ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ CI လက်မှတ် လျှောက်ထားမှု အချိန်ပိုပေးဖို့လို
2024.07.28
ထိုင်းအစိုးရဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစပြီး မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများဆုံးရှိတဲ့ ဒေသတွေမှာ ဒီ CI ကတ် ထုတ်ပေးတဲ့ စင်တာ (ဌာန) ရှစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။
အဲဒီဌာနက တရားဝင် စာရွက်စာတမ်းမရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ထဲက ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်နိုင်၊ အလုပ်လုပ်ကိုင်ခွင့်ရဖို့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အထောက်အထားပြတဲ့၊ (Certificate of Identity) ခေါ် CI ကတ်တွေ ထုတ်ပေးခဲ့ပါတယ်။
အခုလ ၁ ရက်နေ့ကတော့ နိုင်ငံတစ်ဝှမ်းက CI စင်တာတွေကို တစ်ပတ်အတွင်း ပိတ်တော့မယ်လို့ ကြေညာခဲ့ပါတယ်။
အခုတော့ ဘန်ကောက်မြို့ အနီးက စမွတ်စာခွန်မြို့မှာရှိတဲ့ မပိတ်သေးတဲ့ နောက်ဆုံး CI စင်တာကို ရာနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ရောက်လာပြီး ကတ်ပြားလျှောက်ဖို့ တန်းစီနေကြပါတယ်။
အခြား စင်တာတွေအားလုံး ပိတ်သွားတဲ့အတွက် ဒီစမွတ်စာခွန်က စင်တာမှာ တစ်ရက်ကို လူ ၉၀၀ လောက် လာလျှောက်နေကြပါတယ်လို့ ရွှေ့ပြောင်းလုပ်သားတွေအတွက် စာရွက်စာတမ်းရအောင် ကူညီပေးနေတဲ့ အမည်မဖော်လိုသူ အလုပ်အကိုင်ပွဲစားတစ်ဦးက RFA ကို ပြောပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်သန်းလောက်အနည်းဆုံးရှိနေမယ်လို့ ခန့်မှန်းရပြီး၊ လယ်ယာစိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ စက်ရုံအလုပ်ရုံ၊ ဟိုတယ်နဲ့ အခြား ကဏ္ဍ အသီးသီးမှာ လုပ်ကိုင်နေကြပါတယ်။ ဒီမြန်မာရွှေ့ပြောင်းလုပ်သား တော်တော်များများဟာ ထိုင်းနိုင်ငံထဲ နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်လာတဲ့ သူ တွေ ဖြစ်တယ်လို့ ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းလိုက်တာနဲ့ အခုနှစ် အစောပိုင်းမှာ စစ်မှုမထမ်မနေရ ဥပဒေ စတင် ကျင့်သုံးလာတာတွေကြောင့်၊ ထိုင်းနိုင်ငံဘက်ကို မြန်မာနိုင်ငံသားတွေ နည်းလမ်း အမျိုးမျိုးနဲ့ ဝင်ရောက်မှုတွေ တဟုန်ထိုး တိုးလာခဲ့တာပါ။
ဒီလိုအချိန်မှာ အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် CI ကတ်ပြားလျှောက်ရတဲ့ စင်တာတွေကို ထိုင်းအစိုးရက ပိတ်လိုက်တာကြောင့် ထိုင်းရောက် မြန်မာတွေ အားလုံး ထိခိုက်ကုန်ကြပါတယ်။
အခုအချိန်မှာ CI ကတ် မလျှောက်ရသေးတဲ့ မြန်မာနိုင်ငံသား ခန့်မှန်းခြေ နှစ်သိန်းလောက်အထိ ကျန်နေသေးတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို အကူအညီပေးနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက ဦးထူးချစ်က ခန့်မှန်းပါတယ်။ မြန်မာရွှေ့ပြောင်းလုပ်သား တော်တော်များများက CI လျှောက်ဖို့ စရိတ်စက မရှိသေးတာကြောင့် မလျှောက်နိုင်သေးတာဖြစ်ပြီး သူတို့အတွက် အချိန်ပိုပေးသင့်တယ်လို့ သူက ပြောပါတယ်။
ထိုင်းဥပဒေအရ CI ကတ်လို အထောက်အထား စာရွက်စာတမ်းမရှိဘဲ အလုပ်လုပ်နေတာ ဖမ်းဆီးမိမယ်ဆိုရင် ထောင်ဒဏ်ကျခံရနိုင်ပါတယ်။ ဒဏ်ကြေးကြီးကြီးမားမား ပေးဆောင်ရပြီး မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခံရနိုင်ပါတယ်။
ထိုင်းအစိုးရက အခုလို CI ကတ် ထုတ်ပေးတဲ့ စင်တာတွေ ပိတ်လိုက်တာကြောင့် ရွှေ့ပြောင်းလုပ်သားတွေအတွက် အန္တရာယ်ရှိတဲ့ အခြေအနေ ဖြစ်လာတယ်လို့ ဦးထူးချစ်က ပြောပါတယ်။
ထိုင်းအစိုးရဘက်ကတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာက CI ကတ် ထုတ်ပေးတဲ့ စင်တာတွေကို စဖွင့်ခဲ့တဲ့နောက်၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေ လျှောက်ထားဖို့ လုံလောက်တဲ့ အချိန်ပေးထားပြီးသား ဖြစ်တယ်လို့ ပြောထားပါတယ်။
အခုလို CI စင်တာတွေ ပိတ်သိမ်းလိုက်တာနဲ့ ပတ်သက်လို့ ထိုင်းလုပ်သားရေးရာ ဌာနကို RFA က မေးမြန်းဖို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။
CI မလုပ်ရသေးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတော်တော်များများ အတွက်ကတော့ အခြားရွေးစရာလမ်း များများစားစား မရှိပါဘူး။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက အရာအားလုံး ဖရိုဖရဲ ဖြစ်နေတဲ့ မြန်မာနိုင်ငံ ဘက်ကို ပြန်၊ ပိတ်စ်ပို့ လျှောက်ပြီး တရားဝင် ပြန်လာဖို့ကလည်း၊ ထိုင်းဘက်က အဝင်မခံဘဲ ငြင်းခံရတာ၊ ဒါမှမဟုတ် စစ်မှုထမ်းဖို့ အတင်းအကျပ် ခေါ်ခံရတာမျိုးအထိ ကြုံရနိုင်ပါတယ်။
ထိုင်းမြန်မာနယ်စပ်မှာ နေထိုင်တဲ့ အမည်မဖော်လိုသူ မြန်မာရွှေ့ပြောင်းလုပ်သား တစ်ဦးကတော့ သူ့မှာ CI စာအုပ် မလျှောက်ရသေးတဲ့ အသိတွေ အများကြီး ရှိနေတယ်လို့ RFA ကို ပြောပါတယ်။
သူက ၂၀၂၃ ခုနှစ်ကမှ ဘန်ကောက်မြို့အနီးက စင်တာတစ်ခုမှာ လျှောက်ထားပြီး CI ကတ်ရခဲ့ပေမယ့်၊ သူ့ မိတ်ဆွေတွေကတော့ သူ့လောက်ကံမကောင်းကြဘူးလို့ ပြောပါတယ်။
သူ့အသိတွေထဲမှာ CI စာအုပ် မလျှောက်ရသေးတဲ့သူ ၁၅ ယောက်လောက် ရှိနေပါတယ်။ သူတို့ဟာ သူတို့နေတဲ့မြို့ကနေ တော်တော်လေးဝေးတဲ့ စမွတ်စာခွန်ကို ခရီးထွက်လာပြီး ကတ်လာလျှောက်ဖို့ ခရီးစရိတ် မရှိသလို၊ လမ်းမှာ အဖမ်းအဆီးခံရမှာကိုလည်း ကြောက်ကြတယ်လို့ သူက ပြောပါတယ်။
အခုတော့ သူတို့ဘာ ဆက်လုပ်ရမှန်းလည်း မသိကြပါဘူး။ သူတို့က ဒီမှာ ဘာအထောက်အထားမှာ မရှိဘဲ ရဲကတ်တွေနဲ့ နေနေကြတာပါ လို့ သူက ပြောပါတယ်။
ရဲကတ်ဆိုတာ ထိုင်းအာဏာပိုင်တွေဆီမှာ ပုံမှန် ဆက်ကြေး သဘောမျိုး လာဘ်ငွေ ပေးထားပြီးဖြစ်ကြောင်း အထောက်အထားပြတဲ့ သဘော ဖြစ်ပါတယ်။ ဒီ ကတ်ပြားတွေဟာ တရားမဝင်ပေမယ့်၊ ဒီကတ်ပြားရှိရင် အဖမ်းအဆီးမခံရဘူးလို့ ယူဆပြီး မြန်မာရွှေ့ပြောင်းလုပ်သားတွေက ဒီ ရဲကတ်တွေကို အသုံးပြုနေကြတာ ဖြစ်ပါတယ်။
ထိုင်းအစိုးရရဲ့ လုပ်ရပ်တွေဟာ မြေပြင်မှာ ရွှေ့ပြောင်းလုပ်သားတွေ ကြုံနေရတဲ့ ခက်ခဲရှုပ်ထွေးတဲ့ အခြေအနေတွေကို လျှစ်လျှူရှုနေတယ်လို့ ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံဘက်မှာ စစ်တပ်က ဖိနှိပ်သတ်ဖြတ်မှုတွေကို ကြောက်ရွံ့လို့ ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေအတွက်တော့ ထိုင်းနိုင်ငံမှာ ဘဝရပ်တည်နိုင်ဖို့ CI ကတ် လျှောက်တာဟာ အရေးကြီးတဲ့ ပထမဆုံး အဆင့်ဖြစ်တယ်လို့ ရွှေ့ပြောင်းလုပ်သား အကူအညီပေးရေး အစီအစဉ်က ညွှန်ကြားရေးမှူး ဘရာဟမ် ပရက်စ်က ပြောပါတယ်။
ဦးထူးချစ်ကလည်း အခုလို CI စင်တာတွေ ပိတ်လိုက်တာကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် စိုးရိမ်စရာကောင်းတဲ့အကြောင်း ပြောပါတယ်။
သူတို့မှာ CI ကတ်လည်းမရှိသေးဘူး။ သူတို့ ဘယ်မှာ ရောက်နေတယ်ဆိုတာ အသိခံပြီး၊ မြန်မာအာဏာပိုင်တွေဆီမှာ လျှောက်ထားဖို့လည်း မဖြစ်ဘူးဆိုရင် သူတို့ ဘာဆက်လုပ်ရမှာလဲလို့ သူက ပြောပါတယ်။