အာဏာသိမ်းပြီးနောက် ထိုင်းမှာ မြန်မာကျောင်းသား နှစ်ဆတိုးလာ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို ကျောင်းတက်ဖို့ရောက်လာတဲ့ ကျောင်းသား အရည်အတွက် အများအပြား တိုးလာတယ်လို့ ထိုင်းနိုင်ငံတွင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ပညာရေး အတွက် ဆောင်ရွက်နေသူတွေနဲ့ ထိုင်းမှာ ကျောင်းသွားထားတဲ့ ကျောင်းသားမိဘတွေကပြောပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ ထိုင်းနိုင်ငံထဲ ရောက်လာတဲ့ကျောင်းသားအရေအတွက်ဟာ နှစဆတိုးလာတယ်လို့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငပြည်နယ်မှာ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းတည်ထောင်ထားသူလည်းဖြစ် အမှုဆောင် ဒါရိုက်တာလည်းဖြစ်တဲ့ ဦးထူးချစ်က ပြောပါတယ်။

“ကျွန်တော်တို့ လက်ရှိဖွင့်နေတဲ့ ရွှေ့ပြောင်းလုပ်သား ကျောင်း နှစ်ကျောင်းရှိတယ်။ ခါတိုင်းက ကျောင်းသား ၃၀၀ ကျော်ရှိတဲ့ကျောင်းမှာ အခု ၆၀၀ ကျော်ရှိတယ်။ ခါတိုင်း ၆၀- ၇၀ ရှိတဲ့ကျောင်းလေးမှာ အခု ၁၅၀ ကျော်ရှိတယ်။ သူငယ်တန်း တစ်တန်းလောက်ကနေ တက္ကသိုလ်ကျောင်းသားအရွယ်အထိ ပြောင်းလာနေတယ်လို့ပြောလို့ရတယ်။ ကိုဗစ်မဖြစ်ခင်၊ စစ်အာဏာမသိမ်းခင်ကထက် ကျောင်းသားဦးရေက အနည်းဆုံး နှစ်ဆတိုးလာတယ်လို့ ပြောလို့ ရတယ်။ ကျွန်တော်တို့ရဲ့ ရွှေ့ပြောင်းအလုပ်သမားအရေး၊ ပညာရေးဆောင်ရွက်နေတဲ့အဖွဲ့တွေနဲ့ အရပ်ဖက်အဖွဲ့တွေ ရဲ့ လွန်ခဲ့တဲ့ ၄-၅ နှစ်ကစစ်တမ်းလေးလုပ်ဖူးတယ်။ အဲဒီတုန်းက မြန်မာကလေးတွေက ၃ သိန်းလောက်ရှိတာ ဆိုတော့ အခုဆို ၆ သိန်းကျော်လို့မှန်းတာပေါ့လေ။”

အဲဒီကလေးတွေကတော့ အကြောင်းအမျိုးမျိုးကြောင့် တိုင်းပြည်ထဲကထွက်ပြီး ထိုင်းနိုင်ငံမှာရွှေ့ပြောင်းနေထိုင် ကြသူတွေရဲ့ကလေးတွေပါ။

သားသမီးကို ကျောင်းထားရုံ ထိုင်းနိုင်ငံကိုရောက်လာကြသူတွေလည်း အများအပြားရှိပါတယ်။ အဲဒီမိဘတွေကရော သူတို့သားသမီးတွေကို ဘာကြောင့် ထိုင်းနိုင်ငံမှာ ကျောင်းလာထားကြတာပါလဲ။

သမီးဖြစ်သူကို ထိုင်းနိုင်ငံ ဟွာဟင်းမြို့မှာ ကျောင်းလာထားတဲ့ မိခင်တစ်ဦးကတော့ မြန်မာပြည်မှာ ကလေးလုံခြုံရေးအတွက်စိတ်မချရတာကြောင့် ထိုင်းမှာ ကျောင်းထားဖို့ ဆုံးဖြတ်လိုက်တာလို့ပြောပါတယ်။

“အဓိကကတော့ လုံခြုံရေးပေါ်နော်။ ကလေးတွေလုံခြုံရေးကို စိုးရိမ်စိတ်ပေါ့။ လက်ရှိတိုင်းပြည်ကလည်း ဟိုနား ဘာဖြစ်တယ်။ တော်ကြာ ဒီနားဘာဖြစ်တယ်။ အချိန်မရွေး ဘာထဖြစ်မလဲဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိနေဆဲပဲ။ လက်ရှိ ထိုင်းနိုင်ငံမှာ ကလေးတော်တော်များများ ရွှေ့ပြောင်းပြီး ကျောင်းလာထားကြတော့ အနည်းနဲ့အများ စိတ်လုံခြုံရတဲ့စိတ်ရှိတယ်။ ထိုင်းနိုင်ငံရဲ့ပညာရေးက မြန်မာပြည်နဲ့ သိပ်တော့မကွာပါဘူး။ နည်းနည်းတော့ သာတယ်ပေါ့နော်။ ကိုယ်တွေ တတ်နိုင်တဲ့ငွေနဲ့ ရွေးချယ်နိုင်တဲ့ကျောင်းတွေ အများကြီးရှိတယ်။”

000_1JC8OE.jpg
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ (Photo: AFP) (LILLIAN SUWANRUMPHA/AFP)

ဘန်ကောက်မြို့မှာ Grade 4 သားငယ်ကို ကျောင်းလာထားတဲ့ မိခင် မအိအိဖြိုးကလည်း ကလေးတွေလုံခြုံရေး တစ်ခုထဲအတွက် ထိုင်းမှာ ကျောင်းထားဖို့ဆုံးဖြတ်လိုက်တာလို့ပြောပါတယ်။

“ဘန်ကောက်မှာလာနေတဲ့သူက နှစ်မျိုးရှိတယ်။ တစ်မျိုးက တိုင်းရေးပြည်ရေးမငြိမ်သေးတာရယ်။ အဓိက ညီမတို့ဆိုရင် ကလေးလုံခြုံရေးကို ကြောက်လို့။ ဥပမာ ကလေးကျောင်းသွားပို့ရင် ကားတွေဘာတွေဗုံးခွဲတဲ့ ကားမျိုးနဲ့ ကိုယ်နဲ့ ရှေ့နောက်ဖြစ်သွားမှာ ကြောက်တာတစ်ခုထဲနဲ့ပဲ ဆုံးဖြတ်ချက်ချပြီးလာလိုက်တာ။”

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းအရ ထိုင်းနိုင်ငံထဲမှာရွှေ့ ပြောင်းနေထိုင်သူ ၃.၅ သန်းဝန်းကျင်ရှိပြီး အဲဒီထဲက ၂.၅ သန်းဟာ မြန်မာလူမျိုးတွေလို့ဆိုပါတယ်။

ဒီနှစ်တွေထဲမှာတော့ ထိုင်းနိုင်ငံထဲမှာ ပညာသင်နေတဲ့ကျောင်းသားအရည်အတွက်က များသထက် များလာပါပြီ။ ဘယ်လောက်များလာပါသလဲ။

“ဒါကလေ အရမ်းများလာတယ်လို့ပဲခေါ်ရမှာပေါ့နော်။ အိမ်ဝယ်ကြတာတွေ၊ တိုက်ခန်းတွေ တော်တော်ဝယ်ကြ တယ်။ မိဘတွေဆိုလည်း သားသမီးတွေကို မူလတန်းကနေ အထက်တန်းထိပေါ့ ကျောင်းလာထားကြတာ တော်တော်ကို များပါတယ်။ စိတ်ချလက်ချနေနိုင်တဲ့အနေအထားပေါ့။ သားမီးကျောင်းလွှတ်လိုက်ရင်လည်း စိတ်အေးလက်အေးလေးလွှတ်လို့ရအောင်ပေါ့နော်။”

ဒီလိုမြန်မာကျောင်းသားတွေ ထိုင်းမှာများလာတဲ့အတွက် မြန်မာနိုင်ငံသားပိုင် International School တွေကို ထိုင်းနိုင်ငံမှာလာဖွင့်ကြတာမျိုးတောင်ရှိလာတယ်လို့ မအိအိဖြိုးက ပြောပါတယ်။

“များလာတယ်အစ်မ။ ဒီနှစ်ရက်လောက်အတွင်းမှာ ဘာထူးခြားတာတွေ့ရလဲဆိုတော့ မြန်မာပြည်ကကျောင်း လာဖွင့်တယ်။ International School ပဲ။ ဒါပေမဲ့ သူက မြန်မာဘာသာနဲ့ မြန်မာပြည်ကကျောင်းတွေမှာ သင်တဲ့ ဘာသာ တစ်ခုပါထည့်ပြီးတော့သင်တယ်ပေါ့နော်။ အဲဒါကဘာလို့လဲဆိုတော့ ဒီဘက်မှာ ကျောင်းလာထားတဲ့ သူတွေများလာလို့ မြန်မာပြည်ကနေ ကျောင်းလိုက်ထောင်တာပေါ့နော်။”

ဒီလိုအချိန်မျိုးမှာပဲ ထိုင်းတက္ကသိုလ်တွေမှာ မြန်မာကျောင်းသားတွေကို အရင်ကထက်ပိုလက်ခံလာတယ်လို့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ထိုင်းသတင်းတစ်ပုဒ်မှာဖော်ပြထားပါတယ်။

Rangsit တက္ကသိုလ်တစ်ခုထဲမှာတင် ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်တဲ့မြန်မာကျောင်းသား တစ်ထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက တက္ကသိုလ်တွေမှာ ကျောင်းသားတွေကိုလက်ခံဖို့အကန့်အသတ်တွေရှိနေပြီး နိုင်ငံရဲ့လက်ရှိ အခြေ အနေကလည်း မျိုးဆက်သစ်တွေကို နိုင်ငံခြားတိုင်းပြည်တွေကိုတွန်းထုတ်သလို ဖြစ်နေတယ်လို့ Rangsit တက္ကသိုလ်ရဲ့ နိုင်ငံတကာဆက်ဆံရေးဌာနအရာရှိက ပြောပါတယ်။

000_Hkg8693263.jpg
TO GO WITH AFP STORY 'THAILAND-LIFESTYLE-TECHNOLOGY-EDUCATION' by Am�lie BOTTOLLIER DEPOIS and Apilaporn VECHAKIJ This picture taken on May 27, 2013 shows students using tablets during a lesson at a classroom in the Ban San Kong school of Mae Chan, a town located in Thailand's northern province of Chiang Rai. In a remote classroom in the Thai highlands, hill tribe children energetically slide their fingertips over tablet computer screens practicing everything from English to maths and music. The disadvantaged students are part of an ambitious scheme by the kingdom to distribute millions of the handheld devices in its schools in an effort to boost education standards. AFP PHOTO/Christophe ARCHAMBAULT (Photo by Christophe ARCHAMBAULT / AFP) (CHRISTOPHE ARCHAMBAULT/AFP)

မူလတန်းကစပြီး တက္ကသိုလ်အဆင့်အထိ မြန်မာကျောင်းသားတွေ ထိုင်းနိုင်ငံထဲရောက်ကုန်ကြတဲ့အတွက် ဘယ်လို သက်ရောက်မှုရှိနိုင်သလဲလို့ ဦးထူးချစ်ကို မေးမြန်းကြည့်ရာမှာ သူကတော့ အကောင်းမြင်ပါတယ်။

“ထိုင်းနိုင်ငံထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေပညာသင်ခွင့်ရတာ အနာဂတ်မြန်မာနိုင်ငံအတွက် ကျွန်တော့်အန်နဲ့တော့ အကောင်းမြင်တယ်။ ဆိုလိုချင်တာက ပညာလာသင်ရတဲ့အခွင့်အရေးကြောင့်မို့ ပြောတာပါ။ ထိုင်းနိုင်ငံရဲ့ ဓလေ့ထုံးတမ်းအစဥ်အလာ၊ Network တွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ဒါမျိုးတွေ သူတို့တွေ့ရမယ်။ လူငယ်တွေ နိုင်ငံခြားမှာ ပညာလာသင်လို့ရှိရင် တိုင်းပြည်အတွက် ဦးနှောက်ယိုစီးမှု ကတို့၊ တိုင်းပြည်မှာလိုအပ်တဲ့ ကျွန်းကျင်လုပ်သားတွေ လျော့နည်းမယ်ဆိုတာတော့ ရှိမယ်။ ဒါပေမဲ့ ကျွန်တော်တို့ တွေ့ကြုံရတဲ့အများစုကိုပြောရမယ်ဆိုရင်တော့ သူတို့ အိပ်မက်တွေ၊ ရည်ရွယ်ချက်တွေရှိတယ်။ ကျွန်တော်တို့က ပညာသင်ဆုတွေပေးရင် အင်တာဗျူးအမေးအဖြေတွေလုပ်ပေးရတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း မြင်သာ ထင်သာရှိတယ်။ ပညာတတ်သွားတဲ့တချို့လူငယ်တွေက မြန်မာပြည်ရဲ့ ဖွံ့ဖြိုးရေး၊ မြန်မာပြည် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းတွေမှာ သူတို့ဝင်ရောက်ဆောင်ရွက်မယ်လို့တော့ ကျွန်တော်တို့ ယုံကြည်တယ်။ ဒါပေမဲ့ ဒီကာလမှာတော့ လူသားရင်းမြစ်ဆုံးရှုံးမှုတွေ မြန်မာနိုင်ငံထဲမှာ ရှိနိုင်တယ်ဆိုတာတော့ ပြောလို့ရပါတယ်။”

မြန်မာကျောင်းသားတွေ ထိုင်းနိုင်ငံမှာ အများအပြားသွားရောက်ပညာသင်နေကြပြီး ငယ်ရွယ်တဲ့ကလေးတွေ အတွက် မိဘတွေကပါလိုက်ပြောင်းရွှေ့နေထိုင်နေကြရပေမဲ့ သူတို့အားလုံးဟာ ပျော်ရွှင်အဆင်ပြေနေကြတာ တော့ မဟုတ်ပါဘူး။

“မပျော်ဘူး။ မပျော်တပျော်ပေါ့။ ထိုင်းမှာတော့ ဘောလုံးကန်ရတာပျော်တယ်။ သူငယ်ချင်းအသစ်တွေရတာ ပျော်တယ်။ မြန်မာပြည်မှာကတော့ မြန်မာလိုပြော၊ မြန်မာလိုသင်၊ ပြီးတော့ နားမလည်တာလည်းမရှိဘူး။ နားမလည် တာရှိလည်း မေးလို့ရတယ်။ မြန်မာပြည်မှာ ကျောင်းပြန်တက်ချင်တယ်။”

မိဘတွေကလည်း သားသမီးလုံခြုံရေးအတွက် ကိုယ့်နိုင်ငံမဟုတ်တဲ့နေရာမှာ နေကြရပေမဲ့ အိမ်ပြန်ချင်နေကြပါ တယ်။

“ညီမနောက်နှစ်ကို ပြန်မယ်လို့စိတ်ကူးထားတယ်။ ဒီမှာက ကလေးက မြန်မာသူငယ်ချင်းကြားမှာ မကြီးပြင်း ရဘူး။ နောက်ပြီး ထိုင်း international school တွေရဲ့ပြဿနာက မြန်မာဘာသာကိုထည့်ပြီးမသင်နိုင်ဘူး။ ညီမတို့ကကျတော့ စာအုပ်စာပေလောကက လာတာဆိုတော့ မြန်မာစာပေကောင်းကောင်းဖတ်စေချင်တယ်။ အဲဒီကရတဲ့ဗဟုသုတတွေကို ကလေးဘဝတစ်လျှောက်လုံးယူသွားစေချင်တယ်။ ညီမတို့လည်း အဲဒီလိုပဲကြီးပြင်း လာတာဆိုတော့။ ပြီးတော့ ကလေးအချင်းချင်း ပျော်ပျော်ရွှင်ရွှင် ဆော့ရတာမျိုးမရှိဘူး။ တိုက်ခန်းထဲမှာပဲနေနေရတဲ့ ပြဿနာရှိတယ်။”

“ပြန်ချင်တာပေါ့။ ကိုယ့်တိုင်းပြည်မှာ ကိုယ့်သားသမီးကို လုံလုံခြုံခြုံလေး၊ စိတ်ချမ်းချမ်းသာသာလေးထားလို့ ရမယ်ဆို ပြန်ချင်တာပေါ့နော်။ သူများတိုင်းပြည်မှာ ဘယ်လောက်ပဲကောင်းတယ်ပြောပြော စိတ်လုံခြုံမှုကတော့ မတူဘူးပေါ့။ ကိုယ့်အိမ်နဲ့ သူများအိမ် ကွာသလိုပေါ့။”

အဲဒီလိုမိဘတွေနဲ့ ကလေးတွေကတော့ မြန်မာပြည်ပြန်လို့ရမယ့်နေ့ကိုပဲ နေ့စဥ်စောင့်နေကြပါတယ်လို့ ပြောကြပါတယ်။