မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံက ကွန်ဒိုတွေကို ဝယ်လိုအားမြင့်တက်နေ
2023.09.20
ထိုင်းနိုင်ငံမှာရှိတဲ့ အဆင့်မြင့်ကွန်ဒိုတိုက်ခန်းတွေကို နိုင်ငံခြားသားတွေ ဝယ်ယူတာ တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာခဲ့တဲ့အထဲ မြန်မာနိုင်ငံသားတွေလည်း ပါဝင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် မတိုင်မီအထိ ထိုင်းမှာ ကွန်ဒိုဝယ်ယူတဲ့ ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ မပါဝင်ခဲ့ပေမယ့် မနှစ်က နံပါတ် ၆ နေရာမှာ ရှိခဲ့ပြီး အခု ၂၀၂၃ ပထမ နှစ်ဝက်မှာ နံပါတ် ၈ နေရာ ရှိနေတယ်လို့ ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေ သတင်းပြန်ကြားရေးဌာနကို ကိုးကားပြီး စက်တင်ဘာ ၁၉ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။
မြန်မာနိုင်ငံက ဝယ်ယူသူတွေဟာ ပျမ်းမျှဈေး ဘတ် ခုနစ်သန်းအထိ ကွန်ဒိုတွေ ဝယ်ယူနေကြတယ်လို့ ဆိုပါတယ်။ အခု ပထမနှစ်ဝက်အထိ ကွန်ဒို ၁၈၂ ခန်း မြန်မာတွေဝယ်ယူထားပြီး ကာလတန်ဖိုး ဘတ်ငွေ ၁၂၇၄ သန်းအထိ ရှိတယ်လို့ စာရင်းမှာဖော်ပြပါတယ်။ ဒီစာရင်းအရဆိုရင် မြန်မာတွေ ကွန်ဒိုဝယ်ယူမှု တစ်ရက်ကို တစ်ခန်းနှုန်းလောက် ဖြစ်နေတာပါ။
ဘန်ကောက်မြို့မှာ နေထိုင်တဲ့ ကိုသူရဦးက လွန်ခဲ့တဲ့ ခြောက်လအတွင်း မြန်မာနိုင်ငံသား အမြောက်အမြား ထိုင်းမှာ ကွန်ဒိုဝယ်ယူတာ နေ့စဉ်လိုလို ကြားနေကြတယ်လို့ ပြောပါတယ်။
“စစ်ကောင်စီက အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်းမှာ ထိုင်းနိုင်ငံမှာရှိတဲ့ ကွန်ဒိုအများအပြားကို မြန်မာနိုင်ငံသားတွေ ဝယ်ယူနေကြတာတွေ့ရတယ်။ အများအားဖြင့် စီးပွားရေးလုပ်ငန်းရှင်တွေ၊ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်သူ အများအပြားက ဒီကွန်ဒိုတွေကို ရင်းနှီးမြှုပ်နှံမှုအနေနဲ့ဝယ်ယူတာ ပိုတွေ့ရတယ်။ တချို့က ဒီမှာက ကွန်ဒိုတစ်ခုဝယ်မယ်ဆိုရင် ဘတ်သုံးသိန်းကနေ သန်း ၂ဝ လောက်အထိရှိတယ် ဒီမှာက ဘတ် ၁၀ သန်းတန် ကွန်ဒိုတစ်ခုဝယ်မယ်ဆိုရင် နေထိုင်ခွင့်လျှောက်လို့ရတယ်၊ ပြီးရင် နောက်တစ်နေရာ သူဌေးဗီဇာလို့ခေါ်တဲ့ elite ဗီဇာ လျှောက်လို့ရတယ်။ အဲဒီဗီဇာတွေရရင် ငါးနှစ်ကနေ ၁၀ နှစ်အထိ သက်တမ်းတိုးလို့ရတဲ့အတွက် နေထိုင်မှုကလည်း ပိုပြီး အဆင်ပြတာပေါ့၊ နိုင်ငံကမလုံခြုံတော့ ဒီမှာပဲ ကွန်ဒိုဝယ်ပြီး အေးအေးဆေးဆေးနေကြမဲ့ပုံစံ တွေ့နေရတယ်။ တချို့စစ်ကောင်စီအသိုင်းအဝိုင်းကဆိုရင် ဒီမှာ ဆေးလာကုတယ်။ Developer တစ်ယောက်နဲ့ ချိတ်ပြီး ကွန်ဒိုနေ့ချင်းဝယ်သွားတာလည်း တွေ့နေရတယ်”
အခုလို မြန်မာတွေ သူတစ်ပါးနိုင်ငံမှာ နေစရာအဆောက်အအုံတွေ ဝယ်ယူကြတာ ဘာ့ကြောင့်ပါလဲ၊ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးဖြစ်တဲ့ ကိုသော်တာ က.....
“ငွေဖြူငွေမဲ လုပ်တဲ့သူတွေ ဟိုဘက်အခြမ်းက ငွေမဲကို ဒီဘက်အခြမ်းမှာ ငွေဖြူလုပ်တယ်၊ နောက်တစ်ခုက လက်ထဲမှာ ငွေတွေရှိနေတယ် ကျွန်တော်တို့နိုင်ငံရဲ့ လတ်တလောအခြေအနေက စီးပွားရေးက လည်ပတ်မှနှုန်းက ဘယ်လိုမှ အဆင်မပြေဘူး။ ငွေကြေးကလည်း မခိုင်မာတော့ ငွေကြေးခိုင်မာမှု အဓိကရှိတဲ့ အနီးစပ်ဆုံး နိုင်ငံတစ်ခုမှာ သူတို့လာ ရင်းနှီးမြှုပ်နှံတာပေါ့နော်။ ဒေါ်လာဈေးတင်မဟုတ်ဘူး။ ဘတ်ငွေဆိုရင်လည်း အမြင့်ဆုံးငွေကြေးတန်ဖိုးက မြန်မာငွေနဲ့ဆိုရင် ၁၁ဝ ကျော်အထိ တက်သွားဖူးတာကိုး။ အဲလိုမျိုး မြန်မာငွေကြေးတန်ဖိုး မရှိတော့တဲ့ အနေအထားတစ်ခုမှာ သူတို့က ရင်းနှီးမြှုပ်နှံမှုလုပ်တယ်။ နံပါတ် ၂ က ဆေးကုလာတာဖြစ်ဖြစ် အလည်လာတာဖြစ်ဖြစ် ဒီလိုမျိုး လာနေကြရတာ ဖြစ်တဲ့အတွက် အဲဒီမှာ ဟိုတယ်ခတွေ အိမ်ငှားခတွေ ကုန်ကျစရိတ်က ဘာမှမထူးလို့ ဝယ်လိုက်ကြတာများတယ်”
ထိုင်းမှာ ကွန်ဒိုအများဆုံးဝယ်ယူသူတွေက တရုတ်နိုင်ငံသားတွေဖြစ်ပြီး ဒုတိယအများဆုံးက ရုရှားနိုင်ငံသားတွေ ဖြစ်ပါတယ်၊ အမေရိကန်နိုင်ငံသားတွေက တတိယ အများဆုံး ဝယ်ယူကြတာဖြစ်တယ်လို့ ထိုင်း အိမ်ခြံမြေ သတင်းပြန်ကြားရေးဌာန က ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ကွန်ဒိုတွေ အဝယ်များတာက အိမ်ယာခွန် မပေးဆောင်ရတာ၊ အိမ်ခြံမြေခွန် မပေးဆောင်ရတာ၊ အိမ်ယာဖြို ဖျက်ခံရတာမျိုး မရှိတာ၊ မိသားစုအစဉ်အဆက် အကန့်အသတ်မရှိ အိမ်ခြံမြေ ပိုင်ဆိုင်နိုင်တာတွေကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံမှာရော၊ ထိုင်းနိုင်ငံမှာပါ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်နေတဲ့ iMyanmarHouse.com ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။
ထိုင်း အိမ်ခြံမြေသတင်းပြန်ကြားရေးဌာနရဲ့စာရင်းအရ အခု ၂၀၂၃ ပထမနှစ်ဝက်အတွင်း နိုင်ငံခြားသားတွေ ဝယ်ယူတဲ့ ကွန်ဒိုခန်း ၇၃၃၈ ခန်း ရဲ့ ကာလတန်ဖိုးဟာ ထိုင်းဘတ်ငွေ သန်းပေါင်း သုံးသောင်း ငါးထောင့် နှစ်ရာ ရှိပါတယ်။ အများဆုံးဝယ်ယူကြတဲ့နေရာက ထိုင်းနိုင်ငံရဲ့ ခရီးသွားမြို့တစ်ခုဖြစ်တဲ့ ပတ္တရားတည်ရှိရာ ချွန်ဘူရီခရိုင်မှာဖြစ်ပြီး ဘန်ကောက်မြို့က ဒုတိယ ဝယ်ယူမှုအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။