အဖမ်းအဆီးတွေရှိပေမယ့် မြန်မာတွေ ထိုင်းကို တရားမဝင် လာနေဆဲ

2021.12.27
အဖမ်းအဆီးတွေရှိပေမယ့် မြန်မာတွေ ထိုင်းကို တရားမဝင် လာနေဆဲ ထိုင်းနိုင်ငံအတွင်း ခိုးဝင်လာသော မြန်မာနိုင်ငံသားများကို ၂၀၂၁ ဒီဇင်ဘာလလယ်ပိုင်းက ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးနေစဉ်
Photo: CJ

ထိုင်းနိုင်ငံထဲကို တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး လာရတဲ့ကိစ္စက ငွေကြေးသက်သက်ရင်းနှီးရတာ မဟုတ် ပါဘူး။ အသက်နဲ့ ဘဝနဲ့ပါရင်းပြီး လာရတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံသားတွေကတော့ နေ့စဉ် လိုလို ထိုင်းနိုင်ငံထဲကို နည်းမျိုးစုံနဲ့ ဝင်ရောက်ဖို့ ကြိုးပမ်းနေကြပါတယ်။ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ တရား မဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၁၂၉ ဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ကန်ချနဘူရီခရိုင်နဲ့ ဆိုင်ယုပ်မြို့နယ်အတွင်း တစ်ရက်တည်းမှာပဲ သုံးနေရာမှာ အမျိုးသား ၇၁ ဦးနဲ့ အမျိုးသား ၅၈ ဦးတို့ကို ဖမ်းဆီးခဲ့တယ်လို့ ဒီဇင်ဘာလ ၂၇ ရက်နေ့ထုတ် ဘန်ကောက်ပိုစ့်သတင်းမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် တစ်နှစ်အတွင်း တရားမဝင် ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမား ၄ သောင်းကျော်ကို ဖမ်းဆီး ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၂၂ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

"မိသားစု စားဝတ်နေရေးအတွက် အခက်အခဲတွေ ဒါတွေအကုန်လုံး ဖြတ်သန်းခဲ့ကြရတာ"

ထိုင်းရဲတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးမှုကိုခံရပြီး နေရပ်ရင်းကို ပြန်ပို့ခံကြရလို့ နစ်နာဆုံးရှုံးမှုတွေများတယ်လို့ ထိုင်း နိုင်ငံ တောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (FED) က အလုပ်သမားရေး တာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။

“အဆိုးဆုံးဆိုလို့ရှိရင် အသက်အန္တရာယ်နဲ့ ပတ်သက်တဲ့ဟာပေါ့။ နယ်စပ်ကနေ ဝင်လာတုန်း သုံးကြိမ်လား မသိဘူး။ ထွက်ပြေးတုန်း ကားမှောက်ပြီးတော့ သေကြတယ်။ နောက်ကန်ဖာဖတ်ဘက်က ကားမှောက်လို့ သုံးလေးယောက် သေတာ။ အဲဒါတွေကို ကြည့်မယ်ဆိုရင် အခက်အခဲ နံပါတ်တစ်ကတော့ အသက်အန္တ ရာယ်၊ နံပါတ်နှစ်ကတော့ အသုံးချခံရတာ။ ရောင်းစားခံရတာ။ အဲဒါတွေပေါ့။ နောက်ပြီးတော့ မိသားစု စားဝတ်နေရေးအတွက် အခက်အခဲတွေ ဒါတွေအကုန်လုံး ဖြတ်သန်းခဲ့ကြရတာ။ သူတို့ရည်မှန်းချက် အတိုင်း မကိုက်ဘဲနဲ့ ပြန်သွားရတာပေါ့”

တရားမဝင် ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ကားမတော်တဆဖြစ်လို့ သေဆုံးတာတွေ ရှိပေမယ့် တရားဥပဒေအရ နစ်နာဆုံးရှုံးမှုတွေ မရကြဘူးလို့ ထိုင်းနိုင်ငံမြောက်ပိုင်း မြန်မာပြည်သားအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“ထိုင်းနိုင်ငံရဲ့ မြေကိုနင်းသော်လည်း လာကြိုတဲ့ကားတွေရဲ့ ကြံ့ခိုင်မှုမရှိတဲ့အခါကျတော့ မော်တော်ယာဉ် တွေ တိမ်းမှောက်ပြီး အသက်ဆုံးရှုံးရတာတွေရှိတယ်။ ထိခိုက်အနာတရ အကြီးအမားရှိတယ်။ အဲခါကျ တော့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အသက်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အများကြီး ရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံမှာ အလုပ်အကိုင်ရသေးတာ မဟုတ်တဲ့အခါကျတော့ ထိုင်း နိုင်ငံ ဥပေဒမှာ ဖော်ပြထားတဲ့ ဥပဒေခံစားမှုတွေအတိုင်း မရကြဘူး”

ဒီဇင်ဘာလ ၈ ရက်နေ့က မြန်မာအလုပ်သမား ၁၈ ဦးကို တင်ဆောင်လာတဲ့ ကား ထိုင်းနိုင်ငံ အယုဒယခရိုင်မှာ ကားမှောက်ပြီး မြန်မာအလုပ်သမား သုံးဦးသေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာလထဲမှာပဲ ထိုင်းနိုင်ငံ ကန်ဖယ်ဖေချ် ခရိုင်မှာလည်း မြန်မာအလုပ်သမား ၂၃ ဦး တင်ဆောင်လာတဲ့ ကားမှောက်ပြီး သုံးဦး သေဆုံးခဲ့ပါသေးတယ်။

နိုဝင်ဘာလအတွင်း ဝင်လာတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေအတွက်တော့ တရားဝင် အလုပ်လုပ်ဖို့ မှတ်ပုံတင်ခွင့်ရခဲ့ကြပါတယ်။ အများစုကတော့ ပွဲစားနဲ့ အလုပ်ရှင်တွေ နဲ့ ချိတ်ဆက်ပြီး လာရောက်ကြတာ ဖြစ်လို့ ထိုင်းနိုင်ငံထဲ ရောက်တဲ့အခါ အလုပ်အကိုင်တွေ အဆင်ပြေသူတွေ ရှိသလို၊ တချို့မှာလည်း ပွဲစားတွေရဲ့ လိမ်လည်ခံရမှုကြောင့် ကျရာအလုပ်တွေ လုပ်ရသူတွေလည်း ရှိပါတယ်။

ထိုင်းနိုင်ငံထဲကို တရားမဝင်ရောက်လာသူတွေထဲမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရမယ့်အရေးက တိမ်းရှောင်လာ သူတွေလည်း ပါပါတယ်။ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထားဝယ်မြို့က ရောက်လာသူတစ်ဦးက သူ့ အတွေ့အကြုံကို ရှင်းပြပါတယ်။

“ပွဲစားခကတော့ ကျနော်တို့ ထားဝယ်ကနေပြီးတော့ ဒီအထိ ၁ သောင်း ၈ ထောင်ပေးရတယ်။ ရွာမှာက တစ်ယောက်မရရင် တစ်ယောက်ဖမ်း လုပ်လာကြတော့ ကျနော်တို့လည်း ရှောင်လာရတယ်။ ကျနော် လည်း အိမ်မှာနေလို့ မရတော့ဘူး။ အစတော့ ကျနော် သူများအိမ်မှာ နှစ်ရက် သုံးရက်လိုက်နေ၊ ဒီအိမ် မှာလိုက်နေတာ အဆင်မပြေတော့တာနဲ့ ဒီဘက်ကို ရောက်လာတယ်ခင်ဗျာ”

ထိုင်း၊ မြန်မာနယ်စပ်ကနေ ဝင်လာချိန်မှာ လူပွဲစားကို ဘတ်ငွေ ၁၈၀၀၀ ပေးရသလို၊ လမ်းခရီးမှာလည်း ထိုင်းရဲက ဖမ်းဆီးခဲ့လို့ ဘတ်ငွေ ၁၀၀၀၀ ပေးပြီး ပြန်လွတ်လာခဲ့ရတယ်လို့ သူက ပြောပါတယ်။

ထိုင်းမြန်မာနယ်စပ် တာခ်၊ ကန်ချနဘူရီ၊ ပရာကျွတ်ခရီခန်၊ ချင်းရိုင်၊ မယ်ဟောင်ဆောင် စတဲ့ ဒေသတွေကနေ မြန်မာနိုင်ငံသားတွေ အများဆုံး ဝင်လာနေကြတာပါ။

myanmar-workers-thai.jpg
(ထိုင်းနယ်စပ်မှာ မြန်မာတွေကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ၂၀၂၁ နိုဝင်ဘာ ၇ ရက်နေ့က ဖမ်းမိခဲ့စဉ်) Photo: CJ

၂၀၂၀ ခုနှစ် မတ်လမှာ ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်လာတာကြောင့် ထိုင်း၊ မြန်မာနယ်စပ် ဂိတ်တွေကို ထိုင်းဘက်က ပိတ်လိုက်ပါတယ်။ ကိုဗစ်အရေးပေါ်ကာလမှာ ထိုင်းနိုင်ငံက အလုပ်ရုံတွေ ပိတ်လိုက်တာ ကြောင့် မြန်မာရွှေ့ပြောင်း လုပ်သားတွေ အလုပ်အကိုင် မရှိတော့လို့ နေရပ်ပြန်သွားခဲ့ကြသူ တစ်သိန်းကျော် ရှိခဲ့ပါတယ်။

သြဂုတ်လထဲမှာတော့ ထိုင်းအစိုးရက သူ့နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အလုပ်သမား လိုအပ်ချက်တွေ ကြောင့် မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအို အိမ်နီးချင်း သုံးနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား ၄ သိန်း ကျော်ကို နှစ်နိုင်ငံသဘောတူညီမှု စာချွန်လွာ (MOU) စနစ်နဲ့ ပြန်လက်ခံဖို့ ကြေညာခဲ့ပါတယ်။ ၂ နှစ် သက်တမ်းရှိ အလုပ်လုပ်ခွင့် ဘတ် (လက်မှတ်) တွေကိုလည်း ထိုင်းအစိုးရက လုပ်ပေးနေတာကြောင့် ထိုင်းနိုင်ငံထဲကို ဝင်ဖို့ကြိုးစားသူတွေပိုများလာတာပါ။

၂၀၂၁ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ရွှေ့ပြောင်းအလုပ်သမား ၃ သောင်းကျော် ထိုင်းနိုင်ငံ အတွင်း ဖမ်းဆီးခံရတဲ့အထဲမှာ မြန်မာနိုင်ငံသားက အများဆုံးဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ပါတယ်။ အခုလို ထိုင်းနိုင်ငံအတွင်း တရားမဝင် မြန်မာအလုပ်သမားတွေ အများအပြား ဖမ်းဆီးခံရမှုတွေရှိ နေပေမယ့် နိုင်ငံရေး မတည်ငြိမ်မှုနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲကို ထပ်ပြီး ဝင်လာနေကြလိမ့်ဦးမယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေး ကူညီနေသူတွေက ခန့်မှန်းထားကြ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။