တရုတ်နိုင်ငံက မြန်မာအလုပ်သမားနှစ်ရာကျော် အလုပ်ထုတ်ပြီး ပြန်ပို့ခံရ

RFA Burmese
2024.03.25
တရုတ်နိုင်ငံက မြန်မာအလုပ်သမားနှစ်ရာကျော် အလုပ်ထုတ်ပြီး ပြန်ပို့ခံရ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရင်ကျန်းမြို့စက်မှုဇုန် (၄) က Shangcheng (ရှန်ချိန်) အထည်ချုပ်စက်ရုံကို တွေ့ရစဉ်။
New Light Federation of Labor Unions Myanmar - NLF Myanmar

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က မြန်မာအလုပ်မားနှစ်ရာကျော်ဟာ အလုပ်သမားအခွင့်အရေးအတွက် ဆန္ဒပြတောင်းဆိုတာကြောင့် အလုပ်ထုတ်ခံရပြီး မြန်မာပြည်ဘက် ပြန်ပို့ခံလိုက်ရပါတယ်။

ယူနန်ပြည်နယ်၊ ရင်ကျန်းမြို့စက်မှုဇုန် (၄) က Shangcheng (ရှန်ချိန်) နဲ့ Xinjiahao (ရှင်ဂျာဟို) အထည်ချုပ် စက်ရုံနှစ်ခုက မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော် မတ်လ ၁၇ ရက်နေ့က ဆန္ဒပြခဲ့တာပါ။

အဲဒီအထဲက နှစ်ရာကျော်ကို ဆေးကျတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မတ်လ ၁၈ ရက်နေ့မှာ အလုပ်ထုတ်ပြီး အဲဒီနေ့မှာပဲ ပြန်ပို့ခဲ့တာလို့ မြန်မာနိုင်ငံ အလင်းသစ် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (NLF_Myanmar) တွဲဖက်ဥက္ကဋ္ဌ ဒေါ်တင်တင်ဝေက RFA ကိုပြောပါတယ်။

"စုပေါင်းဆန္ဒပြပွဲမှာပါဝင်ခဲ့ကြတဲ့ အလုပ်သမားရှစ်ရာကျော် ကိုးရာနီးပါးထဲက သူတို့မကျေနပ်တဲ့သူတွေကို ဆေးစစ်ခိုင်းတယ်၊ ဆေးကျတယ်ဆိုပြီး ပြန်လွှတ်တယ်၊ ဆေးကျတယ်ဆိုတဲ့ကိစ္စနဲ့ အကြောင်းပြတာပါ။ အလုပ်သမားတွေက ဆေးအောင်လို့သာလျင် တရုတ်နိုင်ငံက ဒီစက်ရုံမှာ အလုပ်လုပ်နေရတာပေါ့နော်"

မနက် ၈ နာရီကနေ ည ၈ နာရီခွဲအထိ နေ့စဉ်အလုပ်ဆင်းပေးရတဲ့အပြင် ညပိုင်းဆင်းရင်လည်း အချိန်ပိုကြေးမရတာကြောင့် ဆန္ဒပြခဲ့တာလို့ ဆိုပါတယ်။

အလုပ်အချိန်ကို အတိအကျသတ်မှတ်ပေးပြီး အချိန်ပိုကြေးပေးဖို့၊ ရက်မှန်ကြေးအပါအဝင် အခြေခံလစာ ယွမ် ၁၅၀၀ (ကျပ်ငွေ ခုနစ်သိန်းခွဲခန့်) ပေးဖို့၊ အလုပ်သမားဦးရေနဲ့မျှတဲ့ စံချိန်ကိုတောင်းဖို့နဲ့ တနင်္ဂနွေနေ့တိုင်း အလုပ်ပိတ်ပေးဖို့ စတာတွေ အလုပ်သမားတွေက တောင်းဆိုခဲ့ကြတာပါ။

"တစ်ခါတည်း စက်ရုံကနေမောင်းထုတ်တယ်၊ တစ်ခါတည်း ရဲစခန်းကိုခေါ်သွားတာ။ တရားဝင် ကိုယ့်သဘောနဲ့ကိုယ် ပြန်တယ်ဆိုတဲ့ စာရွက်မှာ လက်မှတ်ထိုးခိုင်းခဲ့ကြတယ်"

တရုတ်စက်ရုံပိုင်ရှင်တွေဟာ ဆန္ဒပြလို့ အလုပ်ထုတ်တယ်ဆိုတဲ့ ပုံစံမျိုးမဖြစ်အောင် ရဲစခန်းမှာဖိအားပေးပြီး လက်မှတ်တွေယူထားတယ်လို့ Xinjiahao (ရှင်ဂျာဟို) စက်ရုံကနေ အထုတ်ခံလိုက်ရတဲ့ အလုပ်သမားမဂျူးက RFA ကိုပြောပါတယ်။

"သမီးတို့ပစ္စည်းတွေ တက်ယူဦးမယ်ပြောတာကို မယူခိုင်းဘူး၊ တစ်ခါတည်း စက်ရုံကနေမောင်းထုတ်တယ်၊ တစ်ခါတည်း ရဲစခန်းကိုခေါ်သွားတာ။ တရားဝင် ကိုယ့်သဘောနဲ့ကိုယ် ပြန်တယ်ဆိုတဲ့ စာရွက်မှာ လက်မှတ်ထိုးခိုင်းခဲ့ကြတယ်၊ တရုတ်ရဲ့ ထောင်ကိုသွားပြီး ထောင်ကားတွေနဲ့အတူတူပြန်လာခဲ့ကြရတာ"

ပြဿနာဖြစ်တဲ့အခါ အလုပ်အပ်ပေးတဲ့ ပွဲစားနဲ့အေးဂျင့်တွေကလည်း လုံး၀တာဝန်မယူဘူးလို့ မြန်မာနိုင်ငံ အလင်းသစ် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (NLF_Myanmar) တွဲဖက်ဥက္ကဋ္ဌ ဒေါ်တင်တင်ဝေက ပြောပါတယ်။

တရုတ်နိုင်ငံရောက် မြန်မာအလုပ်သမား ကိုစူပါကလည်း စက်ရုံဘက်က အလုပ်သမားတွေအပေါ် ဖိအားပေး ခြိမ်းခြောက်တာမျိုးတွေပါ ရှိခဲ့တယ်လို့ RFA ကိုပြောပါတယ်။

"စကားပြန်တွေနဲ့အတူပြောပါတယ်၊ ဆူဆူပူပူမလုပ်နဲ့ ရဲတွေလာဖမ်းလိမ့်မယ်လို့တော့ ခြိမ်းခြောက်တယ်။ ရဲတွေက လက်ပါချင်တယ်၊ ရိုက်နှက်ခံတာမျိုးတော့မဟုတ်ဘူး၊ ကျွန်တော်တို့ဘက်ကပြောလိုက်တယ်၊ မြန်မာလူမျိုးတွေကို လာထိလို့တော့မရဘူး။ ညှိနှိုင်းနေကြတာလို့ ပြေလည်အောင်ပြောခိုင်းရတယ်။ အဲဒီလို ပဋိပက္ခမျိုးတော့ ဖြစ်သွားသေးတယ်"

Shangcheng (ရှန်ချိန်) အထည်ချုပ်စက်ရုံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော်ရှိပြီး Xinjiahao (ရှင်ဂျာဟို) စက်ရုံမှာ မြန်မာအလုပ်သမား သုံးရာကျော်ရှိတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ ယူနန်ပြည်နယ်မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံးကို RFA က အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်းမရှိပါဘူး။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်မားနှစ်ရာကျော်ဟာ အလုပ်သမားအခွင့်အရေးအတွက် ၂၀၂၄  ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့စဉ်။ (Photo: New Light Federation of Labor Unions Myanmar - NLF Myanmar)
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်မားနှစ်ရာကျော်ဟာ အလုပ်သမားအခွင့်အရေးအတွက် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့စဉ်။ (Photo: New Light Federation of Labor Unions Myanmar - NLF Myanmar)

တရုတ်စက်ရုံပိုင်ရှင်တွေဟာ မြန်မာနိုင်ငံလစာထက် ပိုရမယ်လို့ပြောပြီး စည်းရုံးခေါ်ခဲ့ပေမယ့် လက်တွေ့မှာ တစ်ခုမှမဟုတ်ဘူးလို့ တရုတ်နိုင်ငံရောက် မြန်မာအလုပ်သမား ကိုစူပါက RFA ကို ပြောပါတယ်။

"ဒီရောက်တော့ လစာက တလွဲတွေဖြစ်နေတယ်၊ ရန်ကုန်မှာတုန်းက လစာ ကိုးသိန်း၊ ဆယ်သိန်းရမယ်၊ စရိတ်ငြိမ်း၊ ဒီရောက်တော့ တစ်ယောက်ကို ရှစ်သိန်းတောင်မရဘူး။ ဒီကြားထဲ OT တွေက တအားခေါ်တော့ မလုပ်နိုင်ကြလို့ ပြန်သွားတဲ့သူတွေရှိတယ်၊ ဆေးခန်းပေးထားတယ်၊ ဆေးသွားတောင်းတော့လည်း ဗမာဆေးကလွဲလို့ ဘာဆေးမှမရှိဘူး၊ အကိုက်အခဲပျောက်ဆေးသွားတောင်းတယ် ဆေးမရှိဘူးလို့ ပြောလွှတ်တယ်"

တရုတ်နိုင်ငံက မြန်မာအလုပ်သမားတွေဟာ မြန်မာနဲ့ တရုတ်အစိုးရကြား နားလည်မှုစာချွန်လွှာ (MOU) စနစ်နဲ့ သွားရောက်အလုပ်လုပ်သူတွေမဟုတ်တာကြောင့် အချိန်မရွေး ဖမ်းဆီးထောင်ချခံရနိုင်သလို အခုလို ပြန်ပို့ခံနေရတာလို့ တရုတ်နယ်စပ် မြန်မာအလုပ်သမားအရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။