စစ်တပ်က အာဏာသိမ်းလိုက်တာကို လက်မခံဘဲ တူမီးသေနတ်တွေကို အသုံးပြုပြီး ပြင်းပြင်းထန်ထန် ခုခံ ကာကွယ်နေကြတဲ့ စစ်ကိုင်းတိုင်းမှာ အမျိုးသားတွေတင်မကဘဲ အမျိုးသမီးတွေကပါ အဖွဲ့အစည်း တစ်ခု ထူထောင်ပြီး စစ်အာဏာရှင်ကို ခုခံတော်လှန်မှု စတင်နေပြီဖြစ်ပါတယ်။
ဒီအမျိုးသမီးအဖွဲ့ကို မြောင်အမျိုးသမီး ပြောက်ကျားစစ်သည်တော်များအဖွဲ့လို့ အမည်ပေးထားပြီး စစ်အာဏာရှင်ကို ခုခံတော်လှန်ဖို့အတွက် ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံမှာ ပထမဆုံးသော အမျိုးသမီး အဖွဲ့လည်း ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ မြောင်မြို့နယ်ကို အခြေပြုဖွဲ့စည်းထားတဲ့အဖွဲ့လည်းဖြစ်ပါတယ်။
အဖွဲ့ဖွဲ့စည်းလိုက်ပြီး စစ်ရေးလေ့ကျင့်မှုတွေ တစ်လကျော် လုပ်ဆောင်ခဲ့ပြီးတဲ့အချိန် အောက်တိုဘာလ ၂၆ ရက်နေမှာ စစ်အာဏာရှင်ကိုတော်လှန်မယ့် မြောင်အမျိုးသမီး ပြောက်ကျားစစ်သည်တော်များအဖွဲ့ ကို ဖွဲ့စည်းပြီးဖြစ်တယ်လို့ လူထုကိုချပြခဲ့တဲ့အခါ ပြည်သူတွေက တခဲနက်ကြိုဆိုကြတာကို တွေ့ရပါတယ်။
ဖက်ဆစ်စစ်တပ်အမြစ်ပြတ်ဖို့နဲ့ အမျိုးသား၊ အမျိုးသမီး တန်းတူအခွင့်အရေးအတွက် ဒီအမျိုးသမီးအဖွဲ့ကို ဖွဲ့စည်းခဲ့တာလို့ မြောင်အမျိုးသမီး ပြောက်ကျားစစ်သည်တော်များအဖွဲ့က အဖွဲ့ဝင် အမရာ က ပြောပါတယ်။
"အောက်တိုဘာ ၂၆ ရက်နေ့မှာ လူသိထင်ရှားချပြခဲ့တယ်။ ကျွန်မတို့ရဲ့လက်တစ်စုံက ပုခက်လွဲတဲ့ လက်တစ်စုံ ဆိုပြီးတော့မှ ယူဆထားကြတယ်။ ကျွန်မတို့လက်သည် လက်နက်ကိုင်လမ်းစဉ်ကိုလည်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်တယ်ဆိုတဲ့ အနေအထားမျိုးကိုလည်း ပြည်သူလူထုကိုချပြချင်တယ်။ နောက်တစ်ခုက ကျွန်မတို့နိုင်ငံရဲ့ အနေအထားအရဆိုရင် ကျား၊ မ ခွဲခြားဆက်ဆံခံရတဲ့အပိုင်းတွေလည်း ရင်ဆိုင်နေရတယ်။ ဒီအတွက်ကြောင့် အမျိုသမီးတွေအနေနဲ့ လူမှုပုံစံအရ ဘောင်ခတ်ခံနေရတဲ့ အမျိုး သမီးတွေရဲ့ အခန်းကဏ္ဍကို နိမ့်ကျစေခဲ့တဲ့အရာတွေကို ရိုက်ချိုးတဲ့အနေနဲ့ ရှေ့မှောက်ကို ထွက်လာခဲ့ရ ခြင်းဖြစ်တယ်"
အခုအချိန်မှာတော့ အမျိုးသမီးအဖွဲ့ဝင်တွေအနေနဲ့ မိုင်းခွဲစစ်ဆင်ရေးတွေနဲ့ စစ်တပ်သတင်းပေးရှင်းလင်း ရေးတွေမှာ ပါဝင်လုပ်ဆောင်နေပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီအဖွဲ့မှာ တက္ကသိုလ်ကျောင်းသူတွေ၊ CDM ကျောင်းဆရာမတွေနဲ့ စိုက်ပျိုးရေးလုပ်ကိုင်ကြတဲ့ ဒေသခံ အမျိုးသမီးတွေလည်း ပါဝင်ကြပြီးတော့ အသက် ၁၆ နှစ်ကနေ ၄၅ နှစ်အတွင်း အမျိုးသမီးတွေဖြစ်ကြတယ်လို့ သိရပါတယ်။
အသက် (၁၆) နှစ်အရွယ် အထက်တန်းကျောင်းသူတစ်ယောက်ဖြစ်ပြီး လက်ရှိအဖွဲ့အစည်းမှာ တပ်ခွဲမှူးအဖြစ် တာဝန်ယူဆောင်ရွက်နေရတဲ့ မဟီရာ ( Hera ) ကတော့ စစ်အာဏာရှင်တော်လှန်ဖို့ ဒီအဖွဲ့စည်းမှာ ပါဝင်နိုင် ဖို့ကို မိသားရဲ့ ခွင့်ပြုချက်ရဖို့ ကြိုးစားရခဲ့တယ်လို့ ပြောပါတယ်။
"ဆန္ဒတွေပြကြတယ်။ အဲဒါကို စစ်သားတွေက မတရားညှဥ်းပန်းနှိပ်စက်တယ်။ ရှေ့မှာတင် ပြည်သူတွေကို နှိပ်စက်တာတို့၊ တိုက်ခိုက်တာတွေတို့ မြင်ဘူးတယ်။တွေ့ဘူးတယ်။ စစ်သားတွေဆင်းလာပြီဆိုတာနဲ့ ရွာ ထဲကပြည်သူတွေ ရှောင်တိမ်းရတယ်။ အမေကြီးတွေတို့၊ နေမကောင်းတဲ့သူတွေတို့၊ ဆေးပုလင်းချိတ်ထားရတဲ့ အမေကြီးတွေပါလာရင် မျက်ရည်ကျရတယ်။ အဲဒီလိုတွေတွေ့ခဲ့ရင် သူတို့ကိုပိုပြီးတော့ တိုက်ခိုက်ချင်တဲ့ စိတ်တွေပေါ်တယ်။ ကိုယ့်အသက်ကိုပေးပြီးတော့မှ ဒီထဲဝင်လာတာဆိုတော့ ဖြစ်ခဲ့ရင်လည်း ကြောက်စိတ် တော့မဝင်ပါဘူး၊ ကိုယ်တွေလိုချင်တာက ဒီမိုကရေစီ"
လက်ရှိမှာ စစ်ရေးနဲ့ ပတ်သက်တဲ့ မွမ်းမံသင်တန်းတွေလုပ်နေပြီး လတ်တလောမှာတော့ မြောင်မြို့နယ် အတွင်းက ဒေသခံအမျိုးသမီးတွေနဲ့သာ ဖွဲ့စည်းထားရသေးတယ်လို့ ဆိုပါတယ်။
"ကြောက်စိတ်တော့ မဝင်ပါဘူး၊ ကိုယ်တွေလိုချင်တာက ဒီမိုကရေစီ"
အမျိုးသမီးအဖွဲ့ရဲ့ တပ်စုမှူးအဖြစ် တာဝန်ယူထားတဲ့ အေသီနာ ကတော့ သူရဲ့အစ်ကိုဖြစ်သူဟာ စစ်အာဏာရှင်တော်လှန်ရေးအတွက် ပါဝင်နေတဲ့အခိုက် သေဆုံးသွားခဲ့တာကြောင့် အကိုရဲ့ကိုယ်စား တာဝန်တွေဆက်လက်ထမ်းဆောင်သွားဖို့ ဒီအဖွဲ့ထဲကို ဝင်ရောက်ခဲ့တာလို့ ပြောပါတယ်။
"ကျွန်မရဲ့အကို သင်တန်းတက်နေရင်း မိုင်းထိပြီး သေဆုံးသွားတယ်။ အစကတော့ မိသားစုက စိုးရိမ် တာပေါ့၊ အကိုတစ်ယောက်လည်း ဆုံးရှုံးသွားပြီးပြီဆိုတော့ အိမ်ကပြန်ခေါ်ပါတယ်။ လွတ်လပ်တဲ့ ဒီမို ကရေစီ မရမချင်း ပြန်မလာဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ အခက်ခဲတွေတော့ရှိတာပေါ့၊ ယောက်ကျားတွေနဲ့ တန်းတူလေ့ကျင့်ရတာဆိုတော့ ခန္ဓာကိုယ်နာကျင်မှုတွေရှိတာပေါ့"
ဒီအဖွဲ့ထဲမှာ ပါဝင်တဲ့သူတွေထဲမှာ အိမ်ထောင်မရှိသူတွေပါဝင်သလို အိမ်ထောင်သည် အမျိုးသမီးတွေလည်း ၁၀ ရာခိုင်နှုန်းလောက်ပါဝင်တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးကို အမျိုးသမီးတွေဟာ နည်းလမ်းမျိုးစုံနဲ့ ပါဝင်နေကြပြီး ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်တာ၊ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေနဲ့ လွတ်မြောက်နယ်မြေတွေကို သွားရောက်ပြီး လက်နက်ကိုင်သင်တန်းတွေ တက်ကြတာ၊ ဒေသခံကာကွယ်ရေးစခန်းတွေမှာ နောက်ကွယ်ကနေ လိုအပ် တာတွေ ပံ့ပိုးလုပ်ဆောင်ပေးတာ စတာတွေကို လုပ်ဆောင်ကြပါတယ်။

လက်နက်ကိုင်လမ်းစဉ်တွေနဲ့ မြေပေါ်၊ မြေအောက်လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေ ရှေ့တန်းကပါဝင်လာတာ သမိုင်းမှတ်တမ်းတစ်ခုဖြစ်လို့ ကြိုဆိုတယ်လို့ မုံရွာမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ်ဆန္ဒပြနေတဲ့ အမျိုးသမီးအဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
“အမျိုးသမီးတွေကလည်း အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး လုပ်နိုင်တယ်ဆိုတာကို ပြည်သူလူထု ကြားထဲမှာ ချပြပေးနိုင်တဲ့ အနေအထားတွေဖြစ်လာတယ်။ ဒါတွေကြောင့်မို့ ပြည်သူတွေကြားမှာ ရှေ့လျှောက်ပြီးတော့ ယောက်ျား၊ မိန်းမ ခွဲခြားမှုတွေနဲ့ ပတ်သက်ပြီးတော့ လျော့ကျသွားနိုင်တယ်။ မြေပြင်သပိတ်မှာလုပ်ကြတယ်ဆိုရင်တော့ အမျိုးသမီးတွေလည်းပါကြတယ်လို့ သာမန်ကာ တွေးကောင်း တွေးကြလိမ့်မယ်။ ဒါပေမဲ့ ဒီလိုမျိုးလက်နက်ကိုင်လမ်းစဉ်ကို အမျိုးသမီးတွေ ရှေ့တန်းကနေ ရဲရဲဝင့်ဝင့် လုပ်တဲ့အဖွဲ့တွေ ထွက်ပေါ် လာတဲ့အခါ နွေဦးတော်လှန်ရေးမှာ သမိုင်းကောင်းတစ်ခုဖြစ်ခဲ့တယ်"
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ အမျိုးသမီးအဖွဲ့တွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ချင်းတွင်းမြစ်အနောက်ဘက်ကျေးရွာများ၊ ကလေးမြို့၊ ဒီပဲယင်းမြို့၊ တန့်ဆည်မြို့၊ ထားဝယ်မြို့၊ ဂန့်ဂေါမြို့၊ သရက်ချောင်း စတဲ့ အမျိုးသမီးစစ်ကြောင်းအဖွဲ့ ၁၁ ဖွဲ့ကလည်း စက်တင်ဘာလ ၆ ရက်နေ့ အမျိုးသမီးမဟာမိတ်အင်အားစုဆိုပြီး ဖွဲ့စည်းထားပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၆ ရက်နေ့အထိ သေဆုံးသူ အရပ်သားပြည်သူ ၁၂၄၃ ယောက်ရှိခဲ့ရာမှာ အမျိုးသမီး ၈၃ ယောက် ပါဝင်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ သိရပါတယ်။
မြန်မာအမျိုးသမီးတွေဟာ အိမ်ထဲမှာသာနေထိုင်ရပြီး ချက်ပြုတ်၊ လျှော်ဖွတ်တာနဲ့ အိမ်ထောင်ထိန်းသိမ်း ရတယ်ဆိုတဲ့ အလုပ်တွေနဲ့သာ တွဲပြီးမြင်လေ့ရှိခဲ့ကြပေမယ့် စစ်တပ်အာဏာသိမ်းလိုက်တဲ့အခါမှာ အမျိုး သမီးတွေဟာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး ဘက်ပေါင်းစုံကနေပါဝင်ကာ အာဏာရှင်စနစ်ကို တော်လှန်နေကြတာကြောင့် အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်မယ်လို့ အမျိုးသမီးတွေက ယုံကြည် တိုက်ပွဲဝင်နေကြပါတယ်။