တရုတ်နိုင်ငံထဲ မြန်မာရွှေ့ပြောင်း အလုပ်သမားထောင်ချီ နေ့စဉ်ဝင်ရောက်နေ
2023.09.22
မြန်မာနိုင်ငံသားအားလုံးကို စက်တင်ဘာလ ၄ ရက်နေ့ကစလို့ တရုတ်နိုင်ငံဘက်ကို ယာယီနယ်စပ် ဖြတ်သန်းသွားလာခွင့် (TBP) လက်မှတ်နဲ့ သွားရောက်ခွင့်ပေးလိုက် ပြီးနောက် မူဆယ်နယ်စပ်ဂိတ်တွေကနေ တရုတ်နိုင်ငံဘက်ကို နေ့စဉ်သွားရောက် နေသူတွေဟာ လူ ၁၄၀၀ ခန့်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တစ်ခါသုံးအစိမ်းကတ်လို့ လူသိများတဲ့ TBP လက်မှတ်နဲ့ တရုတ်နိုင်ငံဘက်မှာ ခြောက်ညအိပ် ခုနစ်ရက် နေထိုင်ခွင့်ရကြတာလည်းဖြစ်ပါတယ်။ အဲဒီလက်မှတ်နဲ့ နန်းတော်ဂိတ်ပေါက်ကနေ တစ်နေ့ လူဦးရေ ၃၀၀၊ ဆင်ဖြူဂိတ်ပေါက်ကနေ တစ်နေ့ လူဦးရေ ၂၀၀၊ စုစုပေါင်း တစ်နေ့ လူဦးရေ ၅၀၀ စီ တရုတ်နိုင်ငံဘက်ကို နှစ်နိုင်ငံနယ်စပ် အာဏာပိုင်တွေက ဝင်ရောက်ခွင့်ပြုနေတာလည်းဖြစ်ပါတယ်။
"ကတ်က ကျော်သွားလို့ မထွက်နိုင်ရင် တရုတ်က သူတို့ဆီမှာ Black Lists ထဲကို ပြန်သွင်းမှာ"
တရုတ်နိုင်ငံထဲကို ဝင်ရောက်ဖို့ ကြိုးစားနေသူတွေဟာ တဖြည်းဖြည်းများလာနေပြီး စက်တင်ဘာလ ၁၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ TBP လက်မှတ်နဲ့ ဝင်ရောက်ခွင့် တင်ပြထားသူ ၆၅၀၀ ဝန်းကျင်အထိ ရှိနေတယ်လို့ နယ်စပ်အလုပ်သမားအရေး ကူညီပေးနေသူ ကမ်းလက်ကူညီပရဟိတအသင်း ဥက္ကဋ္ဌ ကိုဌေးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ ပေးလိုက်တာက ၁၇ ရက်နေ့ကစပြီး ဝင်ခွင့်ရသွားပြီလေ တုံကင်ကတော့ ၂၉ ရက်နေ့အထိ ပြည့်လုပြည့်ခင်ဖြစ်သွားပြီပေါ့။ ဒီဟာကို စီမံတာကတော့ ခရိုင် အုပ်ချုပ်ရေး ကောင်စီက စီမံတာ။ ဖြစ်စေချင်တာကတော့ ထွက်လာတဲ့သူတွေလည်း ရှိတယ်။ ပြည်မကြီးကနေ ဝင်လာနေတဲ့ သူတွေလည်းရှိတယ်။ အနည်းဆုံး နှစ်ရက် တစ်ခါလောက်တော့ ပေးသင့်တယ်။ ဒါဆိုရင် ကျွန်တော်တို့ ဒီလို လူတွေ အရမ်းကြီး ပုံအောမနေဘူးပေါ့နော်။ ပြီးလို့ရင် သတ်သတ်မှတ်မှတ်ပေါ့ ဘယ်နေရာမှာပေးမယ် ဘယ်လို အစီအမံနဲ့ပေးမယ် ပြည်သူတွေကို ရှင်းပြထားမယ်ဆိုရင် နားလည်မယ်၊ စည်းကမ်းလည်း လိုက်နာတဲ့အားရှိတာပေါ့။ အခုကျတော့ သူလည်းသွားချင်တယ်၊ ငါလည်းသွားချင်တယ် လုကြရော။ နေရာလုကြတဲ့အချိန်မှာ လူအုပ်ကြီးက ဝေါဝေါနဲ့ မဖြစ်သင့်တာတွေ ဖြစ်တာပေါ့နော်”
ကိုဗစ်ကပ်ရောဂါကြောင့် မူဆယ်နယ်စပ်ဂိတ်တွေက ဝင်ထွက်သွားလာမှုတွေကို ပြီးခဲ့တဲ့ ၂၀၂၀ နှစ်ဆန်းပိုင်းကတည်းက တရုတ်ဘက်က ပိတ်ထားခဲ့တာပါ။ အခုနှစ်ဆန်းပိုင်း မှာတော့ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်က ဒေသခံကို ခြောက်ညအိပ် ခုနစ်ရက်ခရီးနေထိုင်လို့ ရတဲ့ စာအုပ်နီလို့ လူသိများတဲ့ နယ်စပ်သွားလာခွင့်လက်မှတ်နဲ့ ဝင်ထွက်ခွင့်ပြုခဲ့ပါတယ်။ အဲဒီလက်မှတ်နဲ့လည်း တရုတ်နိုင်ငံဘက်ကို နေ့စဉ်ဝင်ရောက်သူဟာ ၉၀၀ ဝန်းကျင်ရှိနေပါ တယ်။ ဒါကြောင့် အခု TBP လက်မှတ်နဲ့ နေ့စဉ်ခွင့်ပြုပေးနေတဲ့ လူ ၅၀၀ နဲ့ပေါင်းရင် တရုတ်နိုင်ငံထဲကို ဝင်ရောက်နေသူဟာ နေ့စဉ် လူ ၁၄၀၀ ခန့်ရှိနေတာလို့လည်း ကိုဌေးက ပြောပါတယ်။
အဲဒီအထဲမှာ တရုတ်ဘက်ကလူသုံးကုန် ပစ္စည်းတွေကို တစ်ပိုင်တနိုင် သွားရောက်ဝယ်ယူ သူတွေတွေရှိပေမယ့် အများဆုံးကတော့ တရုတ်နိုင်ငံထဲမှာ အလုပ်သွားရောက် လုပ်ကိုင်သူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မူဆယ်မြို့မှာ တရုတ်နိုင်ငံထဲကို ဝင်ရောက်ဖို့ စောင့်ဆိုင်းနေကြသူတွေဟာ မြန်မာနိုင်ငံ ဒေသအသီးသီးက ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ပြီး မကွေး၊ စစ်ကိုင်း၊ မန္တလေးနဲ့ ရှမ်းပြည်မြောက်ပိုင်းက ဒေသခံတွေ အများဆုံးဖြစ်တယ်လို့လည်း မူဆယ်နယ်စပ် အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
မကွေးတိုင်းဒေသခံ ဦးကျော်နိုင်ကတော့ တရုတ်နိုင်ငံဘက်မှာ သွားရောက်အလုပ်လုပ်ဖို့ မူဆယ်မြို့မှာ လာရောက်စောင့်ဆိုင်းနေတာ အချိန်ငါးလကျော်ရှိနေပြီလို့ RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ ရောက်တာတာ ဒီဘက် ရှမ်းပြည် ၁၃/ တွေဝင်လို့ ရပြီဆိုကတည်းက သူတို့ ဝင်လို့ရပြီဆိုရင် ကျွန်တော်တို့ အခြားမျဉ်းစောင်းတွေလည်း ဝင်လို့ရလောက်တယ် ဆိုပြီး ကျွန်တော် ဒီမှာရောက်နေတာတော့ ငါးလ အေးအေးလောက်ရှိသွားပြီ။ တုံကင် သွားယူတဲ့ အခါကျတော့ လူတွေက များနေတဲ့အခါကျတော့ တုံကင်က မရဘူး။ မရတဲ့အခါကျတော့ ပွဲစားတွေနဲ့ ပိုက်ဆံပေးပြီး ဝင်မယ်လို့တော့ စဉ်းစားတာပဲ။ ဟိုမှာတော့ ကျွန်တော်တို့ အရင်ခေတ်အခါ ကိုဗစ်မတိုင်ခင်တုန်းကတော့ ကျွန်တော်တို့ မြက်ခင်းမှာ လုပ်ဖူးတယ်လေ။ မြက်ခင်း လောပန်းက ကျွန်တော်တို့ကို လှမ်းခေါ်လို့မို့။ အလှမြက် စိုက်ရမှာပေါ့ ကျွန်တော်တို့”
TBP လက်မှတ်နဲ့ ဝင်ရောက်မယ့်သူတွေအနေနဲ့ နယ်စပ် လူဝင်မှုကြီးကြပ်ရေးဌာနမှာ မြန်မာကျပ်ငွေ ၂၀၀၀ ပေးရပြီး စာအုပ်အနီနဲ့ ဝင်ရောက်တဲ့သူတွေကိုတော့ မြန်မာကျပ်ငွေ ၅၀၀ သတ်မှတ်ထားတာပါ။
နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်သက်တမ်းက ခုနစ်ရက်သာရှိတာကြောင့် တရုတ်နိုင်ငံထဲ ရောက်ပြီးမှ အလုပ်မရလို့ ပြန်လာနေရသူတွေလည်း ရှိနေတယ်လို့ မူဆယ်မြို့ခံ မဘောက်ဂျာက ပြောပါတယ်။
“ဟိုဘက်ကမ်းရောက်ပြီးတော့ တစ်ပတ်ပြည့်ပြီးတော့ ဒီဘက်ကမ်းကို ပြန်ပြီးတော့ သက်တမ်းတိုးရမယ့် အချိန်မှာ တချို့တွေကျတော့ အဆင်မပြေတာ တွေ့ရတယ်ပေါ့။ အလုပ်ကတော့ရတယ် တစ်ပတ်ပြည့်ရင် သက်တမ်း ပြန်တိုးရမယ်ဆိုရင် ဒီမှာ တစ်ခါသုံး ကတ်ကကျတော့ ဒီမှာချက်ချင်း ရိုက်လို့မရဘူး။ အလှည့်ကျတုံကင်တွေယူပြီးသား ဟာတွေ ရှိနေတော့ ချက်ချင်းလာလို့ မရတဲ့အခါကျတော့ ဟိုဘက်မှာ အလုပ်ကဝင်ဖို့ အဆင်မပြေတော့ဘူး။ ဒီဘက်မှာ တုံကင်က သုံးရက်တစ်ခါ၊ ငါးရက်တစ်ခါ ပေးတဲ့အခါကျတော့ ကိုယ့်အလှည့် ပြန်ရောက်ဖို့ ပြန်စောင့်နေရတဲ့အခါ အလုပ်နဲ့ ဝင်ရမယ့်ဟာနဲ့ အဆင်မပြေတော့ အပြီးပြန်လှည့်လာကြတာ တွေ့တယ်”
ရွှေလီမြို့က မြန်မာရွှေ့ ပြောင်းလုပ်သားအရေး ကူညီပေးနေသူ ကိုကြီးမောင်ကတော့ TBP လက်မှတ်နဲ့ တရုတ်နိုင်ငံအတွင်း အလုပ်လုပ်ဖို့ ခွင့်ပြုထားတာ မရှိတဲ့အတွက် အလုပ် အကိုင်အချိတ်အဆက် ခိုင်ခိုင်မာမာမရှိဘဲ ဝင်လာတာ မလုပ်သင့်ဘူးလို့ ပြောပါတယ်။
“တကယ်လာမယ့်လူတွေက တကယ် ဒီဘက်က ကွန်တက်ရတဲ့ အလုပ်ရှိမှ လာမယ်ဆိုရင် ပိုပြီးမှ အဆင်ပြေမယ်။ ကွန်တက်မရှိ ဘာမှမရှိဘဲ ဒီအတိုင်း တက်လာပြီးမှ အလုပ် ရှာမယ် ဆိုရင်တော့ လုံး၀အခက်အခဲတွေ အများကြီးဖြစ်နိုင်တယ်။ ပြီးရင် ဒီတစ်ပတ် ကတ်က ကျော်သွားလို့ မထွက်နိုင်ရင် တရုတ်က သူတို့ဆီမှာ Black Lists ထဲကို ပြန်သွင်းမှာ။ အဲအချိန်ကျရင် ကိုယ်ထွက်ချင်လို့လည်း ထွက်လို့မရတော့ဘူး။ အဲခါကျတော့ သူတို့က အလှည့်ကျ ပြည်တော်ပြန်ပုံစံမျိုး ပြန်လွှတ်မယ်။ အဲလို ပြန်ထွက်သွားတဲ့သူတွေ ဒီဘက်ကို ပြန်ပြီးဝင်မယ်ဆိုရင်တောင်မှ Black lists ထဲဝင်သွားရင် နှစ်နှစ် ပိတ်ခံရတာမျိုးဖြစ်သွားမှာ။အဲတော့ ကိုယ့်လူတွေ အရမ်းနစ်နာတာပေါ့နော်။ အလုပ်လည်းမရဘူး Black lists လည်း သွင်းခံရမယ်”
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ တရုတ်နိုင်ငံထဲကို နေ့စဉ် လူထောင်ချီ ဝင်ရောက်နေတာတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံကို RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးကတော့ လက်ရှိ နယ်စပ်လူဝင်လူထွက် ကိစ္စတွေဟာ လူဝင်မှုကြီးကြပ်ရေးဌာနက ကိုင်တွယ်ဆောင်ရွက်နေတာဖြစ်တဲ့အတွက် အသေစိတ် အချက်အလက်ကိုတော့ ပြောလို့မရဘူးလို့ ပြောပါတယ်။
အခုရက်ပိုင်း မြန်မာနိုင်ငံသားတွေ အလုံးအရင်းနဲ့ ဝင်ရောက်မှုကြောင့် တရုတ်လုပ်ငန်းရှင် တွေဘက်က လုပ်ခငွေပေးတာမှာလည်း လျော့နည်းလာတယ်လို့ ရွှေလီမြို့ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား အချို့က ပြောပါတယ်။ ယခင်က တစ်လ လုပ်ခလစာ တရုတ်ယွမ် ၄၀၀၀ လောက်ရှိနေရာကနေ အခုတော့ တစ်လ ယွမ် ၁၈၀၀ ကနေ ၂၀၀၀ ဝန်းကျင်အထိ လျော့ပေးလာတာမျိုးတွေကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာ မြန်မာနိုင်ငံသားတွေ ဝင်ရောက်မှု ပိုများလာရင် လုပ်ခဈေးတွေ ထပ်ကျတာ၊ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရတာ၊ လစာမပေးချင်တဲ့ လုပ်ငန်းရှင်တွေဘက်က တစ်ခါသုံး ကတ် ကိုင်ထားလို့ တရုတ်ရဲကို သတင်းပေးပြီး ဖမ်းခိုင်းတာ စတဲ့ ပြဿနာတွေကိုလည်း မြန်မာလုပ်သားတွေ ကြုံရနိုင်တယ်လို့ မူဆယ်နယ်စပ် မြန်မာရွှေ့ပြောင်းအရေး ကူညီပေးနေသူတွေက ထောက်ပြနေကြပါတယ်။