်နွှယ်သော သတင်းများ

နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် သုံးသန်းခွဲနီးပါးရှိလာကြောင်း UNOCHA ပြော

ရခိုင်ပြည်နယ်မှာ လူတစ်သန်းခန့် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

စစ်တပ်အာဏာမသိမ်းခဲ့ရင် မြန်မာ့စီးပွားရေး ဘယ်လိုဖြစ်မလဲ


ကရင်နီပြည် ကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ (IEC) စာရင်းတွေအရ ကယားပြည်နယ်မှာ စစ်ဘေးသင့်ပြည်သူ သုံးသိန်းနှစ်သောင်းဝန်းကျင် ရှိပါတယ်။ အဲဒီအထဲက စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်က နေ့စဥ် အကူအညီ လိုအပ်နေတယ်လို့ IEC အတွင်းရေးမှူး (၂) ကိုဗညားက ပြောပါတယ်။

“ဒီ နိစ္စဒူဝ စားနပ်ရိက္ခာတောင် အလျင်မမီဘူးပေါ့နော်။ ကူညီပံ့ပိုးပေးရတာက လူဦးရေ ပိုများလာတယ်။ နောက် ဒီအခြားတစ်ဘက်မှာလည်း ဝင်ငွေကိစ္စတွေ အခက်အခဲဖြစ်လာတယ်။ နောက်ပြီး ကုန်စျေးနှုန်းတွေ အရမ်းကြီးလာတယ်။ ကူညီပံ့ပိုးမှုလည်း တော်တော်ကျသွားတယ်။ အဲဒီတော့ စားနပ်ရိက္ခာတောင် မှန်အောင် မလုပ်ပေးနိုင်တဲ့ကာလမှာ အခုလိုမျိုး လိုအပ်ချက်ဖြစ်တဲ့ စောင်နဲ့ အဝတ်အစားတွေ၊ အနွေးထည်တွေ၊ ကျွန်တော်တို့ ဝယ်ပေးနိုင်တဲ့အခြေအနေက တော်တော်ကို မရှိသလောက် ဖြစ်သွားတာပေါ့နော်”

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကတော့ မြေပြင်လိုအပ်ချက်ကို မြေပြင် လူမှုအဖွဲ့အစည်းတွေနဲ့ ပူပေါင်းကူညီနေပြီး ငွေကြေးစီးဆင်းမှု၊ လုံခြုံမှု၊ လျင်မြန်ဖို့အတွက်တော့ စိန်ခေါ်မှုတွေ များနေတယ်လို့ ပြောပါတယ်။

တစ်နိုင်ငံလုံးမှာ စစ်ဘေးဒုက္ခသည် လေးသန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ၂၀၂၄ ဒီဇင်ဘာ ၂ ရက်စာရင်းမှာ ဖော်ပြထားပါတယ်။

အဲဒီစာရင်းအရ စစ်ကိုင်းတိုင်းမှာ တစ်သန်း နှစ်သိန်းကျော်နဲ့ ပထမ အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ငါးသိန်းကျော်နဲ့ ဒုတိယအများဆုံးဖြစ်သလို မကွေးတိုင်းမှာ နှစ်သိန်းခွဲကျော်နဲ့ တတိယ အများဆုံးဖြစ်ပါတယ်။ ကရင်နဲ့ ကချင်ပြည်နယ်မှာ နှစ်သိန်းကျော်စီ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။