ပဋိပက္ခတွေကြောင့် ခရီးသွားလုပ်ငန်း ပြန်ကောင်းလာဖို့ အလှမ်းဝေးနေဆဲ
2023.09.28
ခရီးသွားလုပ်ငန်း ပြန်ဦးမော့လာဖို့ ဘက်ပေါင်းစုံကနေ ကြိုးစားနေပြီး ၂၀၂၃ ပထမ ခုနစ်လအတွင်း ကမ္ဘာလှည့် ခရီးသည် ခြောက်သိန်းကျော် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တယ်လို့ စက်တင်ဘာ ၂၇ ရက် နေပြည်တော်မှာလုပ်တဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားမှာ စစ်ကောင်စီဥက္ကဋ္ဌက ပြောပါတယ်။
၂၀၂၂ ဧပြီ ၁၇ ရက်ကစလို့ နိုင်ငံတကာလေကြောင်းလိုင်းတွေ ပြန်စတင်ခဲ့ပြီး ကမ္ဘာလှည့် e-visa ကို မေ ၂၀ ရက်ကစပြီး ခွင့်ပြုပေးထားတယ်လို့ ဆိုပါတယ်။
"တစ်နှစ်လုံးမှာ အယောက်တစ်ထောင်ရှိမယ်ဆိုရင် အခု အာဏာသိမ်းပြီးနောက်ပိုင်း တစ်ရာတောင် မရှိတော့ဘူး"
မြန်မာနိုင်ငံရဲ့ ပွင့်လင်းရာသီ အောက်တိုဘာလမှာ ကမ္ဘာလှည့်ခရီးသည်တွေ တိုးလာဖို့အတွက် တရုတ်၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံသားတွေကို ဩဂုတ်လ ၃၀ ရက်ကစပြီး ဆိုက်ရောက်ဗီဇာပေးဖို့ စစ်ကောင်စီရဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ဆုံးဖြတ်ပြီးသားဖြစ်ပါတယ်။ ဒီလိုပေးတာကို စမ်းသပ်ကာလ တစ်နှစ်အထိ ခွင့်ပြုမယ်လို့ ဆိုပါတယ်။
တရုတ်၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံသားတွေကို ဆွဲဆောင်နေပေမယ့် အမေရိကန်ဒေါ်လာသုံးတဲ့ ခရီးသွားတွေ ဝင်လာမှသာ မြန်မာ့ခရီးသွားလုပ်ငန်းက ဦးမော့လာမှာလို့ ရန်ကုန်မြို့က နိုင်ငံခြားခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
နိုင်ငံတစ်ဝန်းက လက်နက်ကိုင် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အမေရိကန်နဲ့ ဥရောပတိုက်သားတွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့ စိုးရိမ်ကြောက်ရွံ့နေဆဲလို့ အဲဒီလုပ်ငန်းရှင်က ပြောပါတယ်။
"နဂိုကတည်းက ရုရှားကို ဆိုက်ရောက်ဗီဇာ ပေးထားပြီးသားပါ။ လူတစ်ယောက်ကို ဆိုက်ရောက်ဗီဇာအတွက် ဒေါ်လာ ၅၀ ကောက်တယ်ဆိုတာကလည်း တကယ်ကို နိုင်ငံခြားငွေ အသည်းအသန်လိုနေတဲ့ စကစအတွက် ငွေရှာနည်း တစ်မျိုးလို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ယွမ်နဲ့ ယူမလား၊ အိန္ဒိယရူပီးနဲ့ ယူမလား ယူလို့ရတယ်၊ ဒါပေမဲ့ သူတို့က အမေရိကန်ဒေါ်လာပဲ ယူချင်နေတာနော်၊ မြန်မာနိုင်ငံကို တောက်လျှောက်ကူညီခဲ့တဲ့ ဂျပန်လိုနိုင်ငံမျိုးကတောင် မြန်မာနိုင်ငံကို လာဖို့အတွက် ဗီဇာလျှောက်နေရတုန်း၊ အဲဒါကြောင့် တရုတ်နဲ့ အိန္ဒိယကရော မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှုမရှိတဲ့ အနေထားမှာ စိတ်ချလက်ချ လာရဲပါ့မလား၊ သူတို့လည်း တွေးမှာဆိုတော့ အများကြီးလာဖို့ မရှိသေးဘူး။ လာဖို့ခက်ခဲဦးမယ်လို့ ထင်ပါတယ်"
စစ်ကောင်စီဥက္ကဋ္ဌကတော့ ဒီနှစ်ထဲမှာ ခရီးသွားလုပ်ငန်း တိုးတက်လာရုံမက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာလည်း လေဆိပ်၊ ရေဆိပ်နဲ့ နယ်စပ်ဝင်ပေါက်အသီးသီးကနေ ပြည်ပခရီးသည် နှစ်သိန်းနီးပါး ဝင်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်ကထက် ၄၃ ရာခိုင်နှုန်းကျော် တိုးလာခဲ့တယ်လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနကလည်း ဆိုက်ရောက်ဗီဇာရရှိထားတဲ့ တရုတ်၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံသားတွေဟာ မြန်မာနိုင်ငံမှာ ကန့်သတ်ထားတဲ့ နယ်မြေတွေကလွဲရင် နိုင်ငံအနှံ့ စိတ်တိုင်းကျ လည်ပတ်သွားလာနိုင်မယ်လို့ ကြေညာချက်ထုတ်ပြီး ပြောထားပါတယ်။
ခရီးသွားဧည့်လမ်းညွှန်တစ်ဦးကတော့ ကမ္ဘာလှည့်ခရီးသည်တွေ ဝင်လာရင်တောင် မြန်မာပြည်တွင်း သွားလာခွင့်ရဖို့ လုံခြုံရေးအခြေအနေအရ အထက်အဆင့်ဆင့်ကို အချိန်အတော်ကြာ တင်ပြနေရတာက လက်တွေ့မှာ အဆင်မပြေဘူးလို့ RFA ကို ပြောပါတယ်။
"ဧည့်သည်မလာခင် တစ်ပတ်ကြိုပြီးတော့ ဟိုတယ်နဲ့ခရီးကို သွားရေးလာရေး အန္တရာယ်ကင်းဖို့အတွက် စာတွေတင်ပြရတာတွေရှိတယ်။ အဲဒီလို တင်ပြထားတဲ့ ခရီးသွားလာခွင့်တွေ စီစဉ်ထားတဲ့အချိန်အတွင်း ရောက်မလာရင် ဧည့်သည်တွေ သွားချင်တဲ့ ခရီးစဉ်တွေကလည်း ဖြစ်မလာတတ်ဘူး။ ဒီဘက်က ဆောင်ရွက်ရတဲ့ ခရီးသွား ကုမ္ပဏီတွေရဲ့ အခက်အခဲတွေလည်း အဆင်မပြေဘူး။ ဒါကြောင့် သွားရေးလာရေး စီစဉ်ဖို့အတွက် အချိန်တွေ လိုအပ်ပါတယ်”
အရင်က ဒီလိုတင်ပြရတာမျိုး မရှိဘဲ အာဏာသိမ်းပြီးနောက်ပိုင်းမှ ဖြစ်လာတာမို့ ဒါတွေက ခရီးသွားလုပ်ငန်း တိုးတက်ဖို့အတွက် အဟန့်အတားဖြစ်နေတယ်လို့ သူက ပြောပါတယ်။ လက်ရှိအခြေအနေအရ ဘားအံ၊ မော်လမြိုင်၊ ကျိုက်ထို၊ ကျိုက်ထီးရိုး စတဲ့ဒေသတွေဘက်ကို ကမ္ဘာလှည့်ခရီးသည်တွေ သွားရောက်လည်ပတ်ချင်တဲ့အခါ နယ်မြေမတည်ငြိမ်မှုတွေကြောင့် အခက်အခဲရှိတယ်လို့ ဆိုပါတယ်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်တွေ လာမယ့် ပွင့်လင်းရာသီကာလအတွင်းမှာ ဦးစားပေးသွားလာသင့်တဲ့ ဒေသ ၁၄ ခုကို စက်တင်ဘာ ၂၁ ရက်နေ့က ထုတ်ပြန်ထားပြီး အဲဒီထဲမှာ စစ်ကိုင်းက မင်းကွန်း ခေါင်းလောင်း၊ မွန်ပြည်နယ်က ကျိုက်ထီးရိုးစေတီနဲ့ ဖားအံမြို့တို့ကို သွားရောက် လည်ပတ်သင့်တဲ့ ဒေသတွေအဖြစ် ဖော်ပြမထားပါဘူး။
ဗြိတိန်အစိုးရကတော့ စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ တနင်္သာရီတိုင်းတွေကို ခရီးမသွားဖို့ သူ့ရဲ့နိုင်ငံသားတွေကို စက်တင်ဘာ ၁၈ နေ့က သတိပေးချက် ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းပြီးနောက်မှာ ဧည့်သည်အလာကျဲသွားရုံမက မီးပျက်ပြီး လောင်စာဆီဈေးကြီးတာတွေကြောင့် ရန်ကုန်မြို့က ဟိုတယ်အတော်များများ ပိတ်လိုက်ရတယ်လို့ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
"ကိုဗစ်ပြီးသွားရင်တော့ ငါတို့ ရောင်ခြည်လေးတော့ သန်းလာပါပြီလို့ ပြောတဲ့အချိန်ပဲ ရှိသေးတယ်၊ အာဏာထသိမ်းလိုက်တယ်။ တိုင်းပြည်မှာ ဆူပူအုံကြွမှုတွေဖြစ်တယ်။ စစ်တွေ ဖြစ်တယ်။ ပြဿနာတွေ အများကြီး တက်တယ်။ အဲဒီအချိန်မှာ ခရီးသွားတွေ အများကြီး လျော့ကျသွားတယ်။ သိသိသာသာ လျော့ကျသွားတဲ့အတွက် တချို့ ဟိုတယ်တွေမှာ နှစ်ခန်း၊ သုံးခန်းလောက်ပဲ ဧည့်သည်ရှိတယ်။ မီးက ပျက်နေတယ်၊ ဧည့်သည်တွေအတွက် မီးစက်က မောင်းပေးရတယ်။ တစ်နေ့တစ်နေ့ ဆီဖိုးကို သိန်းချီပြီး စိုက်ရတယ်။ မလုပ်ဘဲနဲ့နေရင် အကောင်းဗျ။ လုပ်နေတဲ့အချိန်မှာ အရှုံးတွေပြနေတော့ လုပ်ငန်းရှင်တွေက စဉ်းစားမှာပဲ၊ ဒါကြီးက ဘယ်တော့များ ပြီးမလဲ။ ဘယ်သူမှ မသိတဲ့အတွက် အရင်လိုအခြေအနေ ပြန်ရဖို့ ဘယ်သူမှလည်း မသိဘူး၊ ဒါကြောင့် ဟိုတယ်လုပ်ငန်းတွေကို ဆုံးဖြတ်ချက်ချပြီး ပိတ်ပစ်လိုက်တာပါ"
လက်ရှိအခြေအနေက ပြည်ပခရီးသည် မပြောနဲ့ ပြည်တွင်းက ခရီးသွားတွေကိုတောင် စိတ်တိုင်းကျ အဆင်ပြေအောင် ဝန်ဆောင်မှုပေးနိုင်ဖို့ မလွယ်ဘူးလို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့တောင်ဘက်စွန်းမှာ တည်ရှိပြီး ပင်လယ်ပြင် ဝန်းရံထားတာကြောင့် အရင်က ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်လေ့ရှိတဲ့ တနင်္သာရီတိုင်းမှာလည်း ခရီးသွားလုပ်ငန်း ၉၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်လို့ ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
"တစ်နယ်လုံးကို ပေါင်းပြောရမယ်ဆိုရင် တစ်နှစ်လုံးမှာ အယောက်တစ်ထောင် ရှိမယ်ဆိုရင် အခု အာဏာသိမ်းပြီးနောက်ပိုင်း တစ်ရာတောင် မရှိတော့ဘူး။ အများကြီး ကွာသွားတာ။ ၈၀ ရာခိုင်နှုန်း ၉၀ ရာခိုင်နှုန်းလောက် ပြတ်သွားတာ။ အဲဒီထဲ အဓိကလာတဲ့သူတွေ ကြည့်ပြန်တော့လည်း လုပ်ငန်း (စီးပွားရေး) နဲ့ ပတ်သက်ပြီး လာကြတာပဲရှိတယ်။ အရင်လို အလည်သက်သက်နဲ့ လာကြတော့တာ မဟုတ်ဘူး"
အာဏာသိမ်းပြီးနောက်မှာ ခရီးသွားလုပ်ငန်း အကြီးအကျယ်ထိခိုက်တာကြောင့် ဟိုတယ်တွေ ပိတ်လိုက်ရတဲ့ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ ဧည့်လမ်းညွှန်အများစုလည်း အလုပ်လက်မဲ့ဖြစ်ပြီး ရရာအလုပ် ပြောင်းလုပ်နေရတယ်လို့ ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုပေးနေသူတွေက ပြောပါတယ်။
ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံကို ပြည်ပခရီးသွား ဝင်ရောက်မှုဟာ ၂၀၁၇ မှာ ၃ ဒသမ ၄ သန်းကျော်၊ ၂၀၁၈ မှာ ၃ ဒသမ ၅ သန်းကျော်နဲ့ ၂၀၁၉ မှာ ၄ ဒသမ ၅ သန်းနီးပါး ဝင်ရောက်ခဲ့ပါတယ်။ ၂၀၁၉ ကိုဗစ်ကပ်ရောဂါနဲ့ ၂၀၂၁ အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ပြည်ပခရီးသွား နှစ်သိန်းကျော်သာ ဝင်ရောက်ခဲ့ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ပြောတဲ့ အခု ၂၀၂၃ ခုနှစ် ပထမ ခုနစ်လမှာတင် ပြည်ပခရီးသည် ခြောက်သိန်းကျော် လာရောက်လည်ပတ်တယ်ဆိုတဲ့ အချက်အပေါ်မှာတော့ သံသယဖြစ်စရာရှိတယ်လို့ ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းရှင်တွေက ပြောပါတယ်။